တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် တီယန်ကျင်းမြို့ရှိ Tangla Hotel ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်တက္ကသိုလ်၏ ဒုတိယအဓိပတိ ပါမောက္ခ Prof. Gong Wei ဦးဆောင်သော တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ် ကြီးနှင့် တပ်မတော်အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဂြိုလ်တုနည်းပညာဆိုင်ရာကိစ္စရပ်များ၊ မြန်မာ နိုင်ငံအတွက် နည်းပညာတတ်ကျွမ်းသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေး နိုင်ရေး ဝူဟန်တက္ကသိုလ်မှ ကူညီဆောင်ရွက်ပေးနိုင်သည့်အခြေအနေများ၊ ဝူဟန် တက္ကသိုလ်၏ သမိုင်းကြောင်းနှင့် နိုင်ငံတကာမှကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌထံ ဝူဟန်တက္ကသိုလ်၏ ဒုတိယအဓိပတိက အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ပြီး တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။