ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့်တွေဆုံဆွေးနွေး နေပြည်တော်၊ ဩဂုတ် - ၃၁

Monday, September 1, 2025 - 07:30

တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့အလုပ်သဘောခရီး ရောက်ရှိနေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီး ချုပ် H.E. Mr. Shri Narendra Modi နှင့် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တီယန်ကျင်းမြို့ရှိ Wanda Vista ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီးတွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်အတူ အိန္ဒိယ နိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်း ရေး ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ အစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက် ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ နိုင်ငံ၌ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အိန္ဒိယ နိုင်ငံမှ ထောက်ခံအားပေးလျက်ရှိမှုနှင့် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေး အဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအား SCO အဖွဲ့ဝင်ဖြစ်စေ ရေး အိန္ဒိယနိုင်ငံမှ ထောက်ခံပေးလျက်ရှိမှုအခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ အား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။