အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၃၆ ဦးကို  မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ် နေပြည်တော်၊ စက်တင်ဘာ ၁၁

Thursday, September 11, 2025 - 17:45

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၃၆ ဦးကို  မြန်မာ-ထိုင်းအမှတ်() ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော်၊ စက်တင်ဘာ ၁၁

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ် သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိသည်။

ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှု များနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၃၃ ဦးနှင့် တောင်အာဖရိက နိုင်ငံသား သုံးဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၃၆ ဦးကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ယနေ့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ များသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးသည်။

ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ပ နိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူ များ၊ ထိုင်းနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးမှ Attache  and Assistance to  Nationals  Officer  Ms. Musetar C. Moso နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ တောင်အာဖရိကနိုင်ငံသံရုံးမှ First  Secretary Mr.Hendrik Albertus Fourie နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာ နိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက် အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စက်တင်ဘာလ ၁၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်း ၉၃၈၅ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၀၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၈၀ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့်  Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။