အခြေခံပညာကျောင်းများနှင့် မြို့နယ်ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၃ ရက်

Saturday, August 23, 2025 - 15:45

            ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ‌ကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နှင့် မိုင်းယောင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အပါအဝင် မြို့နယ် ၂၀ မြို့နယ်တို့၌ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက အခြေခံပညာ‌ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေး များခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာ ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်းဆောင်ရွက် ကြသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ရှိ ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အထွေထွေ ရောဂါကုဆေးရုံကြီးတို့၌   နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက် များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ စုပေါင်းဆောင်ရွက်ကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ပညာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။