မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဒုတိယအကြိမ်တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက

Saturday, September 6, 2025 - 18:45

မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲကို ယနေ့ ဒေသစံတော်ချိန် နေ့လည် ၁ နာရီတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ Shangri la ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာ နိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ် (UMFCCI)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံ ထား သည့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်မြို့နှင့် ဟူနန်ပြည်နယ်တို့မှ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ ၁၂၀ ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင်  မြန်မာ နိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည့်အတွက် နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ နယ်စပ်ကုန်သွယ်ရေး၊ အခြေခံ အဆောက်အအုံများတည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် လျက်ရှိနေကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ၁၉၅၀ ပြည့်နှစ်မှစတင်၍ ထူထောင်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးတွင် မဟာဗျူဟာမိတ်ဖက်၊ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးရှိသည်အထိ အိမ်နီးချင်းနိုင်ငံကောင်းများ ဖြစ်လာကြကြောင်း၊ အထူး သဖြင့်နှစ်နိုင်ငံအကြားစီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံမှုများ၊ အခြားသောနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက် မှုများတွင် ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဘက်စုံလွှမ်းခြုံ သောမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမဟာဗျူသည် (Myanmar-China Comprehensive Strategic Cooperative Partnership)ကို နှစ်နိုင်ငံအကြားစတင်နိုင်ခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအလားအလာကောင်းများဖြင့် နှစ်နိုင်ငံကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏတို့သည် သိသာထင်ရှားစွာတိုးတက်လာခဲ့ကြောင်း။

          တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအများဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး  မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အဆင့် ၂ နေရာတွင်ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအမေရိကန် ဒေါ်လာ သန်း ၈,၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၇,၇၀၀ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဇူလိုင်လအထိ စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ ကျော် ရှိသည့် အတွက် နှစ်နိုင်ငံအကြားကုန်သွယ်မှု ခိုင်မာအားကောင်းနေတာကို တွေ့မြင်ရမှာဖြစ် ကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်၊ ပဲမျိုးစုံနှင့် နှမ်းစသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်း၊ သစ်မာကုန်ကြမ်းများနှင့် သစ်အခြေခံအချောထည်ထုတ်ကုန် များကို အဓိကတင်ပို့လျက်ရှိကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် တန်ဖိုးမြင့်သစ် အခြေခံထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များကို ဖြန့်ဖြူး တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း။

          မိမိတို့နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ် ရာတွင် နယ်စပ်ဂိတ်များသည် အရေးပါသောကဏ္ဍက ပါဝင်နေကြောင်း၊ နှစ်နိုင်ငံ အကြားနယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် အရ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်တွင် စုစုပေါင်းနယ်စပ်ဂိတ် ၈ ခု ရှိပါ ကြောင်း၊ လက်ရှိအချိန်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ အဆိုပါနယ်စပ်ဂိတ် ၈ ခုအနက် မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၁ ခုသာ ဖွင့်လှစ်ထားရှိနိုင်ပြီး ကျန်နယ်စပ် ကုန်သွယ်ရေးဂိတ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် ရပ်တန့်ထားရကြောင်း၊ မိမိတို့နှစ်နိုင်ငံကုန်သွယ်မှုကို ထိခိုက်စေခဲ့ကြောင်း၊ နယ်စပ်ဒေသ ကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက် အထောက်အကူပြုနေသောကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင် အောင် တတ်နိုင်သရွေ့ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း။

          ယခုအခါ မြန်မာ-တရုတ် နယ်စပ်ဒေသ မတည်ငြိမ်မှုများကြောင့် ယူနန် ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသများ၏ စီးပွားရေးကိုလည်း ထိခိုက် လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက်ပိုမိုတိုးတက်အောင် ဆောင် ရွက်နိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၊ အရှေ့မြောက်ဒေသမှ တစ်ဆင့် ယူနန် ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့အထိ ကုန်သွယ်ရေးလမ်းကြောင်းအား တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံလုံးအတွက် အဓိကကုန်သွယ် ရေးလမ်းကြောင်းဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်းဒေသ၊ အလယ် ပိုင်းနှင့် တောင်ပိုင်းဒေသများမှ မြန်မာနိုင်ငံကို ပေါင်းကူးတံတား(Landbridge) အနေ ဖြင့်အသုံးပြုပြီး အာဆီယံနိုင်ငံများသို့လည်း စီးပွားရေးဆိုင်ရာ ကုန်သွယ်ချိတ်ဆက်မှု များ လုပ်ဆောင်လာနိုင်မဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို ဦးစွာအလေးထားပူးပေါင်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်တိုးချဲ့ဖွင့်လှစ် နိုင်ပါက ကုန်ပစ္စည်းအမျိုးအစားများနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ(Value-Added Products)ချဲ့ထွင်တင်/ပို့ရေး၊လမ်းပန်းဆက်သွယ်ရေးတိုးချဲ့ဖောက်လုပ်ရေးနှင့် အဆင့် မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေးကိစ္စရပ်များကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

          တရုတ်နိုင်ငံ၏ အကူအညီအနေဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက်ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ များတွင် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ချန်ဒူးမြို့ သည် တရုတ်နိုင်ငံအနောက်ပိုင်းရှိ အဓိကစီးပွားရေးစင်တာ ဖြစ်ခြင်းကြောင့် မြန်မာ နိုင်ငံအတွက် ကုန်သွယ်ရေး၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင် စသည့်ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိကြောင်း၊ ချန်ဒူးမြို့တွင် Intel၊ Foxconn ၊ Dell တို့ကဲ့သို့ အီလက်ထရောနစ်နှင့် အိုင်တီနည်းပညာကုမ္ပဏီများ၊ စက်မှု လုပ်ငန်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စားသောက်ကုန်နှင့် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများစသည့် လုပ်ငန်းများစွာကို လုပ်ကိုင်ဆောင်ရွက်နေသည်ကို လေ့လာသိရှိရကြောင်း၊ ထို့ပြင်ချန်ဒူးမြို့တွင် နည်းပညာကဏ္ဍနှင့်ပတ်သက်၍ များစွာဖွံ့ဖြိုးတိုးတက်နေသည်ကိုတွေ့ရှိရပြီး တရုတ်နိုင်ငံအနောက်ပိုင်းဒေသတွင် ပထမဆုံး AI နည်းပညာဆန်းသစ်တီထွင်မှုနှင့် အသုံးချမှု စမ်းသပ်ဇုန်အဖြစ် မှတ်တိုင်ထူခဲ့သည်ကို လေ့လာသိရှိရကြောင်း၊ မိမိအနေဖြင့် အဆိုပါလုပ်ငန်း များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားလိုသည်ကို ပြောကြားလိုကြောင်း။

          လက်ရှိအချိန်တွင်မြန်မာနိုင်ငံနှင့် စီချွမ်ပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကဏ္ဍများစွာရှိကြောင်း၊ စီချွမ်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး တို့အကြား စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အခြေခံအဆောက်အအုံများ တည် ဆောက်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် ချစ်ကြည်ရင်းနှီးသောပူးပေါင်း ဆောင်ရွက်မှုဆက်ဆံ ရေးတည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ချန်ဒူးမြို့နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တို့အကြားတွင်လည်း ချစ်ကြည်ရေးညီအစ်မမြို့ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ နှင့် စီချွမ်ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်နိုင် ရေးနှင့် ပြည်သူအချင်းချင်းကူးလူးဆက်ဆံနိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလကတည်းက ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်-ချန်ဒူး ခရီးသည်တင် လေကြောင်းလိုင်းများကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန်အတွက်လည်း ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း။

          မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် လူဦးရေများပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်တည်ရှိနေ သည့်အတွက် ကုန်သွယ်မှုများပြုလုပ်ရန် အခွင့်အလမ်းများစွာရှိသည့်နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်း ရာနေရာ၌ ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့်လည်း လမ်းဆုံနေရာတွင်တည်ရှိနေပြီး တရုတ်နိုင်ငံ အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်ကြောင်း၊ သို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများသည် တရုတ်နိုင်ငံ အတွက် အလားအလာကောင်း များစွာရှိသည်ကို အသိပေးပြောကြားလိုကြောင်း။

          တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI) တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလို ပါတယ်။ အဆိုပါစီမံကိန်းတွင် ကုန်းလမ်းနှင့်ရေကြောင်း လမ်းနှစ်သွယ် ဖြင့် ပိုးလမ်းမစီမံကိန်းဟူ၍ မဏ္ဍိုင်နှစ်ရပ်ပါရှိပြီး ပထမမဏ္ဍိုင်တွင် တရုတ်နှင့် ဥရောပ နိုင်ငံများ စီးပွားရေးချိတ်ဆက်မှု ပိုးလမ်းမသစ် (Silk Road Economic Belt) နှင့် ဒုတိယမဏ္ဍိုင်တွင် အရှေ့တောင်အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံတို့နှင့် ရေကြောင်း ဆိုင်ရာဆက်သွယ်မှု ပိုးလမ်းမ (Maritime Silk Road) ဟူ၍ သတ်မှတ်ထားရှိကြောင်း။

          အဆိုပါစီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာစင်္ကြံ ၆ ခုပါရှိကာ မြန်မာနိုင်ငံအနေဖြင့် ကုန်းလမ်းနှင့် ရေလမ်း(၂)မျိုးလုံးအသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြံနှင့် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံ တို့တွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံ များတွင်ကုန်းမြေတည်ရှိမှုအရ အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပထဝီနိုင်ငံရေးမဟာ ဗျူဟာအရလည်း အချက်အချာကျသည့် နိုင်ငံတစ်ခုဖြစ်သည့်အပြင် အာရှအဝေးပြေး လမ်းနှင့်အာရှဖြတ်ကျော် ရထားလမ်းကွန်ရက်နှစ်ခုလုံး၏ အစိတ်အပိုင်းဖြစ်သည့် အတွက် ပိုးလမ်းမစီးပွားရေးရပ်ဝန်းတွင် အရေးပါသည့်နိုင်ငံဖြစ်ကြောင်း၊ အဆိုပါ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor- CMEC)ကို တည်ထောင်ထားပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်၊ နယ်စပ်ဒေသများတွင် အထူးစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ထောင်ရန် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ CMEC မူဘောင်အောက်မှတစ်ဆင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဆိုင်ရာ ဆောလျင်စွာဆောင်ရွက်မည့်စီမံကိန်း(Early Harvest Project) ၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

          တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်တွင် နှစ်နိုင်ငံအကြား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ ပြောကြားလိုကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ တရုတ်-မြန်မာ ရထားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်မဟာဓာတ်အားလိုင်း စီမံကိန်း စသည့် အရေးကြီးသော စီမံကိန်းများစွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်းများအနက် တရုတ်-မြန်မာ ရထားလမ်းစီမံကိန်းသည် မိမိတို့နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအတွက် အကျိုးရလဒ်ကောင်းများ ရရှိနိုင်သည့် အရေးပါသော စီမံကိန်းတစ်ခု ဖြစ်ကြောင်း။

          အဆိုပါမီးရထားလမ်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး ကုန်သွယ်နိုင် မည်ဆိုပါက မိမိတို့နှင့်ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း နှစ်နိုင်ငံလုံး နှင့်ဆက်ဆံရေး ကောင်းမွန်လျက်ရှိသော ရုရှားဖက်ဒရေးရှင်းနိုင်ငံအထိ ကုန်သွယ်မှုပြု လုပ်နိုင်မည့် အလားအလာကောင်းများရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊  အာရှတိုက် နှင့် ဥရောပတိုက် ၂ ခုလုံးတွင်ပါဝင်သော ရုရှားနိုင်ငံ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား အလယ်ဗဟိုတွင်ရှိသော မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပထဝီအနေအထားအရ အချက်အချာကျလှကြောင်း၊ မိမိတို့အနေဖြင့် ရုရှားနိုင်ငံ၏ ဗဟိုချက်မမြို့တစ်မြို့ဖြစ်သော နိုဗိုစီဗစ်မြို့နှင့် ဥရောပတိုက်ဘက်တွင် တည်ရှိသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် စိန့်ပီတာစဘတ်မြို့တို့တွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နှစ်နိုင်ငံ အကြား ကုန်စည်ကူးသန်းမှုများ တိုးမြှင့်ဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း၊ တရုတ်နိုင်ငံရှိ ချုံချင့်၊ ကူမင်း၊ နန်နင်း၊ ဟောင်ကောင်မြို့များတွင်လည်း မြန်မာကောင် စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်ရေး ကဏ္ဍမြှင့်တင်ရေးကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံနှင့် ရုရှားနိုင်ငံတို့အလယ်တွင် တည်ရှိလျက်ရှိရာ မြန်မာ-တရုတ်-ရုရှား သုံးနိုင်ငံ ပူးပေါင်း၍ ကုန်သွယ်ရေးကဏ္ဍအား တိုးချဲ့ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း ကုန်စည်စီးဆင်းမှုကိုလည်း များစွာအထောက်အကူပြုနိုင်သည့် အခွင့်အလမ်းကောင်း များ ထွက်ပေါ်လာနိုင်ကြောင်း။

           မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်မှ စတင်အသက်ဝင်ခဲ့သည်ကိုအတည်ပြုပေးခဲ့ကြောင်း၊ RCEP သဘောတူစာချုပ်အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု ဒေသဆိုင်ရာသဘောတူစာချုပ်(ACFTA) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ အကာအကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေးအစီအမံများ ကြောင့် မိမိတို့နှစ်နိုင်ငံအကြားအပြင် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကိုပါ ခိုင်ခိုင်မာမာတိုးမြှင့်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်း။

          တရုတ်နိုင်ငံက ကြီးမှူးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်(Global Development Initiatives-GDI)တွင် ပါဝင် သည့် ဦးစားပေးနယ်ပယ် ၈ ခုတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့် မိမိတို့မြန်မာနိုင်ငံသည်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်းပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင်ယွမ်-ကျပ်တိုက်ရိုက် ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့်သွားလိုကြောင်း၊ ထို့ကြောင့် မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ် သက်သာခွင့်များကိုသိသာစွာပံ့ပို့ပေးထားသည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာ-တရုတ် နှစ် နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်း၍ လုပ်ငန်းများမြန်ဆန်စွာ ဖွံ့ဖြိုး တိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တရုတ် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအဆင်ပြေစေရေး ယွမ်နှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ရေး စဉ်းစားဆောင်ရွက်နေပြီး မကြာမီ အချိန်အတွင်း အဖြေပေးနိုင်လိမ့်မည်ဖြစ်ကြောင်း။

          လာမည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေ ထွေရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုများ ပိုမိုအား ကောင်းလာစေမည် ဖြစ်ကြောင်း၊ တည်ငြိမ်မှုရှိလာသည်နှင့်အမျှ စီးပွားရေးဆောင်ရွက် မှု အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ မြေပေါ်၊ မြေအောက်ရေသယံဇာတများ၊ လူသားအရင်းအမြစ်များနှင့် တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုပူးပေါင်းလိုက်မည်ဆိုပါက နှစ်နိုင်ငံအတွက် သိသာသည့်ရလဒ်ကောင်းများ ဖြစ်ပေါ် လာစေမည် ဖြစ်ကြောင်း။

          မိမိအနေဖြင့် ယခုကဲ့သို့တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင် များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် နှစ်နိုင်ငံအကြား များစွာအကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို မျှဝေဆွေးနွေးခွင့်ရရှိ သည့်အတွက် အထူးပင်ဝမ်းမြောက်မိကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ် ကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ရေရှည် တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူ နီစပယ်မြို့နှင့် ဟူနန်ပြည်နယ်တို့ ရှိတရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများက မန္တလေး ငလျင်ကြီးလှုပ်ခတ်ပြီး ချိန်၌ တရုတ်နိုင်ငံမှ အဖွဲ့အစည်းများမှ အကူအညီပေးရေး  လုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် လေ့လာဆန်းစစ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့မှု၊ ငလျင်ဆို်ငရာ ပြန်လည်ထူထောင်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုမှု၊ ပို့ကုန်သွင်းကုန်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ချမှတ်ထားသည့် မူဝါဒများအား သိရှိလိုမှု၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်လိုမှု၊ ရင်းနှီးမြှုပ် နှံမှုများ တိုးတက်စေရေး ယွမ်နှင့်တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးစေလိုမှု၊ ရင်းနှီး မြှုပ်နှံမှုများအား အကာကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုကိုသိရှိလိုမှု၊ သွင်းကုန်လုပ်ငန်းများအတွက် ခွင့်ပြုချက်လိုင်စင်များလျှောက်ထားရာတွင် အချိန် ကာလကြာမြင့်မှုများဖြစ်ပေါ်နေမှုကို ဖြေရှင်းဆောင်ရွက်ပေးစေလိုမှု၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်ကိရိယာအသုံးအဆောင်ပစ္စည်းများ တင်ပို့လိုမှု၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြန်စီမံကိန်း လုပ်ငန်းစဉ်အား ဆက်လက် ဆောင်ရွက်သွားစေလိုမှု၊ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး အတွက် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုမှု အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြသည်။

မေးမြန်းဆွေးနွေးမှုများအပေါ် ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဝန်ကြီများက သက်ဆိုင်ရာကဏ္ဍများအလိုက်ရှင်းလင်းပြောကြားရာတွင် ရင်းနှီးမြှုပ်နှံ မှုများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင် ရွက်ပေးလျက်ရှိမှု၊ တင်ဒါလုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများအားတိုးတက်ဆောင်ရွက်လာမှု၊ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်း များလာရောက် ဆောင်ရွက်စေလိုမှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်လိုအပ်သည့် မြေနေရာများကို ခွင့်ပြုရာတွင်လည်း သတ်မှတ်ချက်များ အညီသာခွင့်ပြုပေးမှု၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမည်ဆိုပါကမြေလွတ်မြေရိုင်းများကို  မြန်မာနိုင်ငံ မြေလွတ်မြေလတ်နှင့် မြေရိုင်းများဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံသို့လာရောက်၍ ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်မှု၊ ကုမ္ပဏီများတွင် နည်းပညာရှင်များအားသတ်မှတ်ထားသည့် နှုန်းထားများဖြင့် ပညာရှင်များကို ငှားယမ်းရန် မူဝါဒချမှတ်ထားမှု၊ မြန်မာနိုင်ငံမှ ထွက်ရှိပေါ်ဆန်းမွေးဆန်အား တရုတ် နိုင်ငံသို့တင်ပို့နိုင်မှု၊ မြန်မာနိုင်ငံမှအထည်ချုပ်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး အတွက် စက်ကိရိယာများ လိုင်စင်လျှောက်ထားခြင်းများဆောင်ရွက်ရာတွင် သွင်းကုန် များအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေး လုပ်ငန်းများ တွင်အသုံးပြုလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများကို မိမိတို့ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်စေလိုမှု၊ စိုက်ပျိုးရေး ထွက်ကုန်များ ပိုမိုတိုးတက် လာစေရေး လာရောက်ရင်းနှီးဆောင်ရွက်စေလိုမှု၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြန် စီမံကိန်းလုပ်ငန်းစဉ်အား နှစ်နိုင်ငံပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

ဆွေးနွေးပြောကြားမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ငလျင်ဘေး ဒဏ်သင့်နေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ‌ ဆောင်ရွက်ခြင်းနှင့်ပတ်သက် ၍ တရုတ်နိုင်ငံ၏အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆေင်ရွက် ရာတွင် တရုတ်ကုမ္ပဏီများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီပါက လုပ်ငန်းများ ဆောင်ရွက် ခွင့်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏အဆောက်အဦများကို နိုင်ငံတော်အစီအစဉ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပုဂ္ဂလိက အဆောက် အဦများနှင့်ပတ်သက်၍လည်း UMFCCI ဖြင့်ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင် ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကုမ္ပဏီမှ ကြိုတင်ငွေများဖြင့် ဆောင်ရွက် မည်ဆိုပါကလည်း ခွင့်ပြုပေးနိုင်ကြောင်း၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် စေရေး အတွက် ယွမ်နှင့်တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊

 

ကျပ်တိုက်ရိုက်ပေးချေမှုများကိုခွင့်ပြုပေးနိုင်ရေး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပါက တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး အမြန်ဆုံးဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ သွင်းကုန်ပမာဏကန့်သတ်ချက်နှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ ငွေကြေးများအား ပိတ်ဆို့ခံထားရမှုကြောင့် ယွမ်နှင့်ကျပ် တိုက်ရိုက်ပေးချေပြီး ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများပိုမိုလျှင်မြန်လာမည် ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးပြောကြားသည်။

၎င်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် မိမိတို့လာရောက်ခဲ့သည့် ခရီးစဉ်သည် နှစ်နိုင်ငံအကြားပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်ရန်အတွက်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ထိစပ်နေ သည့် ပြည်နယ်များနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေး အတွက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်မှုနှင့်ပတ် သက်၍ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့တင်သွင်းရန်နှင့် တရုတ်နိုင်ငံ မှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့တင်သွင်းရန်လိုကြောင်း၊ ထို့ ကြောင့် မိမိတို့အနေဖြင့် ယွမ်နှင့် ကျပ်တိုက်ရိုက်ပေးချေနိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူပေးခြင်းအားဖြင့် လည်း တရုတ်နိုင်ငံမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်။

မြန်မာနိုင်ငံတွင်မြေပေါ်မြေအောက်နှင့် ရေသယံဇာတများရှိကြောင်း၊ နယ်စပ် ကုန်သွယ်မှုများမှတစ်ဆင့် နှစ်နို်ငငံအပြန်အလှန် ပို့ကုန်ပစ္စည်းများတင်ပို့နိုင်ခြင်းဖြင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းစေရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ယွမ်ဖြင့်လာရောက်၍ ရင်းနှီးမြှုပ်နှံနိုင်ရန် ခွင့်ပြုနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊  မိမိတို့နိုင်ငံမှထွက်ရှိသည့် သယံဇာတများအား ကုန်ကြမ်းများ အဖြစ် ပြည်ပသို့တင်ပို့ခွင့်မပြုဘဲ ကုန်ချော သို့မဟုတ် တစ်ဝက်တစ်ပျက်ကုန်ချော အဖြစ်သာ တင်ပို့ခွင့်ပြုကြောင်း။

ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမှုများကိုဆောင်ရွက်ကြစေလိုကြောင်း၊

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ရေးလုပ်ငန်း  များရှိ စက်ပစ္စည်းများအတွက် လိုအပ်သည့် သွင်းကုန်များကို ခွင့်ပြုပေးမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင်ရှိပြီးသားရင်းနှီးမြှုပ်နှံများတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များဆောင်ရွက်လိုပါကလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီ များအလိုက် လာရောက်ဆွေးနွေးနိုင်ကြောင်း။

သဘာဝန်းကျင်ထိန်းသိမ်းမှုကို မထိခိုက်စေရန်အတွက် ပြည့်ဖြိုးမြဲစွမ်းအင်များ ထုတ်လုပ်နိုင်ရေးဖိတ်ခေါ်ကြောင်း၊ အထူးသဖြင့်ဆိုလာလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း များနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ချိန်တွင် လုံခြုံရေးအရ အကာအကွယ်ပေး ရေးအတွက်လည်း ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲပြီးဆုံး ချိန်၌ တည်ငြိမ်အေးချမ်းမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အေးအတူပူ အမျှနိုင်ငံ ဆွေမျိုးပေါက်ဖော်နိုင်ငံ၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံဖြစ် သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက်  ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်း နိုင်ငံဖြင့် ရဲရဲတင်းတင်း လာရောက်ရင်းနှီးမြှုပ်နှံကြစေလိုကြောင်းဖြင့်‌ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။