မြန်မာနိုင်ငံအတွင်းသို့  တရားမဝင်  ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၂ ဦးအား ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ နေပြည်တော်၊ စက်တင်ဘာ ၁၀

Wednesday, September 10, 2025 - 16:00

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး    ကရင်ပြည်နယ်၊ မြဝတီမြို့- မဲ့ထော်သလေး(KK Park) နယ်မြေတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တောင်အာဖရိကနိုင်ငံသား ခြောက် ဦး၊ တရုတ်နိုင်ငံသား လေးဦး နှင့် ကင်ညာနိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ၁၂ ဦး ကို ယနေ့တွင်  ထပ်မံစစ်ဆေးဖော်ထုတ်  ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ   စစ်ဆေးဖော်ထုတ်   ထိန်းသိမ်းနိုင်ခဲ့သည့်    ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့  အမြန်ဆုံး  ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက  လိုအပ်သည့်     ကိုယ်ရေးအချက်အလက်များနှင့်   မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဘုန်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ  ဖြည့်စွက်မှာကြား သည်။

၂၀၂၅  ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စက်တင်ဘာလ ၁၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား  စုစုပေါင်း ၉၃၈၅ ဦး စစ်ဆေးဖော်ထုတ်  ထိန်းသိမ်းနိုင်ခဲ့ကာ  ၎င်းတို့အနက်မှ  ၉၂၆၉  ဦးကို  ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ   စနစ်တကျ  ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်  ပြည်ပနိုင်ငံသား ၁၁၆  ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံး စစ်ဆေး ဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။