ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးစည်းအဝေး(Shanghai Cooperation Organisation – SCO SUMMIT 2025 Plus)သို့တက်ရောက်

Monday, September 1, 2025 - 16:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးစည်းအဝေး(Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို့ ပါဝင်တက်ရောက်ဆွေးနွေး                                   

နေပြည်တော်၊ စက်တင်ဘာ - ၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့ရှိ Tianjin Meijiang Convention Center ၌ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို့ ပါဝင် တက်ရောက်ဆွေးနွေးသည်။

အဆိုပါ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) သို့ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ SCO ထိပ်သီးအစည်းအဝေး သို့တက်ရောက်လာကြသည့် အဖွဲ့ဝင် နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အခြားဖိတ်ကြားထားသည့် နိုင်ငံ ၂၄ နိုင်ငံ မှနိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် Mr. Antonio Guterres နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ကြသည်။

ဦးစွာ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတက က အဖွင့် အမှာစကားပြောကြားရာတွင် လေးစားအပ်ပါ သော လုပ်ဖော်ကိုင်ဖက်များ တီယန်ကျင်းမြို့သို့ SOC Plus အစည်းအဝေး လာရောက် တက်ရောက်ကြသည့်အတွက် ကြိုဆိုပါကြောင်း၊ ယနေ့အစည်း အဝေး၏ဆောင်ပုဒ်မှာ “ဘက်စုံမူဝါဒကျင့်သုံးခြင်း၊ ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းခြင်းတို့ဖြင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန်” ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ပဏာမအဆိုပြုချက်(Global Governance Initiative(GGI) (၅)ချက်ကို မိမိအနေဖြင့်အဆိုပြု တင်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ SCO အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ကို အထောက်အကူဖြစ်စေမည့် ယခုအစည်းအဝေးသည် အောင်မြင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်ပြီး ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ က ဆွေးနွေးပြောကြားသည်။ ထို့နောက် ဘီလာရုစ်နိုင်ငံသမ္မတ ၊ အီရန်နိုင်ငံသမ္မတ၊ ကာဇက်စတန် နိုင်ငံသမ္မတ၊ ကာဂျစ္စတန် နိုင်ငံသမ္မတ၊ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၊ တာဂျစ် ကစ္စတန်သမ္မတ၊ ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ်၊ မွန်ဂိုလီးယားနိုင်ငံသမ္မတ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်၊ အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအို ပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ၊ မော်လ်ဒိုက်နိုင်ငံ သမ္မတ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ နီပေါနိုင်ငံ ဝန်ကြီးချုပ်၊ တူကီရဲသမ္မတနိုင်ငံ သမ္မတ၊ အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်၊ တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ အင်ဒိုနီးရှား နိုင်ငံ ကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံကိုယ်စားလှယ် တို့က အသီးသီး ဆွေးနွေး ပြောကြား ကြသည်။

ထိုသို့နိုင်ငံအလိုက် ဆွေးနွေးပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုအစည်းအဝေးကို တက်ရောက် လာကြသည့် နိုင်ငံ့အကြီးအကဲများနှင့် ဧည့်သည်တော်များ အားလုံးမင်္ဂလာပါဟု ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) အပေါင်းထိပ်သီးအစည်းအဝေးကို မိမိအားပါဝင်တက်ရောက် နိုင်ရန် ဖိတ်ကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုအစည်းအဝေး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ ဆွေးနွေးဖက်နိုင်ငံဖြစ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကိုယ်စား တက်ရောက်အမှာစကား ပြောကြားခွင့် ရရှိသည့် အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိသည်ကို ပြောကြားလိုပါကြောင်း။

          ယနေ့ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အပေါင်း ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်နှင့် နိုင်ငံပေါင်း ၂၀ ကျော် မှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ယခုနှစ်အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ H.E. Mr. Xi Jinping နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကို မိမိအနေဖြင့် အထူးပင်‌ ကျေးဇူးတင်ရှိသည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း။

          ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) သည် ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင် ဖွဲ့စည်းခဲ့စဉ်ကတည်းက ဒေသတွင်း လုံခြုံရေးအတွက် ဖိုရမ်တစ်ခုအနေဖြင့် ရပ်တည်ခဲ့ခြင်းဖြစ်ပြီး စက်မှု ထိပ်သီးနိုင်ငံများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသည့်နိုင်ငံများ၊ မြေပေါ် မြေအောက် သယံဇာတပေါကြွယ်ဝသည့်နိုင်ငံများ၊ စိုက်ပျိုး၊ မွေးမြူရေးအားကောင်း သည့် နိုင်ငံများ စသည်ဖြင့် ပါဝင်ပါကြောင်း၊ ယခုအခါ အင်အားကြီးနိုင်ငံအချို့သည်  အခြားနိုင်ငံများ၏ ၎င်းတို့နှင့်လိုက်လျော ညီထွေဖြစ်သည့် ဒီမိုကရေစီနှင့်အညီ ရပ်တည်ဆောင်ရွက်နေမှု၊ ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပျက်နေသည့်အခြေအနေများကို ဥပက္ခာပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေး ဖိအားပေးမှုမျိုးစုံဖြင့် အနိုင်ကျင့်နေကြပါကြောင်း၊ ယခုကဲ့သို့အခြေအနေမျိုးကို တုန့်ပြန်နိုင်ဖို့ အတွက် SCO အဖွဲ့ကို စီးပွားရေးပေါင်းစည်းမှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် မဟာဗျူဟာကျသည့် အဖွဲ့အစည်းတစ်ခုအဖြစ်သို့ အသွင်ကူးပြောင်းလာခဲ့ရာ လက်ရှိအခြေအနေတွင် အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ လေ့လာသူအဆင့်နိုင်ငံများအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး Platform တစ်ခုအဖြစ်ကို ရောက်ရှိလာပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်လျက်ရှိပါကြောင်း။

          ယနေ့ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အပေါင်း ထိပ်သီးအစည်းအဝေးကို နိုင်ငံ့ခေါင်းဆောင်များ စုံညီစွာတက်ရောက်လာမှုအတွက် မိမိတို့ ဥရောပ-အာရှဒေသ၏ မျှော်မှန်းချက်များကို ခိုင်မြဲသောစည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်ကို ဖော်ညွှန်းပြသလျက်ရှိပါကြောင်း၊ မိမိတို့အကြား အပြန်အလှန်ယုံကြည်မှု၊ ကွဲပြားသည့် ယဉ်ကျေးမှုများကို အပြန်အလှန် တန်ဖိုးထားလေးစားမှု၊ သာတူညီမျှရှိမှု၊ ဘုံဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရှန်ဟိုင်းစိတ်ဓာတ် (Shanghai Spirit)၏ လမ်းပြရှေ့ဆောင်မှု အောက်တွင် မိမိတို့အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေး တို့ကို ဦးစားပေးဆောင်ရွက်နိုင်ရန် အတူတကွကြိုးပမ်း ဆောင်ရွက်သွားကြရမည်  ဖြစ်ပါကြောင်း။

          ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ အခြေခံမူများဖြစ်သည့် ဝင်ရောက် မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာအား လေးစားမှုရှိရေးနှင့် တန်းတူညီမျှမှုရှိရေး တို့ကို မိမိတို့မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများအတွက် နိုင်ငံတကာစင်မြင့်ပေါ်တွင် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရာတွင်ထားရှိသည့် ခိုင်မာ သော အခြေခံအုတ်မြစ်နှင့် များစွာအလားသဏ္ဍာန်တူပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ရ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်၊ မေလက ပါဝင်ခွင့်ရရှိခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) က ဦးဆောင် ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားများကိုလည်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ ပါ ကြောင်း၊ ဆက်လက်၍လည်း မိမိတို့မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO)၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး ထောက်ခံပေးနိုင်ပါရန် အလေးအနက်ထား မေတ္တာရပ်ခံလိုပါကြောင်း။

          အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်ခုဖြစ်ပြီး ပထဝီ-နိုင်ငံရေးအရ အချက်အခြာကျသည့်နေရာတွင် တည်ရှိလျက်ရှိသည့်အပြင် ကောင်းမွန်မျှတသော အပူပိုင်းဒေသရာသီဥတုရှိသည့် အတွက် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်ဆောင်ရွက်နိုင်မည့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းကောင်းများစွာရှိပါကြောင်း။

          ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အနေဖြင့် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင် နှုန်း နီးပါးနှင့် ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည့် ဒေသတစ်ခုကိုပိုင်ဆိုင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုအပါအဝင် စွမ်းအင်စီမံကိန်းများ၊ စားနပ်ရိက္ခာဖူလုံမှုနှင့် စွမ်းအင် လုံခြုံရေးတို့အတွက် အရင်းအမြစ်များကို အတူတကွအသုံးပြုနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် မြန်မာနိုင်ငံအနေ ဖြင့် သဘာဝအရင်းအမြစ်များစွာ ပိုင်ဆိုင် ထားသည့်နိုင်ငံ ဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး၊ စက်မှုလက်မှုနှင့် စွမ်းအင်ကဏ္ဍတို့တွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် မျှော်လင့်ထားရှိပါကြောင်း။

          လုံခြုံရေးကဏ္ဍတွင်လည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ မျက်မှောက်ခေတ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒတို့၏ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရာတွင် ထိရောက်သည့် အောင်မြင်မှုများကို ဂုဏ်ယူဖွယ်ရာတွေ့မြင်ရပါကြောင်း၊ ထို့အပြင် ခေတ်မီနည်းပညာ ရပ်များ ဖြစ်သည့်ဉာဏ်ရည်တု (AI) နည်းပညာနှင့် Data အုပ်ချုပ်မှုဆိုင်ရာ ဒစ်ဂျစ်တယ် နည်းပညာပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးထားလုပ်ဆောင် လျက်ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ၏ အသီးအပွင့်များကို ခံစားရလျက်ရှိကာ အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့် ခေတ်မီ နည်းပညာသုံး တိုက်ခိုက်မှုများကို စုပေါင်းကာကွယ်နိုင်သည့် အလားအလာများကို လည်း တွေ့မြင်ရပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO)၏ မူဘောင်များအောက်မှပါဝင်ကာ ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများ ဖွံဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွား လိုသည်ကို  ပြောကြားလိုပါကြောင်း။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး Mr. Xi Jinping၊ က ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပဏာမအဆိုပြုချက်(Global Governance Initiative(GGI) (၅)ချက်ကို တင်သွင်းခဲ့ပါကြောင်း၊ အဆိုပြု(၅)ချက်သည် မိမိအရှေ့ပိုင်းတွင်ဆွေးနွေးတင်ပြခဲ့ သည့်  အခြေအနေများနှင့် ထင်ဟပ်နေပါကြောင်း၊ လက်တွေ့ကျပါကြောင်း၊ နိုင်ငံ အများအပြား ရင်ဆိုင်နေရသည့် မမျှတမှုများကို ယခုအဆိုပြုချက်(၅)ချက်ပါ လုပ်ငန်း ရပ်များနှင့် ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုရမည်ဟု  မိမိ အနေဖြင့် အပြည့်အဝယုံကြည်ပါကြောင်း၊ ထို့ကြောင့်  သမ္မတကြီး Mr. Xi Jinping ရဲ့ အဆိုပြု ချက်ကိုထောက်ခံသည်ကို ပြောကြားလိုပါကြောင်း။

          နိဂုံးချုပ်အနေနဲ့ မိမိတို့မြန်မာနိုင်ငံအနေဖြင့် “၂၀၂၅-၂၀၃၅ ကာလအတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ(SCO Development Strategy for the Next Decade : 2025-2035)” ကို ကြိုဆိုထောက်ခံပါကြောင်း၊ အနာဂတ်တွင်လည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ မူဘောင်များ အတွင်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် လေးစားမှုတို့အပေါ် အခြေခံပြီး ဘုံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်ကို အခိုင်အမာပြောကြား လိုပါ ကြောင်း။

          အဆွေတော်သဘာပတိကြီးနှင့်တကွ ကြွရောက်လာကြသည့် ဧည့်သည်တော် များအားလုံးနဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးအန္တရာယ်ကင်းဝေးစွာဖြင့် ကိုယ် စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ကမ္ဘာ့နိုင်ငံများအားလုံး ဖွံ့ဖြိုးတိုးတက် ၍ သာယာဝပြောပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်းဖြင့်ပြောကြား သည်။

အစည်းအဝေးမစတင်မီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စည်းအဝေးမစတင်မီ မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ မွန်ဂိုလီးယား နိုင်ငံသမ္မတ ၊ နီပေါနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ချုပ် အတွင်းရေးမှူးချုပ်၊ ပါကစ္စတန်ဝန်ကြီးချုပ်နှင့် အခမ်းအနား သို့ တက်ရောက်လာကြသည့်နိုင်ငံများမှ ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအလိုက် နှစ် နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ် များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။