အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် (၂၂) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (22nd ASEAN Air Chiefs Conference-22nd AACC) သို့ တက်ရောက်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၆ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၇ ရက်၊ ညနေပိုင်းတွင် လာအိုလေတပ် ဦးစီးချုပ် Major General Khamlek Sengphachanh၊ ဘရူနိုင်းလေတပ်ဦးစီးချုပ် Brigadier General (U) Haji Haszahaidi bin Haji Ahmad Daud နှင့် အင်ဒိုနီးရှားလေတပ်ဦးစီးချုပ် Air Chief Marshal Mohamad Tonny Harjono တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ လေတပ်များအကြား ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် ဂျကာတာမြို့ရှိ The Ritz-Carlton Ballroom ၌ ကျင်းပပြုလုပ်သော (၂၂)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး(22nd ASEAN Air Chiefs Conference-22nd AACC) တက်ရောက်ကြသည်။ အာဆီယံလေတပ်ဦးစီးချုပ်များက "ASEAN Inclusivity and Sustainability of Non-Combatant Evacuation Operations" အကြောင်းအရာအား တစ်ဦးချင်းဆွေးနွေးခဲ့ကြပြီးနောက် အစည်းအဝေးသဘောတူဆုံးဖြတ်ချက်များ အတည်ပြု လက်မှတ်ရေးထိုးကြသည်။
၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ညပိုင်းတွင် အင်ဒိုနီးရှားလေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံ လေတပ်ဦးစီးချုပ် များနှင့်အတူ တက်ရောက်ခဲ့ကြသည်။
အဆိုပါ (၂၂) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (22nd ASEAN Air Chiefs Conference-22nd AACC) သို့ တက်ရောက်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၀ ရက်၊ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။