နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော  (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၃

Wednesday, September 3, 2025 - 18:15

           ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။

          အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ဘာသာရပ် ဆိုင်ရာအကဲဖြတ်ပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က အမှာစကားပြောကြားရာတွင် ယခင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် “(၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး”တွင် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်အတွက် မြန်မာ့အနုပညာ သမိုင်းမှတ်တမ်းတွင် အောင်မြင်စွာ ကမ္ပည်းရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

        ယခု ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် “(၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကိုလည်း  ပြိုင်ပွဲကြီး၏ သမိုင်းအစဉ်အလာကောင်းများနှင့်အညီ ဖွင့်ပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားများအား  တင့်တယ်စွာ  စီစဉ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုများကိုလည်း ပြုလုပ်ထားပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း။

        ယနေ့ကာလတွင် မိမိနိုင်ငံ၏ လူသားအရင်းအမြစ်များဖြစ်သည့်  မျိုးဆက်သစ် လူငယ်မောင်မယ်များအနေဖြင့် အနာဂတ်နိုင်ငံတော်ကြီးကို ကောင်းမွန်စွာ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး ရည်မျှော်၍ ပြုစု ပျိုးထောင်နေကြပြီး နိုင်ငံတော်ကို ဘက်စုံမှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ ဆိုင်ရာ ပညာရပ်များကို မြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက် လက်ဆင့် ကမ်းနေကြသည့် ပညာရှင်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ရှိကြသည့် ဝါသနာရှင် မျိုးဆက်သစ်လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးအနက် ထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကိုလည်း နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ် ကျင်းပနေခြင်းဖြစ်ကြောင်း။

        မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများ ကျင်းပရာ တွင် ခမ်းခမ်းနားနားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက်   အတွေ့အကြုံရင့်ကျက်မှုရှိသည့် အကဲဖြတ်ပညာရှင်ကြီးများ အနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်သည့် အပြင်၊ ဘက်လိုက်မှုကင်းရှင်းစွာဖြင့် တိုင်းဒေသကြီး/ပြည်နယ်များမှ မျိုးဆက်သစ် လူငယ်များကို ဖော်ထုတ်ပေးနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

        ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ အနေဖြင့် ပြိုင်ပွဲကြီးများ ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် အနုသုခုမ ဆိုင်ရာကဏ္ဍများအပြင် လုံခြုံရေးကဏ္ဍနှင့်  ကျန်းမာရေးကဏ္ဍများကိုလည်း ပြည့်စုံ စေ့စပ်စွာ ဆောင်ရွက်နိုင်ကြမည်ဟုလည်း ယုံကြည်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုဆိုင်ရာပညာ အတွေ့အကြုံ ဗဟုသုတများသည် နိုင်ငံတော်အပေါ် ချစ်မြတ်နိုးစိတ်နှင့် မျိုးချစ်စိတ်တို့ကို  ဖြစ်ပေါ် စေသည့် အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း။ 

         ထို့ကြောင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ခြင်းသာမက ယဉ်ကျေးသိမ်မွေ့ခြင်း များနှင့်ပါပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ကျင်းပပြုလုပ်ခြင်းသည်လည်း  မြန်မာ့အနုပညာကို ဖွံ့ဖြိုး တိုးတက်စေရုံသာမက ထူးခြားပြီးအနက်အဓိပ္ပာယ် ပြည့်ဝလှသည့်  မြန်မာ့အနုပညာကို ကမ္ဘာကပင် တွေ့မြင်ကြရမည်ဖြစ်ကြောင်း။         

 (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ကောင်းမွန်သည့် စီစဉ် ဆောင်ရွက်မှုများ၊ ကြိုးပမ်းအားထုတ်မှုများနှင့် ကျင်းပဆောင်ရွက်ကြသည့်အတွက် မြန်မာနိုင်ငံသားတို့၏ အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ထင်ဟပ်ဖော်ပြနေ သည့် ပြိုင်ပွဲတစ်ရပ်ဖြစ်စေရန်ကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊  ယနေ့ အစည်းအဝေးတွင် တက်ရောက်လာကြသည့် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အကဲဖြတ် ပညာရှင်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ အနေဖြင့် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြပေးနိုင်ကြရန် အလေးအနက်ထား ပြောကြားလိုကြောင်း ပြောကြားသည်။

          ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှု နှင့် လုပ်ငန်း တာဝန်များ၊ ပြိုင်ပွဲကျင်းပရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၂၆) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အစီအမံများကို အကြံပြုဆွေးနွေး တင်ပြကြသည်။

          ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနားပြင် ဆင်ရေးနှင့် အကဲဖြတ်အမှတ်ပေးကြီးကြပ်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်စိစစ်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ ဧည့်ခံ ကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဏာငွေ ရှာဖွေရေး၊ ဆုချီးမြှင့်ရေးနှင့် အခမ်းအနားများကျင်းပရေး ဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် လှုံ့ဆော်ရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီနှင့် တည်းခိုမည့်နေရာအုပ်ချုပ်ရေး ဆပ်ကော်မတီ တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက်ရှင်းလင်းတင်ပြကြသည်။

         ယင်းနောက် ဘာသာရပ်ဆိုင်ရာအကဲဖြတ်ပညာရှင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး တင်ပြ ချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။