မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ဩဂုတ် ၃၁

Monday, September 1, 2025 - 07:30

မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲကို ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တီယန်ကျင်းမြို့၊ Tangla Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာ နိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ် (UMFCCI)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေးပြောကြား

          ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ သည့်အတွက် နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ နယ်စပ်ကုန်သွယ်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး တို့သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေ ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဘက်စုံ လွှမ်းခြုံသည့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (Myanmar-China Comprehensive Strategic Cooperative Partnership)ကို နှစ်နိုင်ငံအကြား စတင်နိုင်ခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှု အလားအလာကောင်းများကို နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏတို့သည် သိသာထင်ရှားစွာ တိုးတက်လာခဲ့ကြောင်း။

          တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအများဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး  မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အဆင့် ၂ နေရာတွင်ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈,၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇,၇၀၀ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဇူလိုင်လအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ ကျော်ရှိသည့် အတွက် နှစ်နိုင်ငံအကြားကုန်သွယ်မှု ခိုင်မာအားကောင်းနေသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ဆန်၊ ပဲမျိုးစုံနှင့် နှမ်းစသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ ကျွန်း၊ သစ်မာကုန်ကြမ်းများနှင့် သစ်အခြေခံ အချောထည်ထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တန်ဖိုး မြင့် သစ်အခြေခံထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များကို ဖြန့်ဖြူးတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း။

          မိမိတို့နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ် ရာတွင် နယ်စပ်ဂိတ်များသည် အရေးပါသောကဏ္ဍမှ ပါဝင်နေကြောင်း၊ နယ်စပ်ဒေသ ကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက် အထောက်အကူပြုနေခြင်းကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်စေရန် တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း။

          ယခုအခါ မြန်မာ-တရုတ် နယ်စပ်ဒေသ မတည်ငြိမ်မှုများကြောင့် ယူနန် စီးပွားရေးကိုလည်း ထိခိုက်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင်မြန်မာနိုင်ငံ၊ အရှေ့ မြောက်ဒေသမှတစ်ဆင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့် မြူနီစပယ်ဒေသ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့အထိ ကုန်သွယ်ရေးလမ်းကြောင်းအား တိုးချဲ့ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါကုန်သွယ်ရေးလမ်းကြောင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံလုံးအတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမည့်အပြင် တရုတ် နိုင်ငံ၊ အရှေ့တောင်ပိုင်းဒေသ၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ မြန်မာနိုင်ငံကို ပေါင်းကူးတံတား (Landbridge) အနေဖြင့် အသုံးပြုပြီး အာဆီယံနိုင်ငံများကိုလည်း စီးပွားရေးဆိုင်ရာ ကုန်သွယ်ချိတ်ဆက်မှုများ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ကိုဦးစွာ အလေးထား ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

          တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအား လျှပ်စစ်စီမံ ကိန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့ကို ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိတွင် မူဆယ်-မန္တလေး မီးရထား လမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း နှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

          မန္တလေး-မူဆယ် မီးရထားလမ်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာဖြစ်သည့် မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်ပြီး တရုတ်နိုင်ငံတွင် ဆောက်လုပ် လျက်ရှိသည့် ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ် ကြောင်း၊ မူဆယ်မြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါဆုံးသော နယ်စပ် ဂိတ်တည်ရှိရာမြို့ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတန်ဖိုးပေါင်း အမေရိကန်ဒေါ်လာသန်း ၃,၂၀၀ ကျော်ရှိသည့် အနက် သန်း ၂,၀၀၀ ကျော်သည် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်မှ ကုန်စည်စီးဆင်းမှုဖြင့် ရရှိခြင်းဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါမီးရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းရှိ ပင်လယ်ထွက်ပေါက်မရှိသည့် တောင်ပိုင်းပြည်နယ်များကို မြန်မာ နိုင်ငံမှတစ်ဆင့် ပင်လယ်ထွက်ပေါက်ရရှိစေနိုင်သော အခွင့်အလမ်း ကောင်းတစ်ရပ် ဖြစ်ကြောင်း၊ မူဆယ်-မန္တလေး ရထားလမ်းသည် ကျောက်ဖြူ-ကူမင်း မီးရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်း၏ အဓိကကျသည့်အစိတ်အပိုင်း တစ်ရပ်လည်းဖြစ်ကြောင်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့်အလားအလာရှိသော အခွင့်အလမ်းကောင်းများ ဖြစ်ကြောင်း။

          မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်တည်ရှိနေ သည့်အတွက် ကုန်သွယ်မှုမျာ ပြုလုပ်ရန် အခွင့်အလမ်းများစွာရှိသည့်နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်း ရာနေရာတွင် ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့်လည်း လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံ အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံ အဆောက်အအုံကဏ္ဍများသည်  တရုတ်နိုင်ငံအတွက် အလားအလာကောင်းများရှိသည်ကို အသိပေးပြောကြား လိုကြောင်း။

          ထို့ပြင် အဆိုပါမီးရထားလမ်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး ကုန်သွယ်နိုင်မည်ဆိုပါက မိမိတို့နှင့် ပထဝီအနေအထားအရ အလှမ်းဝေးကွာသော် လည်း နှစ်နိုင်ငံလုံးနှင့်ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အထိ ကုန်သွယ်မှုပြုလုပ်နိုင်မည့် အလားအလာကောင်းများရှိသည်ကိုလည်း တွေ့ရှိရ ကြောင်း၊တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့ အလယ်တွင်တည်ရှိလျက် ရှိရာ မြန်မာ-တရုတ်-ရုရှား သုံးနိုင်ငံပူးပေါင်းပြီး ကုန်သွယ်ရေးကဏ္ဍကို တိုးချဲ့ဆောင် ရွက်နိုင်မည်ဆိုပါက ဒေသတွင်း ကုန်စည်စီးဆင်းမှုကိုလည်း များစွာအထောက်အကူ ပြုနိုင်သည့် အခွင့်အလမ်းကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း။

          ထို့ပြင် မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူ စာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သည်ကို အတည်ပြုပေးခဲ့ကြောင်း၊ RCEP သဘောတူ စာချုပ်အပြင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာသဘောတူစာချုပ် (ACFTA)နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ အကာအကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေးအစီအမံ များကြောင့် မိမိတို့နှစ်နိုင်ငံအကြားအပြင်ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကိုပါ ခိုင်ခိုင်မာမာတိုးမြှင့်ဆောင်ရွက် သွားနိုင်လိမ့်မည်ဟု  ယုံကြည်ကြောင်း။

          တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)မှာ မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ပထမ အကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့ အကြား ပိုးလမ်းမကြီးစီးပွားရေးရပ်ဝန်းနှင့် (၂၁)ရာစု ရေကြောင်းပိုးလမ်းမကြီး ကနဦး အစီအစဉ်မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် အဆိုပါစီမံကိန်းတွင်ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းတွင် ကုန်းလမ်းနှင့် ရေကြောင်း လမ်းနှစ်သွယ်ဖြင့် ပိုးလမ်းမစီမံကိန်းဆိုပြီး မဏ္ဍိုင်နှစ်ရပ်ပါရှိပြီး ပထမမဏ္ဍိုင်တွင် တရုတ်နှင့် ဥရောပနိုင်ငံများ စီးပွားရေး ချိတ်ဆက်မှု ပိုးလမ်းမသစ် (Silk Road Economic Belt)နှင့် ဒုတိယမဏ္ဍိုင်တွင်  အရှေ့တောင် အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံတို့နှင့် ရေကြောင်းဆိုင်ရာဆက်သွယ်မှု ပိုးလမ်းမ (Maritime Silk Road) ဆိုပြီး သတ်မှတ်ထားရှိကြောင်း။

          အဆိုပါစီမံကိန်းမှာ အပြည်ပြည်ဆိုင်ရာစင်္ကြံ ၆ ခုပါရှိပြီး မြန်မာနိုင်ငံအနေဖြင့် ကုန်းလမ်းနှင့် ရေလမ်း (၂)မျိုးလုံးအသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ(BCIM) စီးပွားရေးစင်္ကြံနှင့် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေး စင်္ကြံတို့တွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း။

          အဆိုပါစီမံကိန်း ၆ ခုမှာ မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းလည်း အပါအဝင် ဖြစ်ပြီး မိမိတို့အနေဖြင့် စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါမီးရထားလမ်း စီမံကိန်း သည် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့်ကဏ္ဍတစ်ခု ဖြစ်သည့်အပြင် BRI စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်စိတ် တစ်ပိုင်းအဖြစ် အထောက်အကူပြုနေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံလုံးအတွက် များစွာအထောက် အကူပြုသည့် စီမံကိန်းဖြစ်သည့်အတွက် အဆိုပါစီမံကိန်းကို အမြန်ဆုံးပြီးမြောက် နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ပြောကြားလိုကြောင်း။

          တရုတ်နိုင်ငံက ကြီးမှူးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်(Global Development Initiatives-GDI)တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ် ၈ ခုတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေခြင်းကြောင့် မိမိတို့မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လုပ်ဆောင်ရန် လွယ်ကူချောမွေ့စေရန်ရည်ရွယ်ပြီး ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်းပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ယွမ်-ကျပ် တိုက်ရိုက်ငွေ ပေးချေမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ကုန်သွယ်မှု နဲ့ ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့်သွားလိုကြောင်း၊ ထို့ကြောင့် မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ် သက်သာခွင့်များကို သိသာစွာပံ့ပို့ပေးထားသည့်အပြင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။

          လာမည့် ဒီဇင်ဘာလတွင်မြန်မာနိုင်ငံ၌လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုများ ပိုမိုအားကောင်း လာစေမည် ဖြစ်ကြောင်း၊ တည်ငြိမ်မှုရှိလာသည်နှင့်အမျှ စီးပွားရေးဆောင်ရွက်မှု အခွင့်အလမ်းများ လည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ မြေပေါ်၊ မြေအောက်၊ ရေသယံဇာတများ၊ လူသားအရင်းအမြစ်များနှင့် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းလိုက်ပါက နှစ်နိုင်ငံအတွက် သိသာသည့် ရလဒ်ကောင်းများ ဖြစ်ပေါ်လာ စေမည်ဖြစ်ကြောင်း။

          မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံတို့ ကဲ့သို့သော စီးပွား ရေးဈေးကွက်ကြီးမားသည့် နိုင်ငံများနှင့်လည်း နီးကပ်စွာ မဟာဗျူဟာအချက်အချာ ကျကျ တည်ရှိနေခြင်ကြောင့် ကမ္ဘာ့နိုင်ငံများအားလုံး၊ အထူးသဖြင့် တရုတ်နိုင်ငံ ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်း ထားရှိကြောင်း။

          မိမိအနေဖြင့် ယခုကဲ့သို့ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင် များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် နှစ်နိုင်ငံအကြား များစွာအကျိုး ဖြစ်ထွန်း စေမည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို မျှဝေဆွေးနွေးခွင့် ရရှိသည့် အတွက်အထူးပင်ဝမ်းမြောက်မိကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင် ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ် ကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ရေရှည် တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း  ဖြင့် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များနှင့် လိုအပ်ချက်များအား အသီးသီးဆွေးနွေးပြောကြား

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံကုမ္ပဏီများမှမြန်မာနိုင်ငံတွင် လာ ရောက်ရင်းနှီး မြှုပ်နှံမှုများဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှချမှတ် ထားသည့် ပို့ကုန်သွင်းကုန်မူဝါဒများအားသိရှိလိုမှု၊ မြန်မာနိုင်ငံ၌ EV ကားများ တပ်ဆင်ထုတ်လုပ်နေမှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးချဲ့ဆောင်ရွက်လိုမှု နှင့် အခွန်နှုန်းထားများအားသိရှိလိုမှု၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် စွန့်ပစ်အမှိုက်များအသုံးပြု၍ စွမ်းအင်ထုတ်လုပ်ခြင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လိုမှု၊ မြန်မာနိုင်ငံ၏ သတ္ထုတူးဖော်ရေးလုပ်ငန်းများ အဆင့် မြှင့်တင်နိုင်ရေးနှင့် စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍမြှင့်တင်နိုင်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လိုမှု၊ သယံဇာတများထုတ်ယူသုံးစွဲခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဆောင်ရွက်လိုမှုများနှင့် ရင်းနှီးမြှုပ်နှံ မှုများဆောင်ရွက်ရာတွင်ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် မြန်မာနိုင်ငံအစိုးရမှ ဖြေရှင်းပေးနိုင်မည့်အခြေအနေများ၊ ကုမ္ပဏီများအလိုက်မှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ချမှတ်ထား သည့်ပို့ကုန်သွင်းကုန်မူဝါဒများအားသိရှိလိုမှု၊ နှစ်နိုင်ငံစီးပွားဆက်သွယ်မှု လမ်းကြောင်း များအား ယခုထက်ပိုမိုပွင့်လန်းလာစေရေး ဆောင်ရွက်နိုင်ရန်လိုအပ်မှု၊ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး လုပ်ငန်းများဆောင်ရွက်ပေးရန်လိုအပ်မှု၊ တရုတ်နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက် အကျိုးကျေးဇူး များစွာကို ဖော်ဆောင်ပေးနိုင်မည့်အခြေအနေများ၊  ယခုကဲ့သို့တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ်အချိန်ပေး၍ လက်ခံဖြေကြား ဆွေးနွေးပေးသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအားအထူးပင် ကျေးဇူး တင်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာမေးမြန်းဆွေးနွေးကြ သည်။

သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက အသီးသီးပြန်လည် ဆွေးနွေးပြောကြား

ထိုကဲ့သို့ တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏ မေးမြန်းဆွေးနွေး မှုများနှင့်ပတ်သက်၍ ခရီးစဉ်တွင်လိုက်ပါလာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်မှ ပြည်ထောင်စု ဝန်ကြီးများက ပြန်လည်ဆွေးနွေး ပြောကြားရာတွင် မြန်မာနိုင်ငံ၌ EV ကားများအား SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်လျက်ရှိမှု၊ EV ကားများ၏ သွင်းကုန်လိုင်စင်နှင့် ပတ်သက်၍လည်း အခွန်ကင်းလွတ်ခွင့်ပေးထားမှု၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိမှု၊ စွမ်းအင်နှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်စွမ်းအားနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများ နှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

ဆွေးနွေးမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြောကြား

ဆွေးနွေးမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ပြောကြားရာတွင် မိမိတို့နိုင်ငံတွင်လက်ရှိအချိန်၌ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် EV ကားများကိုလက်ရှိအချိန်တွင် တင်သွင်းခွင့်ပေးထားပြီး SKD စနစ်ဖြင့် ထုတ်လုပ် ရောင်းချခွင့်ပြုထားကြောင်း၊ နောင်အနာဂတ်တွင် ယခုထက်ပိုမိုတိုးတက် ထုတ်လုပ် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခွန်အခများလျှော့ချနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ သီလဝါစီးပွားရေး ဇုန်တွင်ရင်းနှီးမြှုပ်နှံထုတ်လုပ်ခြင်းနှင့် မြန်မာလုပ်ငန်းရှင်များနှင့် ပူးပေါင်းထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ ပြန်လည်တင်ပို့ခြင်းများကို ဆောင်ရွက်နိုင်ကြောင်း၊ မိမိအနေဖြင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လောင်စာဆီသုံးစွဲသည့် မော်တော်ယာဉ် များလျှော့ချပြီး လျှပ်စစ်ကားများ အသုံးပြုမှုတိုးမြှင့်နိုင်ရေးသည် မိမိ၏ ရည်မှန်းချက် ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ EV ကားထုတ်လုပ်သူများအနေဖြင့် မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန်တိုက်တွန်းပြောကြားလိုကြောင်း။

သတ္ထုတူးဖော်မှုအဆင့်မြှင့်တင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် သဘာဝသယံဇာတပစ္စည်းများအား ကုန်ကြမ်းအဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းကို ခွင့်မပြုထားသော်လည်း ကုန်ချောအဖြစ်ထုတ်လုပ်၍ တင်ပို့ခြင်းကို ခွင့်ပြုပေးထားကြောင်း၊ သယံဇာတများထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံတွင်သတ္ထုထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လိုပါက မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးသွားရန်ဖိတ်ခေါ်ပါကြောင်း။

စွမ်းအင်ကဏ္ဍနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းများ အတွက်လည်း လာရောက် ဆွေးနွေးနိုင်ကြောင်း၊ မိမိအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ် မှုကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး Waste To Energy ကိုလည်း ဒုတိယဦးစားပေးအနေဖြင့်စိတ်ဝင်စားကြောင်း၊ သို့သော် ထုတ်လုပ်မှုအတွက် ကုန်ကျ စရိတ်ကို ထည့်သွင်းတွက်ချက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ဆန်၊ ပဲ၊ ပြောင်း စသည့်သီးနှံများကို များကိုအဓိကထားတင်ပို့လျက်ရှိကြောင်း၊  မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ်စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်းများ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လို ကြောင်းဖြင့်ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြော ကြားရာတွင်ယနေ့တွေ့ဆုံပွဲ အခမ်းအနား၌ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆွေးနွေးသွားကြသည်ကိုတွေ့ရကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် နယ်နိမိတ် ချင်းထိစပ်နေသည့် အိမ်နီးချင်းကောင်းနိုင်ငံ၊ ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုများဆောင်ရွက်နိုင် ရန်အတွက် ကုန်သွယ်မှုများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လို ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးထုတ်ကုန်များကို အဓိကထားထုတ်လုပ် သည့်နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသို့တင်ပို့နိုင်သည့် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန် များရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကဲ့သို့ ဆန်အမျိုး အစားများလည်းရှိကြောင်း။

ယနေ့ တွေ့ဆုံဆွေးနွေးမှုများသည် အောင်မြင်သည့်တွေ့ဆုံဆွေးနွေးမှုပင် ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး နှင့်တွေ့ဆုံဆွေးနွေးခဲ့ချိန်၌လည်း အောင်မြင်မှု ရှိသည့် တွေ့ဆုံဆွေးနွေးမှုများရရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်နိုင်ငံအတွက် လိုအပ်သည့် ပစ္စည်းများကို မြန်မာနိုင်ငံမှတင်ပို့၍ရနိုင်ကြောင်း၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများမှာ ကာလရှည်ကြာရှိပြီဖြစ်ပြီး လက်ရှိအချိန်တွင် ဈေးကွက် စီးပွားရေးစနစ်ကိုဖော်ဆောင်နေခြင်းဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် စိတ်ပါဝင်စားပါက မြန်မာနိုင်ငံသို့လာရောက်၍ ဆွေးနွေးဆောင်ရွက်နိုင်ကြောင်း၊ လျှင်မြန်စွာအကောင်အထည်ဖော်နိုင်ပြီး နှစ်ဖက်အကျိုးဖြစ်ထွန်းမှုများကို ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ဖွဲ့စည်း ၍ ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖွံ့ဖြိုး တိုးတက် သည့်နိုင်ငံတစ်ခုဖြစ်ပြီး မိမိရောက်ရှိသည့်အချိန်အတိုင်း တိုးတက် ပြောင်းလဲ မှုများရှိသည်ကိုမြင်တွေ့ရကြောင်း၊ မိမိတို့အနေဖြင့်လည်း မြန်မာနိုင်ငံအရှိန်အဟုန်ဖြင့် ဖွံဖြိုးတိုးတက်ရေး ဆောင်ရွကသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိတ်ဆွေနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများလိုအပ်သဖြင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ အစွမ်းကုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး အဆွေတော်တို့၏ ကြိုးပမ်း ဆောင်ရွက်မှုများကိုလိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတွက် မြန်မာနိုင်ငံမှ ဖိတ်ခေါ်ပါကြောင်း တရုတ်-မြန်မာချစ်ကြည်ရင်းနှီမှု ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့်ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့်  စီးပွားရေးလုပ်ငန်းရှင်များ နှင့်အတူ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ် (UMFCCI)မှ တည်ခင်းဧည့်ခံသည့်နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်၊ နေ့လည်စာသုံးဆောင်အပြီးတွင် မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် လက်ဖက် သုပ်သုပ်နည်းအား တာဝန်ရှိသူများက သရုပ်ပြသကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးပွဲကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်း အေဂျင်စီတို့အကြား သတင်းဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်၊ မြန်မာနိုင်ငံကုန်သည်နှင့် စက်မှလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စားလုပ်ငန်းများအသင်း (CASME) တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ၊ မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်း ဆောင်ရွက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း(MICA) နှင့် တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စားလုပ်ငန်းများအသင်း(CASME) တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ၊ ရွှေသံလွင်ဟိုးလ်းဒင်းကုမ္ပဏီလီမိတက် နှင့် China Harbor Engineering Co.,Ltd.(CHEC) တို့အကြားပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာနားလည်မှုစာချွန်လွှာ၊ Royal Green Ocean Co., Ltd. နှင့် Jiangxi Longzheng Technology Development Co., Ltd. တို့အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ Yunnan Baoshan Hengyi Industrial Group Co., Ltd. (HYIG)နှင့် Transland Public Co., Ltd. (TPC) တို့အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာနားလည်မှုစာချွန်လွှာ၊ Platypus Public Co., Ltd နှင့် China Enerever Solutions (Shanghai) Co., Ltd. တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည် မှုစာချွန်လွှာ တို့အား ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန် ရှိသူများက အသီးသီးလက်မှတ်ရေးထိုးခဲ့ကြကြောင်းသတင်းရရှိသည်။