ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ရခိုင်ပြည်နယ်နှင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁,၈၉၉ ကီလိုတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၂၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၅ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် သတင်းအရ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးနှင့် ငါးကန်လမ်းထောင့်တွင် အောင်လင်း မောင်းနှင်လာသည့် CANTER BOX ယာဉ်နှင့် သောင်းထွန်း မောင်းနှင်လာသည့် SUBARU STELLA ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀ သိန်းအား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါစိတ်ကြွ ရူးသွပ်ဆေးပြားများအား တာဝန်ခံသယ်ဆောင်ခိုင်းသူ ထွန်းသိန်းအား ယင်းနေ့ ည ၇ နာရီခွဲအချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိဂိုထောင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်း၊ TOYOTA RUSH ယာဉ်တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း (၎င်းဒေသ တန်ဖိုးငွေကျပ် ၂၁ ဒသမ ၈ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် ည ၉ နာရီခွဲအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မောင်သိန်းချေနှင့် ကျော်စွာဝင်း(မှော်ဘီ)တို့အား မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာရှိ နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် PORTER II မော်တော်ယာဉ်၊ ISUZU MAX မော်တော်ယာဉ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊
စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် စိတ်ပြောင်း ဆေးဝါးများအား မလေးရှားရေပိုင်နက်နှင့် ရခိုင်ပြည်နယ်တို့သို့ တာဝန်ခံသယ်ဆောင်ပေးသူ ကျော်စွာဝင်း (ကွမ်းခြံကုန်း)နှင့် ပူးပေါင်းပါဝင်သူ စိုးပိုင်ဝင်းတို့အား ထားဝယ်မြို့တွင် TOYOTA SUCCEED မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊
ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန် စိတ်ပြောင်း ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ညီညီစိုးခန့်အား ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက် ကျေးရွာအုပ်စု၊ အောင်ဇေယျကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ကွမ်းခြံကုန်းမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ ပုဇွန်ကန်အနီးတွင် မလေးရှားရေပိုင်နက်သို့ ပို့ဆောင် ရန်အတွက် ကျော်စွာဝင်း(ကွမ်းခြံကုန်း)မှ သိုဝှက်ထားရှိသည့် စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁,၈၉၉ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၉၄ ဒသမ ၉၅ ဘီလီယံ) ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊
ဩဂုတ်လ ၁၃ ရက်နေ့တွင် ကျော်စွာဝင်း(ကွမ်းခြံကုန်း)မှ မူးယစ်ဆေးဝါးများ သယ်ဆောင် ရာတွင် အသုံးပြုရန်စီစဉ်ထားသည့် “အောင်စိုးလင်း”အမည်ပါ စက်လှေအား ထိန်းသိမ်းထားသူ ကျော်စိုးခိုင်နှင့်အတူ မြိတ်မြို့၊ မြိတ်မြို့တောင်ကျေးရွာ နန်းသူဇာတံတားအနီးတွင်လည်းကောင်း၊ ကံကောင်း(ဖမ်းဆီးရန်ကျန်)မှဝယ်ယူပေးထားသည့် “ငွေကသစ်”နှင့် “ဆုမြတ်နိုင်” အမည်ပါစက်လှေ ၂ စီးနှင့် ငါးဖမ်းစက်လှေ ၁ စီး တို့အား ဒေးဒရဲမြို့၊ နိဗ္ဗာန်ကွင်းရပ်ကွက်၊ တိုးမြစ်ကမ်းဘေးရှိ လွန်းကျင်း၌လည်းကောင်း၊ “အောင်မြတ်ပိုင်” အမည်ပါစက်လှေနှင့် ပဲ့ထောင်စက်လှေ ၁ စီးတို့အား ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ၌လည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့ကြောင်း၊
ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ကျော်စွာဝင်း(ကွမ်းခြံကုန်း)၏ ဖော်ထုတ်ချက် အရ မလေးရှားရေပိုင်နက်သို့ သယ်ဆောင်မည့် အိုက်စ်(မက်သ်အဖက်တမင်း)များအား ကွမ်းခြံကုန်း မြို့နယ်၊ အောင်ဇေယျကျေးရွာ၊ လက်ခုပ်ကုန်းကျေးရွာနှင့် လက်ခုပ်ကုန်း-ဆယ်အိမ်ကုန်းရွာ သွားလမ်းတို့တွင် နေရာသုံးခုခွဲ၍ မြေမြှုပ်သိုဝှက်ထားကြောင်းသိရှိရသဖြင့် ၎င်းနှင့်အတူ မြေမြှုပ် သိုဝှက်ထားရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက်ကျေးရွာနေ အောင်ကျော် (ခ)အောင်ကျော်စိုး၊ ရာကျော်(ခ)ကိုရှိုင်းနှင့် ကျော်စိန်အောင်(ခ) ကျော်ကြီး တို့အား ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့လိုက်လံပြသသည့်နေရာများမှ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၆၁၄ ဒသမ ၂ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁၄၀ ဒသမ ၃၅၅ ဘီလီယံ)အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊
ကွင်းဆက်အရ ဩဂုတ်လ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန် မလေးရှားရေပိုင်နက်သို့ တင်ပို့မည့် အိုက်စ်(မက်သ်အဖက်တမင်း)များ ကျော်စွာဝင်း(ကွမ်းခြံကုန်း)ထံ အပ်နှံထားခဲ့သူ မင်းချစ်အောင်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း၊
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် စိတ်ပြောင်း ဆေးဝါးကက်တမင်းတို့အား ရန်ကုန်တွင် သိုလှောင်စေပြီး ရခိုင်ပြည်နယ်နှင့် ပြည်ပသို့ သယ်ဆောင် ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူမှာ ကျေးသီးမြို့နယ်၊ဝမ်ဟိုင်းကျေးရွာနေ စိုင်းစု(ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ၎င်း၏အစီအမံဖြင့် လှသောင်း(ဖမ်းဆီးရန်ကျန်)နှင့် စိုင်းရီ(ဖမ်းဆီးရန်ကျန်)တို့မှ စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရန်ကုန်မြို့တွင် ခေတ္တသိုလှောင်ပြီး ရခိုင်ပြည်နယ်မှတစ်ဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်ရန် တာဝန်ခံဆောင်ရွက်သူမှာ ထွန်းသိန်း ဖြစ်ကြောင်း၊ ရန်ကုန်မှ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ တာဝန်ခံသယ်ဆောင်သူမှာ ဝင်းဇော်သိန်း(ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်သူမှာ ဝင်းခိုင် (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရှိရပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ဝင်းခိုင် ထံသို့ စိတ်ကြွရူးသွပ်ဆေးပြားများရောက်ရှိပါက AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ၎င်းတို့အဆင့် ဗိုလ်မှူး အဆင့်ရှိ ကိုရေး(အကောက်ခွန်မှူး) (ဖမ်းဆီးရန်ကျန်)ထံ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းခအဖြစ် စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြားလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် အခွန်ပေးဆောင်ရသည်ဟု သိရှိရကြောင်း၊
ရန်ကုန်မြို့မှတစ်ဆင့် မလေးရှားရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့်တင်ပို့မည့် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ပို့ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကံကောင်း (ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ၎င်း၏ စေခိုင်းချက်အရ မင်းချစ်အောင် မှ ကျော်စွာဝင်း(ကွမ်းခြံကုန်း)ထံ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ၃ ကြိမ်ခွဲ၍ အပ်နှံခဲ့ကြောင်း၊ ၎င်းအပြင် ကျော်စွာဝင်း(ကွမ်းခြံကုန်း)သည် ကြည်ဖြူ(ခ)ကျော်ဝင်းဌေး၏အစီအမံဖြင့် မလေးရှားရေပိုင်နက်သို့ မူးယစ်ဆေးဝါးများအား ကံကောင်း(ဖမ်းဆီးရန်ကျန်) ဝယ်ယူပေးထားသည့် စက်လှေများဖြင့် ပဲ့နင်း ချစ်ကို(ဖမ်းဆီးရန်ကျန်)နှင့် ကိုလတ် (ဖမ်းဆီးရန်ကျန်)တို့မှ ရန်ကုန်မှ ပင်လယ်ဝသို့ ၃ ကြိမ်၊ ကော့သောင်းမှ မလက္ကာရေလက်ကြားသို့ ၄ ကြိမ် ပို့ဆောင်ခဲ့ကြောင်း၊ ကြည်ဖြူ(ခ) ကျော်ဝင်းဌေး မှာလည်း ကော့သောင်းမြို့တွင် အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉ တန်၊ ကက်တမင်း ၁ ဒသမ ၈၇ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း ဖမ်းဆီးရမိမှုတို့ဖြင့် ၂၉-၇-၂၀၂၅ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ချမှတ်ခံထားရသူဖြစ်ကြောင်း၊
ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ၁၃ ဦး၊ ဖမ်းဆီးရန်ကျန်တရားခံ ၉ ဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ယင်းမူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့သည် စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်နှင့် မလေးရှား ရေပိုင်နက်တို့သို့ ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းတို့အား အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ထိရောက်စွာအရေးယူနိုင်ရေးနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။