၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ  

Sunday, August 24, 2025 - 15:45

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်ပေးအပ် နေပြည်တော်၊ ဩဂုတ်-၂၄

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲ အလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့” တေးသီချင်း ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

          ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ကိုယ်စား ကော်မရှင်ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာ စကားပြောကြားရာတွင်  ယနေ့အခမ်းအနားသည် ပညာအရာတွင် ထူးချွန်ထက် မြက်သူ၊ အများထက် သာလွန်သည့် ဉာဏ်ပညာရှိသူ၊ ဇွဲ၊ လုံ့လ၊ ဝီရိယများနှင့် ရည်မှန်းချက်ထားပြီး တစိုက်မတ်မတ် ကြိုးစားအားထုတ်အောင်မြင်ကြသူများကို အသိအမှတ်ပြုပြီး ဂုဏ်ပြုဆုအပ်နှင်း ချီးမြှင့်သည့် အခမ်းအနားပင်ဖြစ်ကြောင်း၊ ထိုသို့အောင်မြင်မှုများ ရရှိခြင်းသည် လွယ်လွယ်ကူကူနှင့်ရခဲ့ခြင်းမဟုတ်ဘဲ ငယ်စဉ် ကတည်းက ပညာကို ကြိုးစား သင်ယူလိုစိတ်များ စိမ့်ဝင်စွဲမြဲခဲ့ပြီး ခိုင်မာတည် ကြည်သည့် စိတ်ဓာတ်နှင့် ရည်မှန်းချက်ပန်းတိုင်ကို မရရအောင် သန္နိဋ္ဌာန်ချ အရောက်လှမ်း ရယူနိုင်ခဲ့၍ သာရရှိခြင်း ဖြစ်ကြောင်း၊ ထိုသို့ထူးခြားသည့် ဝိသေသ ရှိသူများကို ဂုဏ်ပြုချီးမြှောက်ခြင်းသည် မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာအရ မင်္ဂလာတစ်ပါးလည်းဖြစ်ကြောင်း။

နိုင်ငံဖွံ့ဖြိုးရန်အတွက်  ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် “လူငယ် တွေရဲ့အား”နှင့်တည်ဆောက်မှ ရနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များသည် အသိဉာဏ် ပညာပြည့်ဝသည့် ပညာတတ်များဖြစ်ရန် လိုအပ်သလို နိုင်ငံတော်အနေဖြင့်လည်း ထူးချွန်ထက်မြက်သည့် ပညာတတ်လူငယ်များကို အစဉ်ချီးမြှောက် ဂုဏ်ပြုပေး လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်အဆင့် ဆုချီးမြှင့်ခြင်းကို အစဉ်အလာ ကောင်းတစ်ရပ် အနေဖြင့် ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း။

          “ပညာ” ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်း အကျိုးကို သိရှိနားလည်ပြီး စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း အသိဉာဏ်ပညာ ပြည့်စုံကြမှသာ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် စစ်မှန်သည့်အင်အားတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်စဉ်ဆက်မပြတ် တိုးတက်ခိုင်မာစေရန် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် “အမျိုးသားပညာရေးကဏ္ဍ” ကို ပညာရေးဝန်ကြီးဌာနက တာဝန်ယူပုံဖော်ပေးနေ သကဲ့သို့ ပညာရေးဝန်ထမ်းများကလည်း နိုင်ငံသားတိုင်း ပညာအလင်းရရှိစေရန်၊ ပညာရည် မြင့်မားစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ကျရာကဏ္ဍမှ ပြည်သူ့အကျိုးကို သယ်ပိုးနေသည့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်ကြောင်း၊ တစ်နည်းဆိုပါက ပညာရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို “အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် သစ္စာရှိရှိ၊ တာဝန်ကျေကျေ ဦးလည်မသုန် ထမ်းဆောင်နေကြခြင်း ဖြစ်၍ ပညာရေးဝန်ထမ်းများကိုလည်း အသိအမှတ်ပြုကြောင်းကို ပြောကြားလို ကြောင်း။

ပညာရေးသည် တစ်ဦးတစ်ယောက်ချင်းအတွက် အရေးကြီးရုံသာမက လူ့ပတ်ဝန်းကျင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကကျကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်မည်ဆိုပါက  ရွေးချယ်မှုနှင့် ဒီမိုကရေစီ သဘော တရားများ လက်တွေ့အကောင်အထည်ဖော်ရာတွင် ပညာတတ်မြောက်မှုမြင့်မားရန်လို ကြောင်း၊ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမည့် အသိဉာဏ်၊ ဗဟုသုတ၊ အတွေးအခေါ် ရှိကြရန်လိုကြောင်း၊  ထို့ကြောင့် လူငယ်များအတွက် အတတ်ပညာသာမက အသိ ပညာဗဟုသုတပြည့်ဝရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးကြောင်းကို အသိပေး ပြောကြားလိုကြောင်း။

ယခုနှစ်တွင် အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီး၏ ဆိုးရွားသည့် ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသော်လည်း နိုင်ငံတော်နှင့် ပြည်သူများ၏ တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်မှုများဖြင့် အခက်အခဲများ၊ အဟန့်အတားများကို တုံ့ဆိုင်းမှုမရှိ ကျော်လွှားနိုင်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့အပြင် တက္ကသိုလ်များ၊ ကျောင်းများကို အခက်အခဲများကြားမှ အတတ်နိုင်ဆုံး မရပ်မနား ပုံမှန်ဖြစ်အောင် ဖွင့်လှစ်ပြီး အန္တရာယ်များကြားက စိတ်ကောင်းစေတနာများဖြင့် သင်ကြားရေး အဆက် မပြတ်အောင် ကြိုးစားဆောင်ရွက်ခဲ့ခြင်းများ၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းများသည် ပညာရေးသမိုင်းတွင် မှတ်တမ်း ကောင်းတစ်ခုအဖြစ် ဂုဏ်ယူရမည် ဖြစ်ကြောင်း။

ထိုသို့အခက်အခဲများကြားက ရုန်းထပြီး စစ်မှန်သည့် အရည်အသွေးနှင့် အရည် အချင်းကို ထုတ်ဖော်ပြနိုင်ခဲ့သည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ရာခိုင်နှုန်းသည်  ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ဘာသာစုံ ဂုဏ်ထူးရှင် (၁၉၆) ဦးအထိ ပေါ်ထွက်လာခဲ့ကြောင်း။

ယနေ့တွင် ဘာသာစုံဂုဏ်ထူးရှင်များကို ရွှေစင်တစ်ကျပ်သား ဒင်္ဂါးပြား၊ ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသည့် ကျောင်းသား ကျောင်းသူ (၃၃) ဦးကို ရွှေစင်တစ်ကျပ်သားဒင်္ဂါးပြားများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေး သွားမည် ဖြစ်ကြောင်း၊ ဆုတန်ဖိုးပမာဏထက် ဆုရရှိသူများ၏ ကြိုးစားမှု၊ အောင်မြင်မှု ဂုဏ်ဒြပ်နှင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍနှင့် ထူးချွန်ထက်မြက်သည့် လူငယ်များကို ဂုဏ်ပြုချီးမြှောက်လိုသည့် ဆန္ဒကအဆမတန် သာလွန်နေသည်ဆိုသည်ကို ပြောကြား လိုကြောင်း၊ ထို့အပြင် ယမန်နှစ်ကကဲ့သို့ ဘာသာတွဲအလိုက် အမှတ်အများဆုံး ရရှိခဲ့ကြသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ပြည်ပလေ့လာ ရေးခရီးစဉ်များ စေလွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း။

ထူးချွန်မောင်မယ်များအနေဖြင့် အခြေခံပညာသင်ယူစဉ်တွင် အလေ့အကျင့် ကောင်းများနှင့် အစွမ်းကုန်ကြိုးစားခဲ့ကြသလို အဆင့်မြင့်ပညာများကို ဆက်လက် သင်ယူရာတွင်လည်း မိမိတို့ဝါသနာပါသည့်၊ စိတ်ဝင်စားသည့် ပညာရပ်များကို မှန်မှန်ကန်ကန် ရွေးချယ်ပြီး အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းလိုကြောင်း၊ အဆင့်မြင့်ပညာ သင်ယူသည့်အခါတွင် သိပ္ပံဘာသာရပ်များကို လေ့လာသင်ယူမည်ဆိုပါက  နိုင်ငံ၏စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို အထောက်အကူပြုနိုင်မည် ဖြစ်သကဲ့သို့ ဝိဇ္ဇာဘာသာရပ်များကို လေ့လာသင်ယူခြင်း အားဖြင့်လည်း မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကာကွယ် ထိန်းသိမ်းမြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဝိဇ္ဇာ နှင့် သိပ္ပံဘာသာရပ် (၂)ခုစလုံးကို တန်ဖိုးထားလေ့လာကြရန် မှာကြားလိုကြောင်း။

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွက် နိုင်ငံ့အခင်း အကျင်း သာမက ကမ္ဘာ့အခင်းအကျင်းကိုပါ မျက်ခြည်မပြတ် လေ့လာနေရန်၊ မှန်ကန် သည့်အတွေးအမြင်များ ရှိရန်လိုအပ်ကြောင်း၊  သုတေသနအခြေပြု လေ့လာမှုများ ကတစ်ဆင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးလာစေရေး ကြိုးစား အားထုတ်ရမည်ဖြစ်ကြောင်း၊  သို့မှသာ မိမိနိုင်ငံသည် ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ပြီး နောက်ကျမကျန်ရစ်မှာဖြစ်ကြောင်း။

ယနေ့ကမ္ဘာတွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ  လူမှုကွန်ရက်နှင့် မီဒီယာများ အသုံးပြုမှုများပြားလာကြောင်း၊ ထိုအထဲတွင်  ကျင့်ဝတ်မဲ့ သတင်းတု သတင်းမှားများနှင့် လုပ်ကြံသတင်းများက လွဲမှားသည့် အတွေးအခေါ်၊ အယူအဆ များ စိမ့်ဝင်လာနိုင်သည်ကို အသိ၊ သတိ၊ ဉာဏ်ပညာဖြင့် ဆင်ခြင်နေထိုင်ကြရန်လို ကြောင်း၊ လူငယ်များအနေဖြင့် ခေတ်ရေစီးကြောင်းအလိုက် ကောင်းမွန်သည့် တိုးတက်မှု နည်းလမ်းများကို ရှာဖွေရမည်ဖြစ်သကဲ့သို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များ မှေးမှိန်ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ကြပါဟု မှာကြားလိုကြောင်း။

လူငယ်များအနေဖြင့် မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို ဉာဏ်ပညာနှင့် ဆန်းစစ်၊ သုံးသပ်၊ ဆုံးဖြတ်ဆောင်ရွက်နိုင်ရန်အတွက် ကျောင်း သင်ခန်းစာများ၊ ဘဝအတွေ့အကြုံများကနေ သင်ယူနိုင်သည့်အပြင် စာအုပ်စာပေ ဖတ်ရှုခြင်းက တစ်ဆင့်လည်း လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းများတွင် စာကြည့်တိုက်များ သက်ဝင်လှုပ်ရှားရန် ဆောင်ရွက်ပေးရမည်ဖြစ် သကဲ့သို့ လူငယ်များအနေဖြင့်လည်း အကျိုးရှိသည့် စာအုပ်စာပေများကို များများ ဖတ်ရှုကြရန် အလေးအနက်ထားပြီး မှာကြားလိုကြောင်း၊ ကျောင်းစာကြည့်တိုက်များ တွင် အသက်အရွယ်နှင့် ပညာအဆင့်အလိုက် လေ့လာသင့်ပြီး အကျိုးရှိသည့် စာအုပ် စာစောင်များရှိအောင် ဖြည့်ဆည်းပေးရန်ကိုလည်း တာဝန်ရှိသူများက ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း။

ထူးချွန်မောင်မယ်များအနေဖြင့် မိမိအကျိုး၊ အများအကျိုးနှင့် နိုင်ငံ့ အကျိုး သယ်ပိုးနိုင်သည့်သူဖြစ်ရန် ပထမဦးစွာ မိမိကိုယ်မိမိ ကောင်းမွန် အောင် ကြိုးစားကြ ရန်လိုအပ်ကြောင်း၊ မိဘ၊ ဆရာသမားတို့ကို ရိုသေလေးစားပြီး ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သည့် လူတော်၊ လူကောင်း၊ လူလိမ္မာများဖြစ်အောင် ကျင့်ကြံနေထိုင် ကြရန်၊ မိမိတို့ ကိုးကွယ်သည့် ဘာသာတရား၏ အဆုံးအမနှင့် တစ်ပါးသူအပေါ် ကိုယ်ချင်းစာတရား၊ သည်းခံခွင့်လွှတ်ခြင်းဆိုသည့် အခြေခံ စိတ်ဓာတ်ကောင်းကို မွေးမြူကြရန်၊ အတ္တနှင့်ပရ အကျိုးနှစ်ဝကို မျှမျှတတ လက်ခံကျင့်သုံးကာ ဘက်ပေါင်း စုံတွင် ထူးချွန်ထက်မြက်ပြီး ဂုဏ်ကျက်သရေ တင့်တယ်သည့် နိုင်ငံ့သားကောင်းများ အဖြစ်မှသည် ကမ္ဘာ့သားကောင်းများဖြစ်အောင် ကြိုးစားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း။

ထို့အပြင် ယနေ့အချိန်တွင် လူငယ်များ၏အနာဂတ်ကို ဖျက်ဆီးနေသည့် မူးယစ်ဆေးဝါးကို အထူးရှောင်ကြဉ်ကြရန်မှာကြားလိုကြောင်း၊ “အာရောဂျံ ပရမံ လာဘံ” ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် လူတိုင်းအတွက် အရေးကြီးကြောင်း၊ ကျန်းမာသန်စွမ်းပြီး ပညာကို ဘဝတစ်လျှောက် သင်ယူနိုင်ရန် ကိုယ်လက်လှုပ်ရှား အားကစားကို လေ့လာလိုက်စားကြရန်လိုကြောင်း၊ ထို့ကြောင့် “ဗလငါးတန်”နှင့် ပြည့်စုံသည့် လူငယ်များဖြစ်အောင် ကြိုးစားပြီး ကျင့်ကြံနေထိုင်ကြရန် မှာကြားလို ကြောင်း။

အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့် ဆောင်ပုဒ်အတိုင်း KG+12 ပြီးမြောက်အောင်မြင်ခဲ့ကြသူများဖြစ်၍ ၁၂ နှစ်တာ ကာလ စည်းကမ်း စနစ်တကျနှင့် လေ့လာနေထိုင် ကြိုးစားအားထုတ်သည့် အလေ့အကျင့်ကောင်းများ ရကြသူ များဖြစ်ကြပြီး အဆိုပါ အလေ့အကျင့်သည့် မိမိဘဝ တိုးတက်မှုကို များစွာ အထောက်အကူ ပြုစေမှာဖြစ်ကြောင်း။

လူရယ်လို့ဖြစ်လာပါက စည်းကမ်းရှိရန်၊  ဥပဒေများကို လေးစား လိုက်နာ တတ်ရန်လိုကြောင်း၊ စည်းကမ်းရှိမှသာ ဥပဒေကို လေးစား လိုက်နာမှာ ဖြစ်ကြောင်း၊ စည်းကမ်းမရှိက ဥပဒေကို ဖောက်ဖျက်မိမှာ ဖြစ်ကြောင်း၊  နိုင်ငံတော်ကချမှတ်ထား သည့် စည်းကမ်းများ၊ ဥပဒေများကို လေးစားလိုက်နာမှသာ ဘေးအန္တရာယ်ကင်းပြီး တန်ဖိုး ရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာမှာဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည့်  အကြောင်းအရာများကို ငယ်စဉ်ကတည်းက သိရှိစွဲမြဲနိုင်အောင် အခြေခံပညာကျောင်းများတွင် အလေးထား သင်ကြားပေးစေလို ကြောင်း။

ကျောင်းသားလူငယ်များသည် မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်ရှိပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မိမိတို့နိုင်ငံ၏ ကောင်းမြတ်သည့်  ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ သမိုင်းကြောင်းများကို လေးစားတန်ဖိုးထား တတ်ရန် လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများတွင် နိုင်ငံတော်အလံ အလေးပြုခြင်း ၏ အဓိပ္ပာယ်နှင့် နိုင်ငံတော်သီချင်း၏ အနှစ်သာရကို ကောင်းစွာသိရှိပြီး စနစ်တကျ သီဆိုတတ်အောင် လေ့ကျင့်သင်ကြား ပေးခြင်း အပါအဝင် လူငယ်များ၏ စိတ်ကိုပါ ပြုပြင်ပေးကြရန်လိုကြောင်း။

လူငယ်များအနေဖြင့် သစ်တောသစ်ပင်များကို ချစ်မြတ်နိုးပြီး ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းကြရန်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် တတ်အားသရွေ့ ပါဝင်ကြရန်မှာကြားလို ကြောင်း။

နိုင်ငံတော်နှင့်ပြည်သူများအတွက် မကြာမီတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ကြောင်း၊ ပြည်သူများမျှော်လင့်နေသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဖော်ဆောင်မည်ဆိုပါက ရွေးကောက်ပွဲသည် အဓိကကျ ကြောင်း၊ ထို့ကြောင့်လည်း မိမိတို့အနေဖြင့်ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ (၂၈)ရက်ကစပြီး ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးပါက ထွက်ပေါ် လာသည့် အစိုးရကို နိုင်ငံ့တာဝန် လွှဲပေးသွားမည်ဖြစ်ကြောင်း။

ထို့ကြောင့် မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူအားလုံး ဆန္ဒမဲပေးနိုင်ရန်၊ လွတ်လပ်ပြီး တရားမျှတသည့်  ရွေးကောက်ပွဲဖြစ်ရန်၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်ရန်၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်များ ဖြစ်စေရေး တတ်နိုင်သမျှ ပြည့်စုံအောင် ကြိုတင်စီမံ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အသက်ပြည့်မီသည့် ကျောင်းသား ကျောင်းသူများ အပါ အဝင် မိဘပြည်သူများ၊ တိုင်းရင်းသားပြည်သူများ အားလုံးအနေဖြင့် ရွေးကောက်ပွဲ၏ အခြေအနေနှင့် အနှစ်သာရကို သိရှိကြပြီး မဲပေးခွင့်ရှိသူများ၏ အခွင့်အရေး မဆုံးရှုံး ရအောင် ဆန္ဒမဲပေးကြရန် မှာကြားလိုကြောင်း၊  နိုင်ငံတော်ကို ဒီမိုကရေစီစနစ် ကူးပြောင်းရေးတွင် နိုင်ငံသားတစ်ယောက် ရသင့်သည့် အခွင့်အရေး လက်လွတ်မခံ သင့်ကြောင်းကို ပြောကြားလိုကြောင်း။

နောက်တစ်ချက်အနေဖြင့်  ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များလည်း ရှိနေကြောင်း၊ ၎င်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကို နှောင့်ယှက်ဖျက်ဆီး ဟန့်တားခြင်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် အဓိကဖြစ်သည့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အဖျက် အမှောင့်လုပ်ရပ်များကို ထိန်းသိမ်းကာကွယ်သွားကြရန်၊ ပြည်သူအားလုံးပါဝင်ရန်နှင့် ပူးပေါင်းရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံးက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်း ပြောကြားလိုကြောင်း။

ပညာရေးဝန်ထမ်းများအနေဖြင့် လက်ရှိပညာရေးစနစ်ကို ပြန်လည်လေ့လာ သုံးသပ်ပြီး အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ထူထောင်နိုင်ရန်နှင့် နိုင်ငံကို အကျိုးပြုနိုင်သည့် ပညာတတ်လူငယ် အရေအတွက်များစွာ ပေါ်ထွက်လာအောင် ကြိုးစားဆောင်ရွက်ကြရန်၊ ထူးချွန်မောင်မယ်တွေအနေဖြင့် နိုင်ငံ့ပုံရိပ်ကို ပညာဖြင့် မြှင့်တင်ပေးနိုင်အောင် ဆက်လက်ကြိုးစားသွားကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြောင်းကို လေးလေးနက်နက်ခံယူပြီး တိုင်းပြည်တည်ဆောက်ရေးတွင် ကျရာအခန်းကဏ္ဍကနေ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရန်မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

          ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးအား တစ်ဦးချင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

          ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဝိပ္ပံဘာသာ တွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး အား တစ်ဦးချင်း ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်သည်။

          ယင်းနောက် ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ဝိဇ္ဇာဘာသာတွဲ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအားလည်းကောင်း၊ ကော်မရှင် အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဘာသာစုံ ဂုဏ်ထူး ရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား လည်းကောင်း တစ်ဦးချင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

          ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ တို့က ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများ အား တစ်ဦးချင်း ဂုဏ်ပြု ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

          ထို့နောက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

          ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက “လူချွန်လူကောင်း” တေးသရုပ် ဖော်တင်ဆက်မှုဖြင့် လည်းကောင်း၊ “မြန်မာ့ကျောင်း” တေးသီချင်းကိုသီဆို၍ လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အခမ်းအနားတက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြသည်။

          အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် ဘာသာတွဲ အလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

          ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကိုအတူတကွ သုံးဆောင်ခဲ့ကြသည်။ နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနု ပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များက ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။