ချောင်းဦးမြို့နယ်၊ မုံရွာ-စစ်ကိုင်းသွား ကားလမ်းမပေါ်၌ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသည်တင် မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်း ၁ ဦး သေဆုံးပြီး ခရီးသွားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ ၂၀၂၅ ဩဂုတ်-၂၂
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဉပဒေ စိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှု လုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိပြီး လမ်း၊ တံတားများ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာ အဆောက်အဉီများနှင့် လူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော အေးချမ်းစွာသွားလာလျက်ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင် ယာဉ်များနှင့် အရပ်ယာဉ်များကိုလည်း နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင် လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့တွင် မုံရွာမြို့မှ မန္တလေးမြို့ဘက်သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမား များက အကြောင်းမဲ့လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့မှ မန္တလေး မြို့ဘက်သို့ ထွက်ခွာလာသော ယာဉ်မောင်း ဦးသန်းဌေးလင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ ဦးမြတ်စိုးသူနှင့် ခရီးသွား ပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးစီးနင်း လိုက်ပါသည့် ရွှေမြန်မာယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်သည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာအကြားသို့ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ၏ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်မောင်း ဖြစ်သူ ဦးသန်းဌေးလင်း တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိကာ မော်တော်ယာဉ်ပေါ်တွင် သေဆုံး လျက်ရှိသည်ကို တွေ့ရှိရပြီး ခရီးသွားပြည်သူ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိလျက် ရှိကြောင်း တွေ့ရှိရသဖြင့် အဆိုပါဒဏ်ရာရရှိသူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချောင်းဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရ သည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွား မော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည် ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ် များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။