နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား

Friday, June 18, 2021 - 15:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇွန်  ၁၈ 
    Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
    အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကိုကိုလွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
    ဦးစွာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်ပြန်လည် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါကမ္ဘာတစ်ဝှမ်း ကူးစက် ပြန့်ပွားမှုနှုန်းမြင့်မားလျက်ရှိပြီး ရောဂါကူးစက်သူ ၁၇၈ ဒသမ ၂ သန်းကျော်၊ ရောဂါကြောင့် သေဆုံးသူ ၃ ဒသမ ၉ သန်းကျော်ခန့် ရှိပြီဖြစ်သည်ဟုသိရှိရကြောင်း၊ အလားတူမြန်မာနိုင်ငံ တွင်လည်း COVID-19 တတိယလှိုင်း အနေဖြင့်စတင်နေသည့်အနေအထားရှိနေပြီဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများတွင်လည်း ကူးစက်မှုနှုန်းများ ကြောက်ခမန်းလိလိ များပြားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသော်လည်း ဧပြီနှင့်မေလပိုင်းများတွင် လိုက်နာမှု တဖြည်းဖြည်းအားနည်းခြင်းကြောင့် ကူးစက်မှုများ တိုးမြင့်ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လပိုင်းမှစ၍ ကူးစက်မှုစတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအထိ ပထမလှိုင်းအဖြစ်သတ်မှတ်ခဲ့ပြီး ဩဂုတ်လမှစတင်၍ ၂၀၂၁ ခုနှစ် မေလအထိ ဒုတိယလှိုင်း ဖြစ်ပေါ်ခဲ့ကြောင်း၊ မေလအစပိုင်းတွင် ကူးစက်မှုနှုန်းထားများ အနိမ့်ဆုံးအဆင့် အထိ ကျဆင်းခဲ့သော်လည်း မေလတတိယပတ်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည် နယ်ဘက်မှစတင်၍ ကူးစက်မှုများပြန်လည်ဖြစ်ပေါ်ခဲ့ပြီး ရောဂါပိုးများအား မျိုးရိုးဗီဇများအား စစ်ဆေးကြည့်ရာ မျိုးရိုးဗီဇအသွင်ပြောင်း ရောဂါပိုးကူးစက် မှုများပါဝင်သည်ကိုစစ်ဆေး တွေ့ရှိခဲ့ ရကြောင်း၊ အဆိုပါ မျိုးရိုးဗီဇအသွင်ပြောင်းရောဂါပိုးသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ဖြစ်ပေါ်ခဲ့သည့်ကူးစက်မှုထက် မြန်နှုန်းမြင့်ပြီး ရောဂါပြင်းထန်မှုနှင့် ဆေးရုံတက်ရောက်ရမှုနှုန်း မြင့်မားသည်ဟု သတ်မှတ် ထားကြကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှစ၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၄၆၇၆၈ ဦးရှိပြီး ရောဂါပျောက်ကင်းသူ ၁၃၃၃၄၆ ဦးနှင့် သေဆုံးသူ ၃၂၅၀ ဦး ရှိပြီဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ရောဂါပိုးတွေ့ရှိသူ ၁၀၁၇၂ ဦး ကုသမှုခံယူလျက်ရှိသည်ကို စာရင်းအရသိရှိရကြောင်း။
    COVID-19 ရောဂါအား တစ်ဦးချင်းကအစ ကာကွယ်ခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာ ပြင်ဆင်မှုကောင်းမွန်ခြင်း၊ ဆေးဝါးများစုံလင်မှုရှိခြင်း၊ အချိန်မီကုသမှုခံယူ ခြင်းများပြုလုပ်နိုင်မည်ဆိုပါက ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ အကောင်းဆုံးနည်းမှာ ပြည်သူတစ်ဦးချင်းအလိုက် မိမိတို့အသိတရားဖြင့် မိမိကိုယ်တိုင် ကြိုတင် ကာကွယ်ခြင်း ပင်ဖြစ်သဖြင့် ပြည်သူများအား သတိပေးဆောင်ရွက်ခြင်းနှင့် ပညာပေးခြင်း လုပ်ငန်းများအား အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ယခုအခါကျောင်းများပြန်လည် ဖွင့်လှစ်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများအနေဖြင့် COVID-19 စည်းကမ်း ချက်များအတိုင်း စနစ်တကျဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက် ရန်လိုကြောင်း၊ COVID-19 ရောဂါကူးစက်ခံရပါက အချိန်မီကုသမှုခံယူနိုင်ရန်အတွက် ဆောင်ရွက်ရန်လိုအပ်သလို့ ၎င်းနှင့်ထိတွေ့ခဲ့သူများကိုလည်း အသိပေးခြင်းဖြင့် ကူးစက်မှု အန္တရာယ်ကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း။
    COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ချက်များထုတ်ပြန်ထားကြောင်း၊ အဆိုပါထုတ်ပြန်ချက်များအားအပေါ် ကဏ္ဍအလိုက် တာဝန်ရှိ သူများအနေဖြင့် အဆင့်ဆင့်စနစ်တကျကြပ်မတ်၍ ညွှန်ကြားဆောင်ရွက်မည်ဆိုပါက ရောဂါ ကူးစက်မှုအား အထိုက်အလျောက် ထိန်းချုပ်နိုင်မည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်း ဆောင်ရွက် သွားရန်လိုကြောင်း၊ COVID-19 စည်းကမ်းချက်များအပေါ် ပြည်သူများလိုက်နာ စေရေး တာဝန်ရှိသူများအနေဖြင့် အထူးအလေးထားကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်သည် နိုင်ငံသားအားလုံး စုပေါင်းဆောင်ရွက်ရမည့် အမျိုးသားရေးလုပ်ငန်းတာဝန် ဖြစ်သည့် အားလျော်စွာ နိုင်ငံရေး လိုဘမပြည့်မှု၊ သဘောထားကွဲလွဲမှုများနှင့် တစ်ဦးချင်း ကိုယ်ပိုင် လိုအင် ဆန္ဒ များကို ဘေးဖယ်၍ အားလုံးဝိုင်းဝန်း ဆောင်ရွက်မှသာ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ 
    မိမိတို့ကော်မတီဝင်များသည် လုပ်ငန်းပိုင်းဆိုင်ရာအတွေ့ကြုံရှိသူများဖြစ်သဖြင့် စနစ် တကျပေါင်းစပ် ဆောင်ရွက်မည်ဆိုပါက အရေးပေါ်ရောဂါထိန်းချုပ်မှု၊ ကာကွယ်ကုသမှု လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ် ဆေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှဝယ်ယူရန်အတွက် ဆေးအလုံးပေါင်း သန်း ၃၀ ဝယ်ယူရန် သဘောတူ စာချုပ်ချုပ်ဆိုထားသော်လည်း ၎င်းတို့နိုင်ငံတွင် ရောဂါကူးစက်မှုနှုန်းများ မြင့်တက်လျက်ရှိသဖြင့် ကာကွယ်ဆေးရရှိမှုရပ်တန့်သွားခဲ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အနေဖြင့် COVID-19 ရောဂါကာကွယ်ဆေးများဝယ်ယူရရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တရားမဝင် သတင်းဌာနများနှင့် လူမှုကွန်ရက်များမှ ကောလဟလသတင်းမှားများအပေါ် ယုံကြည်မှုမရှိဘဲ သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များ အပေါ်၌သာ ယုံကြည်မှုရှိစေရေး အသိပညာပေးဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
    ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် က Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းထားရှိမှုနှင့် ကော်မတီ၏လုပ်ငန်းတာဝန်(၁၁)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဗိုလ်မှူးချုပ် ကိုကိုလွင်  တို့က ကမ္ဘာတွင် COVID-19 ရောဂါဖြစ်ပွားလျှက်ရှိသည့်အခြေအနေများနှင့် ရောဂါဖြစ်ပွား မှုမြင့်တက်လျှက်ရှိသည့်အခြေအနေများ၊ COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသ ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းဆောင်ရွက်လျှက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံ အတွင်း COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်သင့်သည့် အခြေအနေ များ၊ အလုပ်သမားများနှင့် စက်ရုံအလုပ်ရုံများတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းဆောင်ရွက်လျှက်ရှိသည့်အခြေအနေများ၊ တိုင်းဒေသကြီးပြည်နယ်အလိုက် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် COVID-19 ရောဂါအစုလိုက်ဖြစ် ပွားမှု အခြေအနေများ၊  အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့်  အခြေ အနေများ၊ COVID-19 ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းတိုးချဲ့ဆောင်ရွက်ခဲ့မှုများ၊ COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးမှုနည်းပညာအလိုက် ရောဂါပိုးတွေ့ရှိမှုအခြေအနေများ၊ COVID-19 ရောဂါ ဖြစ်ပွားသည့်လူနာများအား ကုသမှုပေးခဲ့သည့် အစီအစဉ်များ၊ COVID-19 ရောဂါဖြစ်ပွားမှု အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ အသွားအလာကန့်သတ်ထားရှိမှုများနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများ၊  စေတနာဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများ၊ ကျန်းမာ ရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ နယ်စပ်ဝင်၊ထွက်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းဆောင်ရွက်မှုများ၊ COVID-19 ရံပုံငွေရရှိမှုနှင့် သုံးစွဲမှုအခြေ အနေ၊ နိုင်ငံတကာနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိသည့်အခြေအနေများ၊ ကာကွယ်ဆေးထိုး နှံခြင်း၏ သက်ရောက်မှုများ၊  ရောဂါကာကွယ်ထိန်းချုပ်ရေးအထူး ဦးစားပေးဆောင်ရွက်ရမည့် နေရာဒေသများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး အကြံပြုတင်ပြကြရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးသည်။
    ယင်းနောက် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လက်တွေ့ဆောင်ရွက်ရန်လို ကြောင်း၊ ကော်မတီအဖွဲ့ဝင်များ အနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော်လည်း တွေ့ကြုံရသည့်အခြေအနေများ ကိုသက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြောင်းကြား အသိပေးခြင်းများဆောင်ရွက်ပေးရန်လိုကြောင်း၊ ထုတ်ပြန်ထားသည့် COVID-19 ရောဂါဆိုင်ရာ ထုတ်ပြန်ချက်များအား ပြည်သူအားလုံး လိုက်နာစေရေး သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း များအနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။