နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၆ ဘာသာဂုဏ်ထူး

Tuesday, August 19, 2025 - 17:15

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၆ ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူ နှင့် ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့် နေပြည်တော်၊ ဩဂုတ် - ၁၉

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့်  ယနေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ ဦးဩဘာသခန်းမ ၌ တွေ့ဆုံ၍ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး ပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲ တွင် သိပ္ပံဘာသာတွဲ၌ ၆ ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူနှင့် ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးတို့အား ဂုဏ်ပြု ဆုပေးအပ်ချီးမြှင့်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့် ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့် လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ကြသည်။

            ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးက မင်းဘူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ အဓိကသီးနှံများအား ပန်းတိုင် အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်လျက် ရှိမှု၊ ခရိုင်အတွင်း ဆန်နှင့် ဆီဖူလုံမှု၊ ဝါစိုက် ပျိုးမှုများအောင်မြင်ဖြစ်ထွန်းလျက်ရှိမှု၊ ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် ဆောင်ရွက် နေမှုအခြေအနေများ၊ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုအခြေအနေများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်း ကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ မြို့နယ် အလိုက် ရွေးကောက်ပွဲကျင်းပ ပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။

            ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်းဘူးခရိုင်အတွင်း စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်လျက်ရှိမှု၊ ဆန်ဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ဖြည်စွက်ရှင်းလင်းတင်ပြသည်။

            ယင်းနောက် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌအနေဖြင့် မင်းဘူးမြို့တွင် သောက်သုံးရေများ လုံလောက် စွာရရှိရေး စီစဉ်ဆောင်ရွက်ပေးမှု၊ ဘိုးဘွားရိပ်သာအား ပြုပြင်ဆောင်ရွက်ပေးမှုနှင့် မင်းဘူးမြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးအား တည်ဆောက် လှူဒါန်း ပေးခဲ့မှု၊ လမ်းများပြုပြင်ဆောင်ရွက်ပေးခဲ့မှုများအပေါ် မြို့သူမြို့သားများ ကိုယ်စား ကျေးဇူးတင်ရှိမှု၊ မင်းဘူးမြို့၌ ကောလိပ်တစ်ခု တည်ဆောက်ပေးစေလိုမှု၊  မြစ်ရေတင် လုပ်ငန်းအတွက် အရန်စက်တစ်လုံး ထားရှိပေးစေလိုမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေ များ ရရှိသဖြင့်လုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

            ၎င်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ နှင့် ဒေါက်တာချာလီသန်းတို့က မင်းဘူးဒေသနှင့် ကိုက်ညီသည့် စပါးမျိုးကို စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဝန်ကြီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးမည့် အခြေအနေ များ၊ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ရှိကာ အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများ စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရနှင့် စိုက်ပျိုး ရေးတောင်သူများက ဆောင်ရွက် သွားရန် လိုအပ်မှု၊ မင်းဘူးဒေသအတွင်း ပန်းတိုင် အထွက်နှုန်းကောင်းမွန် လျက်ရှိပြီး ဆက်လက်၍တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုမှု၊ မင်းဘူးဒေသတွင် စပျစ် စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်လျက်ရှိသည်ကို တွေ့ရှိရသဖြင့်ဈေးကွက် လိုအပ်ချက် များအပေါ် မူတည်၍ ပိုမိုတိုးချဲ့စိုက်ပျိုးသွားနိုင်ရန် လိုအပ်မှု၊ ဝါစိုက်ပျိုး ထုတ်လုပ်မှု များ တိုးတက်စေရေး ဆောင်ရွက်သွားစေလိုမှု၊ ဒေသအတွက်လိုအပ်သည့် လူသား အရင်းအမြစ်များရရှိစေရေး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိမှု၊အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်သစ်တောများ စိုက်ပျိုးနိုင်ရေးစီမံချက်များချမှတ် ဆောင်ရွက်ပေးလျက်ရှိမှု၊ သဲကန္တာရမဖြစ်ပေါ်စေရေး စိမ်းလန်းစိုပြေရေး အလေးထားဆောင်ရွက် သွားရန်လိုအပ်မှု၊  မင်းဘူးခရိုင်အတွင်း ဝါးကိုအခြေခံသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှု၊ စက်မှုလုပ်ငန်းများဖြင့် ကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက် ပေးလျက်ရှိမှု၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိမှုနှင့် စက်ပစ္စည်းများ ရရှိရေးဆောင်ရွက် ပေးလျက်ရှိမှု၊ ကမ်းနီမြစ်ရေတင်စီမံကိန်းအား နေရောင်ခြည် စွမ်းအင်ဖြင့် ဆောင်ရွက်လျက်ရှိမှုနှင့် အရန်ရေ တင်စက်အသင့်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

            ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က တင်ပြချက်များတွင် မင်းဘူးကားလမ်းတိုးချဲ့ပေးရေး၊ တက္ကသိုလ်ကောလိပ်များ တိုးချဲ့ တည်ဆောက်ပေးရေးကို တင်ပြခဲ့ကြကြောင်း၊ တက္ကသိုလ်ကောလိပ်များကို ဖွင့်လှစ် ရန်အတွက် ခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ တန်းစဉ် ကူးပြောင်းမှုများကို တွက်ချက်ကြည့်ရန်လိုကြောင်း၊ မင်းဘူးဒေသတွင် တန်းစဉ်ကူးပြောင်းမှုမှာ လျော့နည်း လျက်ရှိသည်ကိုတွေ့ရကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးစီးသည့် သူများအတွက် Polytechnic  ကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း။

            စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျောင်းများတွင် တက်ရောက်ကြသူများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံး၌ အဆင့် မြင့် ပညာကျောင်းများဖွင့်လှစ်ရန်ရည်ရွယ်ချက်ရှိပြီးဖြစ်ကြောင်း၊ အချို့တက္ကသိုလ် နှင့် ကောလိပ်များ၌ ကျောင်းတက်ရောက်သူများနည်းပါးလျက်ရှိသည်ကိုတွေ့ရကြောင်း၊ Polytechnic တက္ကသိုလ်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ကွန်ပျူတာ၊ နည်းပညာနှင့်အခြားသင်ကြား၍ရသည့် ပညာရပ်များကို သင်ကြားပေး သွားမည်ဖြစ်ကြောင်း။

            လမ်းများတိုးချဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များ အတိုင်းဖြစ်စေရေး သတ်မှတ်ချက်များနှင့်အညီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းဘေးဝဲယာ၌ အိမ်ဆိုင်များဆောက်လုပ် ရောင်းချလျက်ရှိမှုကြောင့် သွားလာမှုအတွက် အနှောက်အယှက်များဖြစ်သည်ကိုတွေ့ရ ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဖွင့်လှစ်ထားသည့် အိမ်ဆိုင် များ နှင့်ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း။

            မင်းဘူးမြို့သည် သမိုင်းအစဉ်အလာများရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ အကျော်အမော်များ၊ ယဉ်ကျေးမှုအမွေအနှစ်များရှိခဲ့သည့် မြို့ဖြစ်ကြောင်း၊ မြန်မာ စာပေသမိုင်းတွင် ဇာတ်ကြီးဆယ်ဘွဲ့ထဲမှ ဇာတ်တော်ကြီး ၈ ဘွဲ့ကို နောင်လာ နောင်သားတို့ အတုယူရအောင် စကားပြေနဲ့ ရေးသားတော်မူခဲ့သည့် ဆရာတော် ဦးဩဘာသသည် မင်းဘူး နယ်သားထင်ရှားသည့် စာဆိုကျော်တစ်ဦး ဖြစ်တယ်ဆိုတာ ဂုဏ်ယူဖွယ် တွေ့ရှိရမည်ဖြစ်ကြောင်း၊ အလားတူမြန်မာ့ လွတ်လပ်ရေးသမိုင်းတွင် အသက်ပေးတာဝန် ထမ်းဆောင်သွားခဲ့သည့် အာဇာနည် ၉ ဦးတွင် တစ်ဦး အပါအဝင် ဖြစ်သည့် အတွင်းဝန် ဦးအုန်းမောင် သည်လဲ မင်းဘူးမြို့သားတစ်ဦး ဖြစ် သည်ကို သိရှိ ကြပြီးဖြစ်ကြောင်း။

            ယခုအခါ မင်းဘူးဒေသသည်ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ပြီး ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ကောင်းမွန်ရန်လိုပြီး ကုန်ထုတ်လုပ်မှုများတိုးတက်ရန်လိုကြောင်း၊ ဒေသတွင်းရှိပြီး ဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများမှ ထုတ်ကုန်များပိုမိုတိုးတက်ရရှိရေး တစ်ဧက ပန်းတိုင်အထွက်နှုန်းအတိုင်းရရှိအောင်ဆောင်ရွက်သွားကြစေလိုကြောင်း။

            ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကိုကျင်းပပြလုပ်သွား မည်ဖြစ်ကြောင်း၊ မင်းဘူးခရိုင်မှ ဝင်ရောက်ရွေးချယ်ခံမည့်ကိုယ်စားလှယ်လောင်းများ သည် ဒေသတိုးတက်ရေးအတွက် လက်တွေ့ကျသည့် ၊ ဖြစ်နိုင်သည့် ကိစ္စရပ်များကို ကြိုတင် တွေးခေါ်မြော်မြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသအကျိုးအတွက် အမှန်တကယ် ချစ်မြတ်နိုးသည့်စိတ်ဖြင့် တာဝန်ထမ်းဆောင်နိုင်သည့် သူဖြစ်ရန်လို ကြောင်း။

            တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များအလိုက် အဆင့်ဆင့်အုပ်ချုပ်ကြရပြီး သက်ဆိုင်ရာအဆင့်အလိုက် လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ချမှတ်ပေးထားသည့် မူဝါဒများအတိုင်း လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်ကြရခြင်းဖြစ်ကြောင်း၊ ဒေသအတွက် အမှန်တကယ်အကျိုးရှိမည်ဆိုပါက အဆင့် ဆင့် တင်ပြ၍ လုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

            စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ထက်ဝက်ကျော်ခန့်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် မိမိတို့ဒေသ၏ အကြောင်းအရာများကို သိရှိရန်လိုပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်ထုတ်လုပ်နိုင် ရေး နည်းလမ်းများရှာဖွေဆောင်ရွက်ပေးကြရန်လိုကြောင်း။

            မင်းဘူးခရိုင်အနေဖြင့် ဆန်ဖူလုံမှုရှိသော်လည်း စေတုတ္တရာမြို့နယ်တွင် ဆန်ဖူလုံမှုလျော့နည်းလျက်ရှိကြောင်း၊ ယခုထက်ပိုမိုကောင်းမွန်ပြီး အထွက်နှုန်း ပိုမိုကောင်းမွန်သည့် စပါးမျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးဆောင်ရွက်သွားကြရန် လိုကြောင်း၊ အလားတူဆန်စက်လုပ်ငန်းများ ကောင်းမွန်နေရန်လည်းလိုကြောင်း၊ ဆန်စက်များမှထွက်ရှိသည့် ဆန်ကွဲ၊ ဖွဲများဖြင့် တိရစ္ဆာန်အစာများ ပြုလုပ်၍ရကြောင်း၊ ဆီထွက်သီးနှံများမှ နှမ်းဆီ၊ ပဲဆီများ ထုတ်လုပ်နိုင်သဖြင့် တန်ဖိုးရှိသည့် ထုတ်ကုန် များအတွက် ထုတ်လုပ်သွားရန်လိုကြောင်း၊ ဆီစက်များမှထွက်ရှိသည့် နှမ်းဖတ်၊ ပဲဖတ် များဖြင့်လည်း တိရစ္ဆာန်အစာများထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသ ကြီးအတွင်း၌ မွေးမြူရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် သွား ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပိုမိုတိုးတက်အောင်ဆောင် ရွက်ခြင်းဖြင့် ဒေသစီးပွားရေးတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တစ်ဧက ပန်း တိုင်အထွက်နှုန်းများတိုးတက်အောင်ဆောင်ရွက်ပြီး သီးထပ်စွမ်းအားများပိုမိုတိုးတက် အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

            ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသိပညာ၊ အတတ် ပညာများ လိုအပ်ကြောင်း၊ ထို့ကြောင့် အတန်းပညာများရှိစေရေး ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်း မွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံး ပညာရည် မြင့်မားရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာတတ်များ ပေါများမှသာ အတတ်ပညာများ ပိုမိုတတ်ကျွမ်းလာမည်ဖြစ်ကြောင်း။

            ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ မင်းဘူးခရိုင်သည် ဝါစိုက်ပျိုးသည့် ခရိုင်များ တွင်ပါဝင်ကြောင်း၊ ထို့ကြောင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို  စံပြအဖြစ် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ အလားတူ ကြက်သွန်စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ကြက်သွန်များအား ရေရှည်သိုလှောင်အသုံးပြုနိုင်သည့် စည်သွပ်ဘူးများနှင့် အခြား ထုတ်ကုန်များကို ထုတ်လုပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍လည်း ဒေသနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ သိုး များကို မွေးမြူဆောင်ရွက်သွားကြရန် လိုကြောင်း၊ မင်းဘူးဒေသည် အဓိကအားဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ခြင်းဖြစ်သဖြင့် မိမိအနေဖြင့် လုပ်ငန်းများပိုမိုတိုးတက်ဆောင် ရွက်နိုင်ရေးပြောကြားခြင်းဖြစ်ကြောင်း။

            မင်းဘူးဒေသတွင် ဝါးများ များစွာထွက်ရှိကြောင်း၊ ဝါးဖြင့်ပြုလုပ်သည့် ကုန်ချောပစ္စည်းများနှင့် စက္ကူများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထို‌ကြောင့် မင်းဘူး ဒေသတွင် ဝါးကို ပျော့ဖက်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်လိုကြောင်း၊ ဆီထွက် သီးနှံများတွင် တစ်ခုအပါအဝင်ဖြစ်သည့် နေကြာစိုက်ပျိုးထုတ်လုပ်မှုအား ယခုထက် ပိုမိုတိုးတက်ထုတ်လုပ် နိုင်ရေး ဆောင်ရွက်သွားကြရန်အကြံပြုပြောကြားလိုကြောင်း။

            ပညာရေးနှင့်ပတ်သက်၍ယခုအခါတွင်လည်း မင်းဘူးမြို့နယ်မှ  တက္ကသိုလ် ဝင်တန်းတွင် ဝင်ရောက်ဖြေဆိုသူ မောင်ဂျူးသက်ကို သည်သုံးနှစ်ဆက်တိုက် လူရည် ချွန်သုံးထပ်ကွမ်းဖြစ်ခဲ့ပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ၆ ဘာသာဂုဏ်ထူးရရှိပြီး မြန်မာတစ်နိုင်ငံလုံးပထမ (The Whole Myanmar First) ရရှိခဲ့သည့် အတွက်လည်း မိမိအနေဖြင့် ဂုဏ်ယူပါကြောင်း၊ အလားတူ ၆ ဘာသာ ဂုဏ်ထူးရှင်တစ်ဦးဖြစ်သည့် မဟန်နွယ်မိုးဇင် အတွက်လည်းဂုဏ်ယူပါကြောင်း၊ ယခုကဲ့ သို့‌ ကောင်းမွန်သည့် အစဉ်အလာကိုလည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက် သွားကြ စေလိုကြောင်း၊ အောင်မြင်မှုအသီးအပွင့်များကိုလည်း ဆက်လက်ခံစားကြရပါစေ ကြောင်းဖြင့် ဆုမွန်တောင်းစကား ပြောကြားသည်။

            ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ၆ ဘာသာဂုဏ်ထူးရှင် မြန်မာတစ်နိုင်ငံ လုံး ပထမ (The Whole Myanmar First)ရရှိခဲ့သည့် မောင်ဂျူးသက်ကိုနှင့် ၆ ဘာသာ ဂုဏ်ထူးရှင်တစ်ဦးဖြစ်သည့် မဟန်နွယ်မိုးဇင်တို့အား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်သည်။

            ယင်းနောက် အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ သည် အခမ်းအနားတက်ရောက်လာကြသူများအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။