ကျောက်ဆည်ခရိုင်တွင် ငွေကျပ် ၃ ဒသမ ၀၀၃ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၂၀ ဒသမ ၁၂ ကီလို ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၃

Wednesday, September 3, 2025 - 18:15

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီခွဲအချိန် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အမှတ်(၃)ခရိုင်ချင်းဆက်လမ်း၌ ဉာဏ်လင်း မောင်းနှင်ပြီး လှခိုင် လိုက်ပါလာသော TOYOTA LITEACE မော်တော်ယာဉ်၊ စံဝင်းလင်း မောင်းနှင်သည့် IZONE မော်တော်ယာဉ်နှင့် ထက်အောင်ဇော် မောင်းနှင်သည့် ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူအလေးချိန် ၁၂၀ ဒသမ ၁၂ ကီလို( ၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၀၀၃ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ကြောင်း၊

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် ဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘုန်းမြင့်မြတ်အား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ဘိန်းဖြူများအား တာဝန်ခံ သယ်ဆောင်ခဲ့သူ စိုးဝေလွင် (ဖမ်းဆီးရန်ကျန်)နှင့် တင်မျိုးအောင် (ဖမ်းဆီးရန်ကျန်)တို့ ရှေ့ပြေးအဖြစ် ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် NISSAN AD VAN မော်တော်ယာဉ်အား မြစ်သားမြို့နယ်၊ အမှတ်(၃)ခရိုင်ချင်းဆက်လမ်းတွင်လည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန် ဘိန်းဖြူများအား မူဆယ်မှရွာငံမြို့နယ်သို့ သယ်ဆောင်ရာတွင်အသုံးပြုခဲ့သည့် စိုးဝေလွင် ပိုင်ဆိုင်သော HINO PROFIA ၁၂ ဘီး မော်တော်ယာဉ်အား ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်မှ ရွာငံမြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်သို့ မော်တော်ယာဉ်များပြောင်းလဲ၍ သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။