အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာအနီး ထုံးဘို-စစ်ကိုင်းကားလမ်း၌ စက်သုံးဆီသယ်ဆောင်လာသည့် ဆီဘောက်ဆာယာဉ်တစ်စီးတိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွား၊ ဒေသခံအချို့ သေဆုံး/ ဒဏ်ရာရရှိ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁

Monday, September 1, 2025 - 16:00

          မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာအနီးရှိ ထုံးဘို -စစ်ကိုင်းကားလမ်း၌ ယနေ့နံနက်ပိုင်းတွင် စက်သုံးဆီများသယ်ဆောင်လာသည့် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူ အချို့ သေဆုံး/ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ရန်ကုန်မြို့ မှ စစ်ကိုင်းမြို့သို့  ယာဉ်မောင်း စိုးသူ (၂၉ နှစ်) (ဘ) ဦးလင်း မောင်းနှင်၍စက်သုံးဆီ ဒီဇယ်(၉၅၀၀)ဂါလံသယ်ဆောင်လာသည့် NISSAN အမျိုးအစား၊ ဆီဘောက်ဆာယာဉ်အမှတ် MDY/5  7F--- တွဲယာဉ်သည် ယနေ့နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် ထုံးဘို-စစ်ကိုင်းကားလမ်း၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော် ကျေးရွာရှိ 7 star လက်ဖက်ရည်ဆိုင်အနီးသို့အရောက်၌ မော်တော်ယာဉ်ငယ်နှင့် မော်တော်ဆိုင်ကယ် တို့ကို ရှောင်တိမ်းစဉ်အရှိန်မထိန်းနိုင်ဘဲ အနီးရှိလက်ဖက်ရည်ဆိုင် အတွင်းသို့ ဝင်ရောက်တိုက်မိခဲ့ရာ မော်တော်ယာဉ်ခေါင်းခန်းမှစတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

          အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်း သတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၅ စီးတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြရာ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် လက်ဖက်ရည်ဆိုင်အတွင်းရှိ ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦး တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ ၎င်းတို့အား မန္တလေးမြို့ရှိ အထွေထွ ရောဂါကုဆေးရုံကြီးသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယာဉ်တိမ်း မှောက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။