TNLA နှင့် MDY-PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ပူးပေါင်းအဖွဲ့ ခေတ္တစိုးမိုးထားသည့် အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင် သတ္တုတွင်းဒေသအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်၊ ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ မူလအတိုင်း ပြန်လည်ဖော်ဆောင်ပေးန

Thursday, August 28, 2025 - 17:45

TNLA နှင့် MDY-PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ပူးပေါင်းအဖွဲ့ ခေတ္တစိုးမိုးထားသည့် အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင် သတ္တုတွင်းဒေသအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်၊ ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ မူလအတိုင်း ပြန်လည်ဖော်ဆောင်ပေးနိုင်မည်ဖြစ်

နေပြည်တော်၊ ၂၀၂၅ ဩဂုတ် - ၂၈

            NUG အမည်ခံ ပြည်ဖျက်အကြမ်းဖက်အဖွဲ့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပျက်စီးစေရန်ရည်ရွယ် ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ရပ်များ ဖြစ်သည့် လုံခြုံရေးအားနည်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဒေသ အချို့အား အင်အားသုံးတိုက်ခိုက်ခြင်းများပြုလုပ်ပြီး ဒေသခံပြည်သူများ၏ နေအိမ် များ၊ အစိုးရ အုပ်ချုပ်မှုအဆောက်အအုံများနှင့် လမ်း၊ တံတားကြီးများအား မီးရှို့ ဖျက်ဆီးဖောက်ခွဲခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်နှင့် အမြတ်တနိုးပစ္စည်းများ အား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ လက်နက်များဖြင့် ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ နေ့စဉ် ထမင်း၊ ဟင်း ချက်ပြုတ်၍ ပံ့ပိုးပေးရခြင်း၊ နိုင်ငံ့ ဝန်ထမ်းများနှင့် ရဟန်း၊ သံဃာများအား အစိုးရ၊ တပ်နှင့် ရဲသတင်းပေး ခေါင်းစဉ် တပ်၍ ဖမ်းဆီးသတ်ဖြတ်ခြင်းများ အပါအဝင် အဓမ္မလူသစ်စုဆောင်းခြင်းများ လုပ် ဆောင်လျက်ရှိကြရာ အဆိုပါ အကြမ်းဖက်လုပ်ရပ်များကြောင့် ၎င်းတို့ ရောက်ရှိရာ ဒေသများ၌ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် လူမှုစီးပွားဘဝများ အဘက်ဘက်က ချွတ်ခြုံကျခဲ့ရသည်။

            ထို့ပြင် စိတ်ကူးယဉ်စစ်ရေးအိပ်မက်တစ်ခုဖြစ်သည့် နိုင်ငံ၏ ကုန်စည်ကူးသန်း မှုနှင့် လမ်းပန်းဆက်သွယ်မှုအချက်အခြာတစ်ခုဖြစ်သည့် မန္တလေးမြို့ကို သိမ်းပိုက်နိုင် ရေးအတွက်လည်း TNLA လက်နက်ကိုင်အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းကာ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ ကြံစည်လုပ်ဆောင်လာခဲ့သည်။

            NUG သည် မန္တလေး၊ စစ်ကိုင်းနှင့် မိတ္ထီလာ လွင်ပြင်တို့မှ လူငယ်လူရွယ်များ၊ DCS ပြုလုပ်သည့် သစ္စာဖောက် ဝန်ထမ်းများကို မက်လုံးပေးစည်းရုံးသိမ်းသွင်း၍ အကြမ်းဖက်သင်တန်းများပို့ချကာ MDY - PDF အမည်ခံအကြမ်းဖက်သမားများအဖြစ် မွေးထုတ်ခြင်း၊ ဖြစ်သည့်နည်းဖြင့်အဓမ္မ အင်အားစုဆောင်းခြင်း၊  လှုံ့ဆော်အားပေး ခြင်းနှင့်အတူ TNLA အကြမ်းဖက် အဖွဲ့များကပါ ပူးပေါင်း၍ ၎င်းတို့၏ စိတ်ကူးယဉ် စစ်ရေးအိပ်မက်ဖြစ်သော မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှစ၍ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး ဆက်စပ်ဒေသများ၌ ရှမ်း-မန်း စစ်ဆင်ရေးအမည်ဖြင့် စစ်ရေး အကြမ်းဖက်မှုများကို စတင်ဖော်ဆောင်လာခဲ့ကြသည်။ ၎င်းတို့သည် မန္တလေးမြို့အား အလုံးစုံသိမ်းယူရရှိနိုင်ရေးအတွက် မတ္တရာစစ်ကြောင်း၊ ပုသိမ်ကြီးစစ်ကြောင်း၊ ပြင်ဦးလွင် စစ်ကြောင်း စသည့်စစ်ကြောင်းများ သတ်မှတ်ကာ မန္တလေးသို့ဦးတည်၍ တိုက်ကွက်များဖော်ဆောင်လာခဲ့သည်။ ထိုသို့လုပ်ဆောင်လာစဉ် မိုးကုတ်-သပိတ်ကျင်း-မတ္တရာ - မန္တလေး လမ်းကြောင်းတစ်လျှောက်နှင့် အနီးပတ် ဝန်းကျင်ရှိ   မြို့/ရွာများနှင့် နိုင်ငံအကျိုးပြု အစိုးရနှင့်ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ များတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်စခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းများကို ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)စစ်ရေးလှုပ်ရှားမှုနှင့်အပြိုင် လုပ်ဆောင်လာခဲ့ကြပြီး မန္တလေးသို့ရောက်ရှိနိုင်ရေးကြိုးပမ်းလာခဲ့ကြသည်။ 

            ထိုကဲ့သို့ အကြမ်းဖက်သမားများ၏သာလွန်အင်အားများဖြင့် တိုက်ကွက်ဖော် ဆောင်လာခဲ့မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့/ရွာများနှင့် နိုင်ငံအကျိုးပြု စက်ရုံ၊ အလုပ်ရုံများ ၎င်းတို့လက်အောက်သို့ ကျရောက်မှုမရှိစေရေးအတွက် မိမိတို့၏ အသက်ကိုပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာ အပြင်းအထန်ခုခံခဲ့ကြသော်လည်း အကြမ်း ဖက်သမားများအနေဖြင့်လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအားအဓမ္မခြိမ်းခြောက်လူသစ်စုခြင်းဖြင့် သာလွန်အင်အားဖန်တီးလာခြင်း၊ လူသား တံတိုင်းအဖြစ်အသုံးပြုတိုက်ခိုက်လာခြင်းတို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရရှိမှုများပြားလာကာ ပြည်သူလူထု၏ နေအိမ်များ၊ နိုင်ငံ အကျိုးပြုစက်ရုံအလုပ်ရုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရေးတို့အတွက် ကြားခံစစ်အဆင့်ဆင့်ဖြင့် စနစ်တကျ ဆုတ်ခွာပေးပြီး မတ္တရာဒေသ၌ အချိန်ကာလ တစ်ခုအထိ မဆုတ်တမ်းခံစစ်စည်းသတ်မှတ်၍ စနစ်တကျဟန့်စစ်ဆင်ခြင်းနှင့် တန်ပြန်သွေးတိုးစမ်းတိုက်ခိုက်ချေမှုန်းခြင်းများ ပြုလုပ်ခဲ့သည်။ မတ္တရာဒေသ၏ အရှေ့ ဘက်ရှိ TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အနေဖြင့်  မန္တလေးသို့ ရောက်ရှိနိုင်ရေး မတ္တရာဒေသအား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော် လည်း တပ်မတော်သားများ၏ လှေခွက်ချည်းကျန် အလံမလဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက်၊ ဒေသခံပြည်သူများအတွက် စွန့်လွှတ်စွန့်စားစွာဖြင့် အပြင်းအထန်ဟန့်စစ်ဆင်ခုခံမှု များကြောင့် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်စစ်မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် လအတွင်း မတ္တရာမြို့၏ မြောက်ဘက် ရေနံ့သာကျေးရွာတစ်ဝိုက်၊ အရှေ့ဘက်ရှိ နိုင်ငံအကျိုးပြု အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်သတ္တုတွင်းနေရာ တစ်ဝိုက်တို့တွင် ရပ်တန့်သွားခဲ့သည်။

            ထိုသို့ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုရပ်တန့်ချိန်အတွင်း အကြမ်းဖက် သမားများအနေဖြင့် ယင်းဒေသတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်း ဥစ္စာများအား ဖောက်ထွင်းယူဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လက်နက် အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများမှ စက်ပစ္စည်းကိရိယာများ၊ ယာဉ်ယန္တရားများ၊ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ စက်ရုံထုတ် ကုန်ကြမ်း၊ ကုန်ချောများအား အသုံးပြု၍ စစ်ရေးပြင်ဆင်ခြင်း၊ ကိုယ်ကျိုးစီးပွားအတွက်အသုံး ချခြင်းနှင့် နိုင်ငံ့အဖိုးတန်ထုတ်လုပ်ပြီးသတ္တုတွင်းထွက် ရတနာပစ္စည်းအရိုင်းများကို ထုတ်ယူရောင်းချ၍ ကိုယ်ကျိုးစီးပွားဆောင်ရွက်ခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ် များကို လုပ်ဆောင်ခဲ့ကြသည်။

            TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ အနေဖြင့် NUG ၏ တွန်းအားပေးမှုနှင့်အတူ မတ္တရာဒေသအား အပြီးတိုင်သိမ်းပိုက်နိုင်ရေး အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်သတ္တုတွင်းနေရာ၌ အခိုင်အမာ ခြေကုပ်ယူ၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှစ၍ မတ္တရာဒေသအရှေ့ဘက် မြကန်သာကျေးရွာရှိ  အင်အားနည်း ကာကင်းစခန်းတစ်ခုကို သာလွန်အင်အားအသုံး ပြုတိုက်ခိုက်ခဲ့ရာ အဆိုပါကာကင်း စခန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်ညပိုင်းတွင် ဗျူဟာအရ ခေတ္တ ခွာစစ်ဆင်၍ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ကြိုတင်စုဖွဲ့ထားသည့် အဓိကချေမှုန်းရေးတပ်များက အမြောက်၊ လက်နက်ကြီးပစ်ကူ ဖြင့် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ကစဉ့် ကလျား ဆုတ်ခွာထွက်ပြေးခဲ့သည်။

            ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ နေရာယူစုဖွဲ့ထားသည့် နိုင်ငံအကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိနိုင်ရေး အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ အသေးစိတ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှစ၍ မတ္တရာဒေသတစ်ဝိုက်ရှိ အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာစုဖွဲ့ထားသည့် အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်သတ္တုတွင်း တို့အား အပြီးတိုင်ချေမှုန်း သုတ်သင်ရန် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး စတင် ဆောင်ရွက်ခဲ့ရာ မတ္တရာ-ဘိုကုန်း-ကျောက်တံတားဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ မြကန်သာကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ပန်းစလောင်းတောင်ဘက်မှ စစ်ကြောင်းတစ်ကြောင်း၊  ဘိုင်ပင်ရွာဘက်မှ စစ်ကြောင်း စစ်ကြောင်းတစ်ကြောင်း စသည်ဖြင့် စစ်ကြောင်း ၄ ကြောင်းဖြန့်၍ တန်ပြန်တိုက်စစ်များ အရှိန်အဟုန်မြှင့် အဆင့်ဆင့်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသခံပြည်သူများ၏ အပြည့်အဝအားပေးထောက်ခံမှု၊ တိုက်ပွဲဝင် အရာရှိ၊ စစ်သည်များ၏ စိတ်ဓာတ် ခွန်အားတက်ကြွမှု၊ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှုတို့ဖြင့် စစ်နည်းဗျူဟာမြောက် “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း” ခြင်းအားအဆင့်ဆင့် ပေါင်းစပ်၍ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ နေရာများဖြစ်သော ကွန်ကရိဘန်ကာများ၊ မြေအောက်ကတုတ်ကျင်းများ၊ မြေခွေးကျင်းများဖြင့်  တည် ဆောက်ထားသည့် အခိုင်အမာနေရာအသီးသီးကို အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းနိုင် ခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် MDY-PDF အမည်ခံအကြမ်းဖက်သမားများ အခိုင်အမာစုဖွဲ့ထိန်းချုပ်ထားသည့် ဖယောင်းတောင် သတ္တုတွင်းဒေသအား လည်း ကောင်း၊ ဩဂုတ် ၂၈ ရက်၊ ယနေ့တွင် အယ်လ်ဖာဘိလပ် မြေစက်ရုံအားလည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအနည်းဆုံး၊ စက်ရုံ၊ အလုပ်ရုံများပျက်စီးမှု အနည်းဆုံးဖြင့် အောင်မြင်စွာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက် သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် မတ္တရာဒေသမြောက်ဘက်ခြမ်းသို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

            ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ဆင်ရေးကာလ ၁ လ ၇ ရက်အတွင်း TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲကြီး ငယ် (၂၄) ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် အသက် ပေးလှူ၊ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၁၅‌ လောင်း၊ လက်နက်မျိုးစုံ ၄၆ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်း ရမိခဲ့သည်။

            ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက် သမားများပူးပေါင်းအဖွဲ့သည် ၎င်းတို့၏အခိုင်အမာနေရာများအား အယ်လ်ဖာဘိလပ် မြေ စက်ရုံမှထွက်ရှိပြီး ဘိလပ်မြေများ၊ အယ်လ်ဖာတံဆိပ်ပါ ဘိလပ်မြေအိတ်ခွံ အမြောက်အများကို အသုံးပြု၍ ကွန်ကရိဘန်ကာများ၊ မြေခွေးကျင်းများနှင့် ဆက် သွယ်ရေးမြောင်းများကို တည်ဆောက်တုန့်ပြန်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ အခိုင်အမာ နေရာများပြုလုပ်၍ တပ်မတော်စစ်ကြောင်းများကို အဆင့်ဆင့်ပိတ်ဆို့တိုက်ခိုက်ခဲ့ သော်လည်း တပ်မတော်စစ်ကြောင်းများက စက်ရုံနှင့် သတ္တုတွင်းနေရာများ ပြန်လည် သိမ်းပိုက်ရာတွင် စက်ရုံ၊ အလုပ်ရုံ နေရာများရှိ အဆောက်အအုံများနှင့် စက်ပစ္စည်း ကိရိယာများ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေး ဂရုပြု၍ ကန့်သတ်ချက်များ ကြားမှ ထိန်းထိန်းသိမ်းသိမ်းဖြင့် တိုက်စစ်ဆင်ခဲ့ရသည်။

            အယ်လ်ဖာဘိလပ်မြေစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၁၇ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းများစတင်ခဲ့ကာ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်လုပ်မှုများ ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစက်ရုံတွင် နိုင်ငံခြားသားပညာရှင် ၈၀ ဦး၊ ပြည်တွင်း လုပ်သား ၃၀၀ ဦးတို့ဖြင့် လည်ပတ်လျက်ရှိပြီး တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ထွက်ရှိကာ ဒေသတွင်းဘိလပ်မြေလိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးလျက်ရှိ သည့်စက်ရုံတစ်ရုံဖြစ်သည်။ အဆိုပါ ဘိလပ်မြေစက်ရုံအား အကြမ်းဖက်အဖွဲ့များက အခိုင်အမာနေရာအဖြစ် အင်အားစုဖွဲ့နေသည့်အချိန်တွင် စက်ရုံ လည်ပတ်နိုင်ခြင်းမရှိ သည့်အတွက် ဒေသတွင်း ဘိလပ်မြေလိုအပ်ချက်များပြားပြီး ဈေးနှုန်းကြီးမြင့်မှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးသည့် အခြေအနေများကို ဒေသခံပြည်သူများ အနေဖြင့် ခက်ခဲစွာရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပွား ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ အဆောက်အအုံများ ထိခိုက်ပျက်စီး မှုများ များပြားခဲ့ပြီး အဆိုပါ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များအတွက် ဘိလပ်မြေ လိုအပ်ချက်များ များစွာဖြစ်ပေါ်ခဲ့ရာ အကြမ်းဖက်သမား များ၏ အကြမ်းဖက်လုပ်ရပ်များသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် ထိခိုက်နစ်နာမှုများ များစွာ ဖြစ်ပေါ်စေခဲ့သည်။

            အလားတူ ဖယောင်းတောင်သတ္တုတွင်း(ရွှေသန့်စင်)လုပ်ငန်းကို သတ္တုတွင်း ဝန်ကြီးဌာနမှ ၁၉၈၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ နိုင်ငံ့အကျိုးစီးပွားအတွက် လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး ၁၉၉၈ နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင်စက်ရုံ အဖြစ် လုပ်ငန်းငှားရမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သတ္တုတွင်းလုပ်ငန်း အနေဖြင့် နိုင်ငံ့အဖိုးတန်ရွှေသတ္တုအရိုင်းများအား ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်းလုပ်ငန်း များဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထု၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုး ပြုလျက်ရှိသကဲ့သို့ ဝန်ထမ်းပေါင်း ၁၇၀ ကျော်ကိုလည်း အလုပ်အကိုင်အခွင့်အလမ်း များဖော်ဆောင်ပေးလျက်ရှိသည့် အကျိုးပြုလုပ်ငန်းတစ်ခု ဖြစ်သည်။ TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ ခေတ္တစိုးမိုးထားသည့်အချိန် အတွင်း လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်သွားခဲ့ရခြင်း၊ နိုင်ငံ့အဖိုးတန်ထုတ်လုပ်ပြီး သတ္တုတွင်းထွက်ပစ္စည်းအရိုင်းများကို ထုတ်ယူရောင်းချ၍ PDF ခေါင်းဆောင် အသီးသီးက ကိုယ်ကျိုးစီးပွား ဆောင်ရွက်ခြင်းတို့ကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် စက်ရုံဝန်ထမ်းများအတွက် များစွာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

            ယခုအခါ TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်း အဖွဲ့ ခေတ္တစိုးမိုးထားသည့် အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင် သတ္တုတွင်းလုပ်ငန်းကို တပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ် သည့်အတွက် အကြမ်းဖက်အဖွဲ့များ ဖျက်ဆီးခဲ့သည့် စက်ရုံအဆောက်အအုံများနှင့် စက်ပစ္စည်းကိရိယာများကို လိုအပ်သည့် ပြန်လည်ပြင်ဆင်မှုများပြုလုပ်၍ စက်ရုံများ ပြန်လည် လည်ပတ်နိုင်အောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။ သို့ဖြစ်၍ ဒေသတွင်းဘိလပ်မြေလိုအပ်ချက်များကို ဈေးနှုန်းသက်သာစွာ ပြန်လည်ဖြည့်ဆည်းပေးနိုင်မည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းများလည်း ပြန်လည်ဖော်ဆောင် ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

            တပ်မတော်စစ်ကြောင်းများအနေဖြင့် မတ္တရာနှင့် သပိတ်ကျင်းမြို့နယ် အကြား TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့များ ကျန်ရှိနေ သေးသည့်နေရာများအား ဆက်လက်နယ်မြေရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရှိရပြီး နယ်မြေရှင်းလင်းခြင်းနှင့်အတူ နိုင်ငံတော်နှင့်ပုဂ္ဂလိကပိုင် အဖိုးတန် သတ္တုတွင်းထွက် ပစ္စည်းများထွက်ရှိရာနေရာများ၊ စက်ရုံ၊ အလုပ်ရုံများတို့ကိုလည်း ထိခိုက်ပျက်စီး ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။