ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ H.E. Mr. Han Zheng နှင့် တွေ့ဆုံဆွေးနွေး နေပြည်တော်၊ စက်တင်ဘာ - ၂

Tuesday, September 2, 2025 - 17:00

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် အလုပ်သဘောခရီး ရောက်ရှိနေ သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် နေလည် ၁၂ နာရီတွင် ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ H.E. Mr. Han Zheng နှင့် တွေ့ဆုံဆွေး နွေးသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ သမ္မတ က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲဝင် နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ခရီးစဉ် တွင်လိုက်ပါလာသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတနှင့် အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် SCO အဖွဲ့အစည်းသည် အရှေ့တောင်အာရှနိုင်ငံ များအတွက် အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် SCO အဖွဲ့တွင် ပါဝင်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ အေးအတူ ပူအမျှအတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နှစ်နိုင်ငံအပြန်အလှန်အထောက်အကူပြုလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားမည့်အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်း ရေးရရှိရန် ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြားစီးပွားရေးတိုးတက်စေရေးပူးပေါင်း ဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ မတ်လအတွင်း လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ အပြန်အလှန်ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။