နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား  TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး နေပြည်တော်၊ ဩဂုတ် ၂၄

Sunday, August 24, 2025 - 15:45

TNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်၏ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုပ်ယူ ထိုးစစ်ဆင်မှုများကို ဆက်လက်ခုခံနိုင်ခြင်းမရှိဘဲ ကစဉ့် ကလျားဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးစဉ် စစ်ရေးနှင့်မသက်ဆိုင်သည့် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသား တစ်ခုဖြစ်သည့် ဂုတ်ထိပ်တံတားအား အသိတရား ကင်းမဲ့ စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ နောင်ချိုမြို့ နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး - လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။ ဂုတ်ထိပ်တံတားကို  ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဂုတ်ထိပ်တံတားသည် တံတား အရှည် (၂⁠၂၆၀) ပေ၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၁၀၀ တွင်ရှိပြီး သက်တမ်း အနေဖြင့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိသည့် မီးရထားလမ်း တံတားတစ်ခုဖြစ်သည်။ မြန်မာပြည်၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတားဟု မှတ်ကျောက်တင်ခံရပြီး ယင်းတံတားကို တည်ဆောက် သည့် နည်းပညာအဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင် လှပမှုတို့ကြောင့် ခေတ်အဆက် ဆက် ထင်ရှားကျော်ကြားခဲ့သော တံတားတစ်စင်းဖြစ်သဖြင့် ပြည်တွင်း/ ပြည်ပ ခရီးသွားများလည်း အများအပြားလာရောက်  ကြည့်ရှုလေ့လာသည့်တံတားတစ်စင်း လည်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသား တစ်ခုဖြစ်သည့် ဂုတ်ထိပ် တံတားအား ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူများက လက် ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းများတွင်လည်း ပါဝင်ခဲ့ သည်။

တပ်မတော်အနေဖြင့် TNLA အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ် ထားသည့် နောင်ချိုမြို့အား ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့်အတူ နယ်မြေ သတင်းများ ထောက်လှမ်းရယူကာ တန်ပြန်တိုက်စစ်များဖြင့် အဆင့်ဆင့် တိုက်ခိုက် ခဲ့သောကြောင့်  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ ၁၂၀၀ နာရီချိန်ခန့်တွင် နောင်ချိုမြို့ တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှု မရရှိခြင်း၊ တပ်မတော်စစ်ကြောင်းများ၏ တန်ပြန်ထိုးစစ်များအား ဆက်လက်ခုခံနိုင် မှုမရှိခြင်းတို့ကြောင့် ထိခိုက်ကျဆုံးများစွာဖြင့် ကျောက်မဲမြို့နယ်ဘက်သို့ ကစဉ့် ကလျားဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး နောင်ချိုမြို့နယ်၊ နောင်ချို -ကျောက်မဲ ကားလမ်း ဂုတ်တွင်း အတက်လမ်းတွင်လည်းကောင်း ၊ ဂုတ်ထိပ်တံတား  ကျောက်မဲမြို့ဘက် အခြမ်းတွင်လည်းကောင်း၊ ဂုတ်ထိပ်တံတားနှင့် ကျောက်မဲမြို့ကြားရှိ နောင်ပိန်ရွာတွင် လည်းကောင်း ယာယီအခြေပြု၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများကို စစ်နည်းဗျူဟာမြောက် ခက်ခဲကြမ်းတမ်း ပင်ပန်းစွာဖြင့် ရန်သူထင်မှတ်မထားသည့် လမ်းကြောင်းများမှ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကြောင့် ဩဂုတ်လ ၂၃ ရက်နေ့တွင် နောင်ပိန် ရွာကို အပြီးတိုင် ပြန်လည်ထိန်းချုပ်ရချိန်၌ သောင်းကျန်းသူများ အနေဖြင့် ကျေးရွာရှိ လူနေအိမ်များအား ယုတ်မာရက်စက်စွာဖြင့် မီးရှို့ဖျက်ဆီးခဲ့ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထိုသို့ TNLA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဆုတ်ခွာထွက်ပြေးစဉ် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင်ဂုတ်ထိပ်တံတားအား ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သောကြောင့် ကျောက်မဲမြို့ ဘက်အခြမ်း တံတားတိုင်အမှတ်(P - 16)နှင့်  ကမ်းကပ်ခုံ (AB - 2)နေရာတို့အကြား ပေ ၆၀ အရှည်ရှိတံတားသံပေါင်နေရာ နှင့် တံတား၏ ကမ်းကပ်ခုံ(AB - 2)တို့ ပျက်စီးခဲ့ရသည်။

ယင်းကဲ့သို့ TNLA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် နိုင်ငံ၏အထင်ကရနှင့် သမိုင်းဝင်နေရာအား အသိဉာဏ် နည်းပါးယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့်လုပ်ရပ်အား ပြည်သူ လူထုတစ်ရပ်လုံးက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုံ့ချလျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် သောင်းကျန်းသူများအမြစ်ပြတ်ချေမှုန်းရေးအတွက် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို လိုအပ်သလို ပြင်းပြင်း ထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။