ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့်ဆောင်ပုဒ်အား အထူးအလေးအနက်ထားဆောင်ရွက်
နေပြည်တော် ဇူလိုင်- ၁၁
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက် အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
ယနေ့တွင် ၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိုးရာသီကာလသို့ရောက်ရှိ လာပြီဆိုပါကမြေဆီမြေနှစ်များနိုးကြားပြီး ထိုအချိန်တွင် တပ်မတော်အနေဖြင့် သစ်ပင် စိုက်ပျိုးပွဲများကို ကျင်းပပြုလုပ်၍ သစ်ပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးခဲ့ကြောင်း၊ ယခုပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲသည် ယခုနှစ်အတွက်တတိယအကြိမ် စိုက်ပျိုးသည့် ပွဲဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၏ အဓိကရည်ရွယ်ချက်မှာ သစ်ပင်သစ်တော များကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးလစ်ဟာသွားသည့် သစ်ပင်သစ်တောများ ပြန်လည်အစားထိုးဖြည့်သွင်းစိုက်ပျိုး ခြင်းလည်းဖြစ်ကြောင်း။
သစ်တောသစ်ပင် မျိုးနွယ်စိတ်များသည် လူနှင့် သတ္တဝါများအတွက် အသက်ရှင် သန်ရန် နေ့စဉ်စားသုံးနေရသည့် အစာကွင်းဆက်တွင် အဓိကအကျဆုံး မူလအရင်း အမြစ်လည်းဖြစ်ကြောင်း၊ ထို့ပြင်သက်ရှိသတ္တဝါများအားလုံး အသက်ရှင်နေထိုင်နိုင် ရန်အတွက် အပြန်အလှန်သက်ရောက်မှီခိုနေရသည့် သဘာဝဂေဟစနစ် ကောင်းမွန် စွာလည်ပတ်နိုင်ရေးအတွက် အဓိကမောင်းနှင်အား အရင်းအမြစ်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆုံးရှုံးလစ်ဟာသွားသည့် သစ်တောသစ်ပင်များ အမြန်ဆုံးကုစား စိုက်ပျိုး ခြင်းသည် လူသားတိုင်းကိုယ်စီပြုမူသင့်သည့် အလေ့အထကောင်းတစ်ခုဖြစ်ကြောင်း။
သစ်ပင်သစ်တောများအား အကြောင်းအမျိုးမျိုးကြောင့် ခုတ်ယူခြင်းများရှိသဖြင့် သစ်တောသစ်ပင်များ နည်းပါးလာပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများကြောင့် ရာသီ ဥတုများ စံချိန်တင်ပူပြင်းခြင်း၊ မုန်တိုင်းများ ဖြစ်ပွားမှုကြောင့် မိုးသည်းထန်စွာရွာ သွန်းခြင်းများကို ကမ္ဘာပေါ်ရှိလူသားများ ခံစားနေရကြောင်း၊ လူသားများ၏ လုပ်ဆောင်မှု များကြောင့် ရာသီဥတုများပြောင်းလဲလာခြင်းဖြစ်သဖြင့် လူသားများ ကပင်ပြန်လည် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် သစ်တောသစ်ပင်များ စိုက်ပျိုးပေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် စောင့်ရှောက်ပေးခြင်းများသည် သဘာဝဘေးအန္တရာယ်ကို အထိုက်လျောက် ထိန်းချုပ်ပေးသည့်အခြေခံအကြောင်း အရာတစ်ခုဖြစ်ကြောင်း။
သစ်ပင်စိုက်ပျိုးခြင်းအလေ့အထသည် မြန်မာလူမှုပတ်ဝန်းကျင်တွင် “တစ်သက် ပျော်ချင် သစ်ပင်စိုက်” ဆိုသည့် အဆိုအမိန့်စကားတစ်ရပ်ရှိကြောင်း၊ အဓိကအားဖြင့် သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အနေဖြင့် “ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ၊ “နိုင်ငံ တော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ် ထားကြောင်း၊ နိုင်ငံတော်သာယာရန်အတွက် လူတိုင်းလိုလားကြကြောင်း၊ မိမိတို့ အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ သစ်ပင်စိုက်ပျိုးပွဲများကိုကျင်းပပြီး သစ်ပင်များကို စိုက်ပျိုးခဲ့ကြောင်း၊ ထိုသို့ စိုက်ပျိုးခဲ့မှုများကြောင့် ယခုအခါ ရေဆင်းဆည်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေ လျက်ရှိခြင်းဖြစ်ကြောင်း၊ ယခင်က တပ်မတော်တွင်တာဝန်ထမ်း ဆောင်ခဲ့သည့် အငြိမ်းစားအရာရှိကြီးများအနေဖြင့်လည်း နေပြည်တော်သို့ရောက်ရှိချိန်တွင် ၎င်းတို့ ယခင်ကစိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်ဖြစ်ထွန်းပြီး ပတ်ဝန်းကျင် စိမ်းလန်း စိုပြေမှုကိုကြည့်ရှု၍ စိတ်ကြည်နူးချမ်းမြေ့ရသည်ကို မိမိကိုပြောကြားကြကြောင်း၊ ယခုစိုက်ပျိုးသည့် သစ်ပင်များသည်လည်း နောင်အခါတွင် ရှင်သန်ဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင်ကို ယခုထက်ပိုမိုစိမ်းလန်းစိုပြေစေကာ မိမိတို့အတွက် အမှတ်တရဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အိမ်တိုင်း၊ လမ်းတိုင်း၊ ရပ်ကွက်တိုင်း သစ်ပင်စိုက်ပျိုးရန် မိမိအနေဖြင့်အမြဲ တိုက်တွန်းပြောကြားလျက်ရှိကြောင်း။
ယခုအခါ စိမ်းလန်းစိုပြေသာယာမှုများမှာ အထိုက်သင့်ရှိလာပြီဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်း သိမ်းခြင်း၊ စောင့်ရှောက်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဆိုပါက မိမိ တို့၏ ဆောင်ရွက်မှုများသည် သားစဉ်မြေဆက်အထိ အကျိုးခံစားရမည်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင် အချိန်၊ ငွေကြေးနှင့် လူအင်အားများ စိုက်ထုတ်သုံးစွဲရသဖြင့် တာဝန်အရစိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ စေတနာထား၍ စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့စိုက်ပျိုးခဲ့သည့်သစ်ပင်များအား တစ်ပင်စိုက်တစ်ပင်ရှင် ဖြစ်စေ ရန်အတွက် စနစ်တကျစိုက်ပျိုးရန်နှင့်ရှင်သန်ဖြစ်ထွန်းရန်အတွက် ဆက်လက်ဆောင် ရွက်ရမည့်သူများကလည်း အထူးအလေးအနက်ထား၍ စနစ်တကျဖြင့်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီး တို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး ပေးကြသည်။ ဆက်လက်ပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှု အားပေးကြသည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည် ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၈,၄၂၅ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်
ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ ပျဉ်းကတိုး ၆၀၀ ပင်၊ ပိတောက် ၃၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင် စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၄ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံ ပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၈,၄၂၅ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။
တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၈၆,၃၁၂ ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁,၃၅၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၆,၃၉၀ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉,၀၀၉ ပင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၁၈,၇၉၅ ပင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၌ ၂၁,၅၉၄ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၁၀,၀၄၇ ပင်၊ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၅,၈၈၁ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၈,၂၀၀ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၆,၁၄၅ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၂၀,၂၇၆ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၉,၂၁၄ ပင်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၌ ၁၇,၀၁၁ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြ ပြီး ယနေ့တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၌ စုစု ပေါင်း သစ်ပင် ၁၈၆,၃၁၂ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။