နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောင်လံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးမှာကြား  နေပြည်တော်၊ ဩဂုတ် - ၂၀

Wednesday, August 20, 2025 - 16:15

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင်  ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အောင်လံမြို့ရှိ အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးမှာကြား သည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ အောင်လံခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာ အချက်အလက်များ၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက် ရှိမှု၊ ဆန်ဖူလုံမှုအခြေအနေများ၊ အောင်လံခရိုင်အတွင်း စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲများကျင်းပပြုလုပ်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲအောင် မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ အောင်လံမြို့ရှိဆေးရုံကြီး အား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက အောင်လံနယ်မြေဒေသ လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အောင်လံမြို့ရှိ ဆေးရုံကြီးအား သတ်မှတ် ချက်များနှင့်အညီ အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အောင်လံမြို့ ရှိ မြို့နယ်ခန်းမအား စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိ သူများအနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး စနစ်တကျကြပ်မတ်ဆောင် ရွက်သွား ရန်လိုကြောင်းမှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ယာမြေများကို အသွင်ပြောင်းလယ်မြေများအဖြစ်ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျစိုက်ပျိုး ဆောင်ရွက်နိုင်ခြင်းဖြင့် အထွက်နှုန်းများ ပိုမိုတိုးတက်လာစေရန်ဖြစ်ကြောင်း၊ သီးနှံ အထွက်နှုန်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက် ပြည့် မီမှုမရှိသေးသည်ကိုတွေ့ရကြောင်း၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိခြင်းကြောင့် အောင်လံခရိုင်တွင် နှစ်စဉ်ဝင်ငွေ ငွေကျပ် ၄၆၅ ဘီလီယံခန့် လျော့နည်းလျက်ရှိသည် ကိုတွေ့ရှိရကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ် လုပ်မှုများတိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်း ဝယ်လိုအားနှင့် ရောင်းလိုအားများ တိုးတက်ကောင်းမွန်လာကာ ဒေသစီးပွားကို များစွာအထောက်အကူပြုစေမည်ဖြစ် ကြောင်း။

 ထို့ကြောင့်အထွက်နှုန်းများပိုမိုတိုးတက်ကောင်း မွန်စေရေး စိုက်ပျိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့်  မျိုး၊ မြေ၊ ရေ၊ နည်း များ လုံလောက်ကောင်းမွန်စွာ ရရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် များစိုက်ပျိုးနိုင်ရန်လိုသကဲ့သို့ မြေကောင်းမွန်မှုရှိစေရေး မြေပြုပြင်ခြင်းလုပ်ငန်းများနှင့် သဘာဝမြေဩဇာများကို အသုံးပြုရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေလုံလောက် စွာရရှိစေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ အသုံးပြု၍ ရှိပြီးသားရေအရင်းအမြစ်ဖြစ်သော ဧရာဝတီမြစ်ရေများကို စနစ်တကျ အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နည်းစနစ်တကျ ဖြင့် စိုက်ပျိုးရန်လည်းလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ သီးနှံအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသတွင်းဆန်ဖူလုံလာမည် ဖြစ်ပြီး ဒေသထွက်သီးနှံများဖြစ်သည့် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံကိုလည်း ပိုမိုတိုးတက် ထုတ် လုပ်လာနိုင်မည်ဖြစ်သဖြင့် ဒေသအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ် ကြောင်း။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့်ပတ်သက်၍ နေရောင်ခြည်စွမ်းအင်သုံး လျှပ် စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ကြောင်း၊ ဒေသတစ်ခု တိုး တက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင် ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အောင်လံမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းလုပ်ဆောင်မှု များ အားနည်းနေသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ပစ္စည်းများဖြင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်သဖြင့် အဆိုပါတိရစ္ဆာန်အစာများကို အသုံးပြု၍ ကြက်၊ ဝက်၊ ဆိတ်၊ နွား များကို မွေးမြူနိုင်ကြောင်း၊ ထိုသို့မွေးမြူဆောင် ရွက်ခြင်းဖြင့် ဒေသစားရေးကို ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များ ရရှိရေးအတွက် စက်မှု၊ စိုက်ပျိုး ၊ မွေးမြူရေး အထက်တန်း ကျောင်း များကိုဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊‌ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်း များနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ က စဉ်ဆက်မပြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အောင်လံဒေသအတွင်း ဝါ စိုက်ပျိုးမှု များဆောင်ရွက်လျက်ရှိသဖြင့် ဝါနှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများ ကိုအခြေခံမှစ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသစီးပွားတိုးတက်ရေး ကိုများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း။

အောင်လံခရိုင်အတွင်း ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှုများ အားနည်းလျက်ရှိသည်ကိုတွေ့ရကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများမြင့်မားလာမှသာ လူတစ်ဦးချင်း၏ တိုးတက်မှုများရှိလာမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကိုလည်း အ ထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဒေသအတွင်းစီးပွားရေး တိုးတက်ကောင်းမွန် စေရန်အတွက် ပညာတတ် လူသားအရင်းအမြစ်များ ပေါများကြွယ်ဝအောင် ဆောင် ရွက်ပေးကြရန်လိုကြောင်း၊ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် အတိုင်း ပညာသင်ကြားမှုအဆင့်အလိုက် တစ်ဦးချင်း၏ စိတ်ဓာတ်နှင့် စည်းကမ်း ကောင်းမွန်မှုများ ကွာခြားသွားကြကြောင်း၊ ထို့ကြောင့် ကျောင်းနေရာခိုင်နှုန်းများ ကောင်းမွန်ပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ပေး ကြစေလိုကြောင်း၊ ပညာရေးကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ် ကြောင်း။

အောင်လံဒေသအတွင်း သစ်တောသစ်ပင်များကို ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ သစ်ပင်သစ်တောများရှိမှသာ သဘာဝဘေးဒဏ်များကို ထိုက်သင့်သ လောက်လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်တာဝန်ယူချိန်မှ စ၍ ကျေးရွာများ၌ တစ်ရွာလျှင် ထင်းစိုက်ခင်း ၂ ဧက နှုန်းဖြင့် စိုက်ပျိုးရန် မှာကြားထား ကြောင်း၊ အလားတူ မြို့ရွာများ၊ ရပ်ကွက်များအလိုက် တစ်အိမ်လျှင် သစ်ပင်တစ်ပင် နှုန်း နှစ်စဉ်စိုက်ပျိုးသွားမည်ဆိုပါက သစ်ပင်သစ်တောများ ပိုမိုများပြားလာမည်ဖြစ် ကြောင်း၊ လမ်းဧရိယာများ၌လည်း သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းလန်း စိုပြေလာမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံခေတ်အဆက်ဆက်တွင် အုပ်ချုပ်ရေးစနစ်များ ပုံစံအမျိုးမျိုးဖြင့် အဆင့်ဆင့်ပြောင်းလဲလာခဲ့ကြောင်း၊ ကိုလိုနီခေတ်၌ ခရိုင်အုပ်ချုပ်ရေးကို အခြေခံ သည့် မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင် စသည့် ပုဂ္ဂိုလ်များက ဒေသအလိုက် လက်တွေ့ အကောင်အထည်ဖော်ရသော အုပ်ချုပ်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးစ ပါလီမန်ဒီမိုကရေစီ စနစ်၌လည်း ၎င်းစနစ်ကိုပင် အခြေခံ၍ ကျင့်သုံးဆောင်ရွက် ခဲ့ကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၌ အုပ်ချုပ်ရေးမှူးများ၏ အပေါ်တွင် ကောင်စီဥက္ကဋ္ဌများက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ နဝတ ခေတ်တွင် တပ်မတော် က ခန့်အပ်သည့် ဥက္ကဋ္ဌများက ဦးဆောင်၍ ဆောင်ရွက်ခဲ့ပြီး နယက ခေတ်မှစ၍ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများက ဦးဆောင်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိ တို့အစိုးရ လက်ထက်တွင်လည်း ဒေသအလိုက် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး များက ဦးဆောင်၍ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးတို့ကို ဒီမိုကရေစီစနစ်နှင့်အညီ ဆောင်ရွက်စေခဲ့ကြောင်း။

ဒေသတစ်ခုတိုးတက်ရေးအတွက်  ဒေသတွင်းနေထိုင်ကြသူများတွင် တာဝန်ရှိ ပြီး ဒေသကို ဦးဆောင်အုပ်ချုပ်နေသူများတွင်လည်းတာဝန်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ထမ်းဆောင် နေသည့် ဒေသအတွင်း ခရိုင်၊ မြို့နယ်များအလိုက် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို တတ်နိုင်သမျှ အကောင်အထည်ဖော်ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဒေသအတွင်း တာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြင့်  ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သက်ဆိုင်ရာဌာနချင်းအလိုက် ညှိနှိုင်း၍ လုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့် ခရိုင်အလိုက်၊  မြို့နယ်အလိုက် ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ အောင်လံခရိုင်အတွင်း အခြေခံကောင်းများရှိပြီးဖြစ် သဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးကဝိုင်းဝန်းဆောင်ရွက် ပေးကြစေလို ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် အောင်လံမြို့ရှိ ရွှေတင့်ဝမ်းမွေးမြူရေးဇုန်သို့ ရောက်ရှိကြပြီး မွေးမြူ ရေးဇုန်အတွင်း ဥစားကြက်များမွေးမြူထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက မွေးမြူရေးလုပ်ငန်းများအား စနစ်တကျဖြင့်ဆောင်ရွက်သွားရန်၊ မွေးမြူရေးဇုန်အတွင်း အရိပ်ရလေကာပင်များစိုက်ပျိုးသွားရန်နှင့် သန့်ရှင်းမှုများရှိစေ ရေး စနစ်တကျဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောင်လံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းအဆင့်မြှင့်တင် တည် ဆောက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် ယာဉ်ရပ်နားစခန်းအတွင် ယာဉ်ရပ်နားမှုများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန်၊ အရိပ်ရလေကာပင်များအား စနစ်တကျစိုက်ပျိုးသွာရန်၊ ယာဉ် ရပ်နားစခန်းအနီးပတ်ဝန်းကျင်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုကို အထောက်အကူ ပြုစေမည့် သစ်တောငယ်အားစိုက်ပျိုးဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။