၁။ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့ ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ တွင် ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရပါသည်။ ဂုတ်ထိပ်တံတားသည် နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်း ရှိသည့် မီးရထားလမ်းတံတား တစ်ခုဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူ များက လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့သော နိုင်ငံ၏ အထင်ကရနှင့် သမိုင်းဝင် တံတား ဖြစ်ပါသည်။ ဤအဖျက်လုပ်ရပ်သည် အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝနှင့် စီးပွားရေး ဆောင်ရွက်မှုများအပေါ် ပြင်းထန်စွာ ထိခိုက် စေသည်သာမက မြန်မာနိုင်ငံ၏ သမိုင်းဝင်အမွေအနှစ် တစ်ခုအား ထိခိုက်ပျက်စီးစေခြင်း ဖြစ်ပါသည်။
၂။ တံတားကြီးများဥပဒေအရ တံတားကြီး အင်္ဂါရပ်များကို ရည်ရွယ်ချက်ဖြင့် တမင် ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ တံတားရေရှည်တည်တံ့ခိုင်မြဲမှုကို ထိခိုက်စေမည့် အပြုအမူများ မပြုလုပ်ရန် တားမြစ်ထားပါသည်။ ဂုတ်ထိပ်တံတား ဖျက်ဆီးခံရခြင်းသည် အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသော အခြေခံ အဆောက်အအုံကို ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုဖြစ်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂ (ဂ) အရ အကြမ်းဖက်မှု ဖြစ်ပါသည်။
၃။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့် ရာဇဝတ်မှုမြောက်၍ တရားမျှတမှု မရှိသော အကြမ်းဖက် ကျူးလွန်မှု အားလုံးကို ပြတ်ပြတ်သားသား ရှုတ်ချကြောင်း အသိအမှတ် ပြုထားပါသည်။ ဂုတ်ထိပ်တံတားအား ဖျက်ဆီးသည့် အကြမ်းဖက်မှု လုပ်ရပ်သည် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး တို့ကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်သည်ဟု မှတ်ယူပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်