စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်၏ (၄/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော က အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီးနောက် ပထမဆုံး ခေါ်ယူသည့် အစည်းအဝေးဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် နိုင်ငံတော်၏ ဦးစားပေး ကဏ္ဍအဖြစ်သည့်အတွက် အရေးကြီးသည်ကို ပြောကြားလိုကြောင်း။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်တွင် ပါရှိသည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industry) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး” ဟု နိုင်ငံတော်အနေဖြင့် စိုက်ပျိုး မွေးမြူရေးကို အဓိကဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ကော်မရှင်အနေဖြင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့် အတိုင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှသည် ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက် ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လူတို့၏ အဓိကလိုအပ်ချက်မှာ စားဝတ်နေရေးဖြစ်သည့်အတွက် စားဝတ် နေရေး ကို ဖြည့်ဆည်းပေးနေသည့် စိုက်ပျိုးမွေးမြူရေးနှင့် Agro Based Industry ကုန်ထုတ် လုပ်ငန်းတို့သည် အဓိကဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ရေမြေသယံဇာတ များစွာ ပေါများသောနိုင်ငံဖြစ်သည့်အတွက် စားရေး၊ ဝတ်ရေး၊ နေရေးတို့ကို စိုက်ပျိုး မွေးမြူရေးကဏ္ဍနှင့် တောတောင်သယံဇာတတို့မှ ရရှိကြသည့်အတွက် နိုင်ငံသူ၊ နိုင်ငံသားများအတွက် ပြည့်စုံသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အကြီးအကဲက ပန်းတိုင်အထွက်တိုးရေးနှင့် သီးထပ်များစိုက်ပျိုးနိုင်ရေးကို ဦးစားပေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိမိုးစပါးစိုက်ဧကများ ပန်းတိုင် အထွက်နှုန်းရရှိအောင် ကြိုးပမ်းရန်နှင့် နွေစပါးကို ရေရရှိနိုင်မှုအပေါ်မူတည်ပြီး တိုးချဲ့ စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ လယ်မြေအဖြစ် ပြောင်းလဲစိုက်ပျိုးနိုင်ခြင်းမရှိသည့် တောင်ကုန်းနေရာ များတွင် နှစ်ရှည်သစ်ပင်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းကို လမ်းညွှန်ခဲ့ပြီးဖြစ်ကြောင်း။
ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ဆောင်ရွက်ရေးသည် အရေးကြီးသည့် အတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အထူးဇုန်များ သတ်မှတ် စိုက်ပျိုးလျက်ရှိသော်လည်း ရည်မှန်းချက် မပြည့်မီနိုင်သေးကြောင်း၊ နေကြာတိုးချဲ့ စိုက်ပျိုးရေးကို ၂၀၂၂ ခုနှစ်မှစ၍ လမ်းညွှန်မှာကြားထားပြီးဖြစ်သည့် အတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ အကောင် အထည်ဖော်ဆောင်ရွက်မှုများတွင် ရလဒ်ကောင်းကိုရရှိရန် အလှမ်းကွာဝေး နေသေး သည့်အတွက် အကြိမ်ကြိမ်တွန်းအားပေး ပြောဆိုနေရခြင်းပင်ဖြစ်ကြောင်း။
ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် နေကြာတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း၊ နေကြာတိုးချဲ့စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းမြင့်မားခြင်း၊ စိုက်ပျိုး ချိန်ကာလတိုတောင်းခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုနိုင်ကြောင်း၊ နေကြာဆီပိုလျှံထွက်ရှိခြင်းဖြင့် နိုင်ငံတော်၏ စားသုံးဆီ လိုအပ်ချက်ကိုလျော့နည်းစေပြီး ပြည်ပနိုင်ငံများမှတင်သွင်းမှု လျှော့ချနိုင် ခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမည်ဖြစ်သည့်အတွက် နေကြာတိုးချဲ့ စိုက်ပျိုးရေးကိုအလေးထား၍ မူဝါဒချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ (၅၁ ဒသမ ၃ ) သန်းအတွက် လူတစ်ဦး တစ်နှစ် (၆)ပိသာနှုန်းဖြင့် တွက်ချက်ပါက ဆီတန်ချိန် ၅ သိန်း လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိ စိုက်ပျိုးနေသော မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းသီနှံများ၏ ထွက်ရှိမှုအရ စားသုံးဆီ ထုတ်လုပ်ခဲ့သော် နိုင်ငံတွင်ဖူလုံနိုင်သည်ဟု ခန့်မှန်းတွက်ချက် ရနိုင်သော် လည်း မြေပဲ၊ နှမ်း သီးနှံများမှာ လုံးဆန်အနေဖြင့်လည်း စားသုံးကြသည့် အပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချ လျက်ရှိသောကြောင့် ပြည်တွင်း ဆီဖူလုံရေးအတွက် လိုအပ်ချက်ရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စားသုံးဆီအဖြစ်သာ သုံးစွဲနိုင်မည့် နေကြာ သီးနှံကို ပိုမိုတိုးချဲ့ စိုက်ပျိုးရန်လိုအပ်လျက်ရှိပါကြောင်း၊ ယခုအခါ နှစ်စဉ် ပြည်ပမှ စားအုံးဆီ အမေရိကန်ဒေါ်လာ သန်း၅၀၀ ဖိုးခန့် တင်သွင်း နေရသည့်အတွက် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ကျစေရေးအတွက် ပြည်တွင်း၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးရန် လိုအပ်ပါကြောင်း။
အလားတူ နေကြာဆီသည် အရည်အသွေးကောင်းပြီး၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော စားသုံးဆီဖြစ်ပြီး ဈေးကွက်ဝင် သီးနှံဖြစ်သောကြောင့် စနစ်တကျစိုက်ပျိုး ထုတ်လုပ်ပါက တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက် စေမည် ဖြစ်ကြောင်း၊ ထို့ပြင် စပါးနှင့် ပဲကိုသာ အထူးပြုစိုက်ပျိုးသော သီးနှံပုံစံမှ နေကြာကို သီးနှံတစ်မျိုးအနေဖြင့် ကျယ်ပြန့်စွာ စိုက်ပျိုးနိုင်ခြင်းဖြင့် တောင်သူ လယ်သမားများ၏ စိုက်ခင်းတွင် သီးနှံမျိုးစုံလင်အောင် စိုက်ပျိုးနိုင်ကာ (Crop Diversification) ကို ရရှိနိုင် စေခြင်း၊ တစ်ဖန်နေကြာကို သီးလှည့်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ အာဟာရကိုလည်း ထိန်းသိမ်းပေးထားနိုင်သည်ဟု လေ့လာတွေ့ရှိရကြောင်း၊ လက်ရှိတွင် ပြည်တွင်းဆီဖူလုံ ရေး ဆောင်ရွက်ရာတွင် မြေပဲဆီဈေးနှုန်းသည် ထုတ်လုပ်မှု စရိတ်များသည့်အတွက် စားသုံးသူများအနေဖြင့် လက်လှမ်းမီသည့် ဈေးနှုန်းဖြစ်စေရန် ပြည်တွင်းဆီစက်များ ဆက်လက်ရှင်သန်နိုင်ရေး၊ ဆီထွက်သီးနှံ ကုန်ကြမ်းဈေးနှုန်းများ ကျဆင်းလာစေရေး အတွက် ဆီထွက်သီးနှံစုံ တိုးချဲ့စိုက်ပျိုးရေးကို မူဝါဒတစ်ခုအဖြစ် ဆောင်ရွက်သွားရမည် ဖြစ်သဖြင့် စိုက်ဧရိယာပိုမိုတိုးတက်ရေးနှင့် သီးထပ်စွမ်းအား တိုးတက်ရန် ဆောင်ရွက် ရေးတို့ကို တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် အောင်မြင် အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
“နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့်အတိုင်း စိုက်ပျိုးရေးကဏ္ဍ တွင်လည်း စိုက်ပျိုးရေးပညာရပ်ကို မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ပြီး လက်ရှိတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်များအပြင် မိမိတို့ အစိုးရလက်ထက်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၈၉) ကျောင်း ဖွင့်လှစ် နိုင်ခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူ (၅၀၉၁)ဦး လာရောက် အပ်နှံ တက်ရောက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများတွင် လူသားအရင်း အမြစ် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူး ပြန်လည် ရရှိမှုနှုန်း အလွန်မြင့်မားပြီး ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးတွင် အဓိကအခန်း ကဏ္ဍတွင်ပါဝင်နေကြောင်း။
စိုက်ပျိုးရေရရှိရေးအတွက် လက်ရှိနိုင်ငံတစ်ဝန်းတွင် ရေလှောင်တမံ၊ ရေလွှဲ ဆည်၊ ဆည်ရေသောက်စနစ်၊ ရေတင်လုပ်ငန်း၊ မြေအောက်ရေ၊ စက်ရေတွင်းများမှ စိုက်ပျိုးရေပေးဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရေချိုသွင်းမြောင်း တူးဖော်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်၍ ဆိုလာစနစ်သုံး ရေသွင်းရေတင်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အရေးကြီး သီးနှံ(၁၀)မျိုးအပြင် အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကိုလည်း အရေးကြီးသီးနှံ(၃)မျိုးအဖြစ် ထည့်သွင်းသတ်မှတ်ပြီး ပန်းတိုင်အထွက်နှုန်း ရည်မှန်း ချက်ပြည့်မီရေးကို တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် အလေးထားဆောင်ရွက်ရန် အထူးတိုက်တွန်းလိုကြောင်း။
စပါးစိုက်ပျိုးသည့်တောင်သူများအား Drum Seeder များ အပြည့်အဝအသုံးပြုပြီး အစေ့ချဆောင်ရွက်ခြင်းဖြင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး နိုင်ငံတော်မှ မတည်ငွေများ အတိုးမဲ့ စိုက်ထုတ်ဆောင်ရွက်ပေးထားကြောင်း၊ Drum Seeder များကို နေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီး (၆)ခုတို့အတွက် ရှေ့ပြေးဦးစားပေး ဆောင်ရွက်ပေးထားပြီး နောက်ပိုင်းတွင် ကျန်ရှိသည့်ဒေသများတွင်လည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
ယခုနှစ် ဩဂုတ်လမှစ၍ နိုင်ငံတော်၏ စီးပွားရေးအထောက်အကူပြု သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် တောင်သူများ အဓိကလိုအပ်သော ယူရီးယား ဓာတ်မြေ ဩဇာနှင့် ၁၅ ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာတို့ကို စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးကောင်မရှင်နှင့် ယူရီယားဓာတ်မြေဩဇာတင်သွင်းဖြန့်ဖြူးရေး ဦးဆောင် ကော်မတီတို့မှ ဈေးကွက် ပေါက်ဈေးထက် ၂၅ ရာခိုင်နှုန်း အောက်လျော့နည်းသော ဈေးနှုန်းဖြင့် တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိုးသီးနှံ အထွက်နှုန်းတိုးရန်လိုအပ်သည့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးတို့၌ အဓိကဖြန့်ဖြူးပေးထားသည့်အပြင် ကျန်တိုင်းဒေသ ကြီး၊ ပြည်နယ်များအတွက်ပါ လျာထားဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်တွင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း နိုင်ရန်အတွက်လည်း “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့်အတိုင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံ အလယ်ပိုင်း ရာသီဥတုပူပြင်းသည့် ဒေသများတွင် အပူဒဏ်များလွန်ကဲစွာမခံစားရ စေရန် သစ်ပင်များစိုက်ပျိုးပေးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း။ သစ်ပင်များ မရှိပါက မြေဆီလွှာ များ ပျက်သုဉ်းလာပြီး သစ်ပင်များရှင်သန်မှုများ နည်းပါးလာပါက ကန္တာရဆူးပင်များဖြင့် ပြည့်လာမည်ဖြစ်သည့်အတွက် ထိုသို့မဖြစ်ပေါ်စေရန် သစ်ပင်များစိုက်ပျိုး၍ ကြိုတင် ကာကွယ်ခြင်းများကို လမ်းညွှန် ချက်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း။
အလားတူ မွေးမြူရေးကဏ္ဍသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူ ရေး တောင်သူတစ်ဦးချင်း၏ ဝင်ငွေတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ပြီး တိုးတက်လာသည့် ပြည်သူလူထုအတွက် စားရေရိက္ခာ ဖူလုံကြွယ်ဝစေရေးနှင့် အဟာရဓာတ်ပြည့်ဝစေရေး အထူးအရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် နို့စားနွားတိုးချဲ့မွေးမြူနိုင်အောင် စီမံ ဆောင်ရွက်ပြီး နို့နှင့်နို့ထွက် ပစ္စည်းထုတ်လုပ်မှုကဏ္ဍ တိုးတက်အောင် ဆောင်ရွက် ပေးခြင်းဖြင့် ပြည်ပမှနို့နှင့် နို့ထွက်ပစ္စည်း တင်သွင်းမှုကို လျော့ချနိုင်အောင် ဆောင်ရွက် ကြရမည်ဖြစ်ပြီး နို့စားနွားသာမက အသားစားနွား မွေးမြူရေးကို တိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
သိုးနှင့် ဆိတ်မွေးမြူရေးသည်လည်း နိုင်ငံအတွင်း ဖြစ်ထွန်းအောင်မြင်နေသည့် မွေးမြူရေးလုပ်ငန်းဖြစ်သည့်အပြင် ဝက်မွေးမြူရေးနှင့် ကြက်မွေးမြူရေးတွင် လက်ရှိ မွေးမြူရေးကဏ္ဍသည်လည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ် ကြောင်း၊ လှောင်အိမ်စနစ် အအေးခန်းအလုံပိတ်စနစ်များနှင့် ခေတ်မီမွေးမြူနေသည့် လုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် လူတစ်ဦးချင်း တစ်နှစ်စားသုံး ရမည့် အသားနှင့် ကြက်ဥနှုန်းထား(Per Capital Consumption) တိုးတက် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပြီး နိုင်ငံသားများ၏ ကျန်းမာရေးအဆင့် မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
ထို့အပြင် ရေချို၊ ရေငန်ငါး၊ ပုစွန်မွေးမြူရေးကဏ္ဍသည်လည်း စားရေရိက္ခာ ဖူလုံရေးအတွက်သာမက ပြည်ပဝင်ငွေရရှိရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည့်အတွက် မွေးမြူရေးကဏ္ဍကို တိုးချဲ့ဆောင်ရွက်ကြရန်နှင့် ပြည်ပ ပို့ကုန်တိုးမြှင့် တင်ပို့ကာ နိုင်ငံခြားငွေ ပိုမိုရရှိမည်ဖြစ်ကြောင်း။ မွေးမြူရေးမှ ထွက်ရှိသည့် အသား၊ ငါး များကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) အနေဖြင့် ပြောင်းလဲထုတ်လုပ် တင်ပို့ရောင်းချခြင်းဖြင့် ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး မွေးမြူသူများ အတွက်လည်း ဝင်ငွေပိုမိုရရှိစေမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူအများစု၏ အဓိကအသက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်သကဲ့သို့ နိုင်ငံ့စီးပွား ရေး၏ အသက်သွေးကြောလည်းဖြစ်ကြောင်း။ စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် အဓိက ကျသည့်အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်သူတစ်ရပ်လုံး စားရေရိက္ခာဖူလုံရေး၊ ဆန်စပါးနှင့် ဆီထွက် သီးနှံစိုက်ပျိုးရေး၊ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေး၊ အသား၊ ငါး၊ ရေထွက်ကုန် တိုးတက်ထုတ်လုပ်၍ ပြည်ပဈေးကွက်ကောင်းရရှိပြီး ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးတို့ကို ဝန်ကြီးဌာနများ အပါအဝင်၊ UMFCCI အသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ တောင်သူလယ် သမားကြီးများအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်၏ တတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များကို ကော်မရှင်အတွင်းရေးမှူးက ရှင်းလင်းတင်ပြပြီး ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကဏ္ဍများ ဘက်ပေါင်းစုံမှ တိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့ များနှင့် လုပ်ငန်းရှင်များက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးကြသည်။
ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။