မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ(၁၃)ခရိုင်  စိမ်းလန်းစိုပြေရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့်သစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္

Tuesday, August 19, 2025 - 17:15

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ(၁၃)ခရိုင်  စိမ်းလန်းစိုပြေရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့်သစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ တမာပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး

နေပြည်တော်၊ ဩဂုတ် - ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ(၁၃)ခရိုင်             စိမ်းလန်းစိုပြေရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့နယ်၊ မင်းဘူး-ပဒါန်း-အမ်းကားလမ်း မိုင်တိုင်အမှတ် ၄/၇ မှ ၅/၀ အကြားကျင်းပပြလုပ်ရာ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ တမာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး ဒေါ်ကြူကြူလှ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မကွေးခရိုင်အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ က အပူပိုင်းဒေသ(၁၃)ခရိုင်အတွင်း ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာတွင်  နှစ်စဉ်မိုးရာသီကာလများတွင် သစ်ပင်စိုက်ပျိုးပွဲများကို မိမိကိုယ် တိုင်ဦးဆောင်၍ သစ်ပင်များစိုက်ပျိုးခြင်းကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထူး သဖြင့် အပူပိုင်းဒေသများတွင် ရာသီဥတု ပိုမိုပူပြင်းလာသည်ကို သတိပြုမိသည့် အတွက် သစ်ပင်များစိုက်ပျိုးခြင်းကို ဒုတိယအကြိမ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မိတ္ထီလာခရိုင်တွင်မိမိကိုယ်တိုင်ဦးဆောင်၍ ပထမ အကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အပူပိုင်းဒေသ (၁၃) ခရိုင်၊ မြို့နယ်(၂၉)မြို့နယ်တွင်လည်း  သစ်ပင်စိုက်ပွဲတော်များကို တစ်ပြိုင်တည်း ကျင်းပ ဆောင်ရွက်ပေးခဲ့ပြီး သစ်ပင်စုစုပေါင်း ၃၅၀၀၀ ခန့်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း။

ယနေ့တွင် သစ်မျိုး ၇ မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ကို လူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ မင်းဘူးဒေသသည် အပူပိုင်းဒေသများတွင် ပါဝင်ပြီး ယခုဒေသတွင် အထူးသဖြင့် မိုးရွာသည့်ပုံစံများမှန်ကန်မှုမရှိခြင်း၊ မိုးရွာသွန်း မှုနည်းပါးခြင်း၊ အပူချိန်အတက်အကျများလွန်းခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်နှစ်က မင်းဘူးမြို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် ပါဝင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုဒေသတွင် ရာသီဥတုပူပြင်းသည့်ဒဏ်များမခံစားရစေရန် သစ်ပင်များ စိုက်ပျိုးပေးခြင်းသည် အကောင်းဆုံးပင်ဖြစ်သဖြင့် သစ်ပင်စိုက်ပျိုးခြင်းများကို ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ သစ်ပင်များမရှိပါက မြေဆီလွှာများပျက်သုဉ်း လာပြီး သစ်ပင်များရှင်သန်မှုများနည်းပါးလာပြီး ကန္တာရဆူးပင်များဖြင့်ပြည့်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုသို့မဖြစ်ပေါ်စေရန်အတွက် သစ်ပင်များစိုက်ပျိုး၍ ကြိုတင် ကာကွယ်ခြင်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်များသည် တားဆီး၍မရသော်လည်း လူများ၏ ကြိုတင် ကာကွယ်ဖန်တီးမှု၊ လုံ့လ၊ ဝီရိယထား ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ထိုက်သင့် သလောက် အကာအကွယ်ပေးနိုင်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းကြောင့် အရိပ်အာဝါသများ ရရှိခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ ခြင်း များဖြစ်ပေါ်ရရှိလာမည်ဖြစ်ကြောင်း၊ ယခုဒေသတွင် သစ်ပင်များစိုက်ပျိုး၍ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုပိုမိုဆောင်ရွက်သင့်ကြောင်း၊  “သစ်တစ်ပင် ကောင်းပါက ငှက်တစ်သောင်းနားခိုနိုင်သည်”ဟု ပြောကြားကြကြောင်း၊ ကြေးငှက် သာတကာများလာရောက်နားခိုကြပြီး ၎င်းတို့သယ်ဆောင်လာသည့် သစ်စေ့များမှ သစ်ပင်များ ထပ်မံပေါက်ရောက်၍သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေစေကြောင်း။

ယခုဒေသတွင်လျှပ်စစ်ဓာတ်အားရရှိမှုနည်းပါးခြင်းကြောင့် ချက်ပြုတ်ခြင်းများ အတွက်လိုအပ်သည့် ထင်းများကို ခုတ်ယူသုံးစွဲကြကြောင်း၊ မိမိတာဝန်ယူဆောင်ရွက် ချိန်တွင် ရွာတစ်ရွာတွင် ထင်းစိုက်ခင်း ၂ ဧက စီစိုက်ပျိုးရန်အတွက် တိုက်တွန်းပြော ကြားထားကြောင်း၊ မင်းဘူးခရိုင်အတွင်း ၅ မြို့နယ်၌ ကျေးရွာပေါင်း ၉၆၃ ရွာရှိ ကြောင်း၊ တစ်ရွာကို ၂ ဧက နှုန်းဖြင့် စိုက်ပျိုးသွားမည်ဆိုပါက ဧက ၂၀၀၀ နီးပါး စိုက် ပျိုးနိုင်မည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင်တစ်ခါ ထပ်မံစိုက်ပျိုးသွားမည်ဆိုပါက သစ်တော သစ်ပင်များ များစွာပေါက်ရောက်နိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အလားတူ အိမ်တစ်အိမ်လျှင် တစ်ပင် စီစိုက်ပျိုးပါကလည်း မင်းဘူးခရိုင်အတွင်း အိမ်ခြေပေါင်း ၁၇၀၀၀၀ ခန့်ရှိသည့်အတွက် တစ်နှစ်တစ်ခါ စိုက်ပျိုးသွားမည်ဆိုပါက သစ်ပင်သစ်တောပေါက်ရောက်မှု များစွာတိုး တက်လာမည်ဖြစ်ကြောင်း၊ ယခင်ကတည်းက ယခုကဲ့သို့ စိုက်ပျိုးဆောင်ရွက်ခဲ့မည် ဆိုပါက ယခုဒေတွင် ရာသီဥတုများကောင်းမွန်လာမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ၂၀၀၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၄၉ ရာခိုင်နှုန်းရှိခဲ့ ပြီး ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိတော့သည့်အတွက် ၇ ရာခိုင်နှုန်းခန့် လျော့ နည်းသွားသည်ကို တွေ့ရှိရကြောင်း၊ သစ်တောဖုံးလွှမ်းမှုအား ၅၀ ရာခိုင်နှုန်းခန့်တိုး တက်စေရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့်ကာလအတွင်း ပျိုးပင်ပေါင်း ၁၆ ဒသမ ၂၇ သန်းစိုက်ပျိုးခဲ့သည်ကို အစီရင်ခံစာအရ သိရှိရကြောင်း၊ ယခုအခါတွင်လည်း အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၅ - ၂၀၂၆ မှ ၂၀၂၉-၂၀၃၀ အထိ ၅ နှစ်စီမံကိန်းတွင် ပျိုးပင်များထပ်မံတိုးချဲ့စိုက်ပျိုးသွားရန် စီမံ ဆောင်ရွက်ထားရှိကြောင်း၊ ထို့ကြောင့် အဆိုပါစိုက်ပျိုးသည့်အပင်များအောင်မြင် အောင်စိုက်ပျိုးဆောင်ရွက်သွားမည်ဆိုပါက ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုများကိုလည်း လျော့ပါး လာစေမည်ဖြစ်ကြောင်း။

လမ်းဘေးဝဲယာ၌ စိမ်းလန်းစိုပြေရေးအတွက် လမ်းဧရိယာ၌ အရိပ်ရလေကာပင် များအား စိုက်ပျိုးသွားရန် နှင့် ၅ ဧက၊ ၁၀ ဧက စသည့် သစ်တောငယ်များ တည်ထောင်နိုင်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ယခုမင်းဘူး ဒေသမှ ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသစိမ်းလန်းစိုပြေစေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင်တစ်ပင်စိုက်တစ်ပင်ရှင် ဖြစ်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိုးရာသီကာလအတွင်း ရှင်သန်ဖြစ်ထွန်း စေရေးစတင်စိုက်ပျိုးစဉ်ကပင် စနစ်တကျစိုက်ပျိုးရန်နှင့် သစ်တောသစ်ပင်များ ထိန်းသိမ်းကြသူများအနေဖြင့်လည်း သစ်ပင်များအမြစ်တွယ် ရှင်သန်စေရန်အတွက် စနစ်တကျဆောင်ရွက် ပေးကြစေလိုကြောင်း၊ ယခုစိုက်ပျိုးခဲ့သည့်အကျိုးကို နောင် အနာဂတ်မျိုးဆက်သစ်များက ခံစားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အနာဂတ် မျိုးဆက်သစ်များအတွက် အမွေကောင်းများပေးအပ်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယနေ့ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်းသည်မိမိတို့ ဒေသအတွက် ကောင်းမွန်သည့် မင်္ဂလာရှိ သည့် အခမ်းအနားတစ်ခုဖြစ်သည့်အတွက် တက်ရောက် စိုက်ပျိုးကြသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့က တမာပျိုးပင်အား သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြသည်။

ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မရှင်အတွင်း ရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မကွေးခရိုင်အတွင်းရှိ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒုတိယဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူ များသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့်ပြုလုပ်သည့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးနေမှု ကို လှည့်လည်ကြည့်ရှုအားပေးသည်။

            ယနေ့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြေရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထု လှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတွင် တမာ၊ ဖျောက်ဆိပ်၊ ပိတောက်၊ ယင်းမာ၊ မဲဇလီ၊ စိန်ပန်းကြီး၊ ထုံးပေါက် စသည့် သစ်မျိုး ၆ မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။