နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး နေပြည်တော်၊ ဩဂုတ် - ၁၉
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီးဒေါ်ကြူကြူလှနှင့် ကော်မရှင် အတွင်းရေးမှူး၊ တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အားဆွေးနွေးပြောကြားသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး တို့သည် ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စွယ်တော်မြတ်စေတီတော်တည်ထား ကိုးကွယ်မည့် မြေနေရာသို့ ရောက်ရှိကြရာ ချောက်ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စွယ်တော်မြတ် စေတီတော်တည်ထားကိုးကွယ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ မြေပြုပြင် ခြင်းနှင့် မြေသားစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက စွယ်တော်မြတ်စေတီတော်ကြီးအား စေတီတည်ဆောက်ရာတွင် သတ်မှတ်ထားသည့်အချိုးအစားများအတိုင်း စနစ်တကျတည်ဆောက်သွားကြရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ချောက်မြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၌လည်းကောင်း၊ ရေနံချောင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် မြို့မိမြို့ဖများအား ရေနံချောင်းမြို့၊ စွမ်းအင်ရိပ်သာရှိခန်းမ၌လည်းကောင်း သီးခြားစီနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား တွေ့ဆုံဆွေးနွေး ပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာ ချောက်ခရိုင်အုပ်ချုပ်ရေးမှူးက ချောက်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ စွယ်တော်မြတ်စေတီ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ ချောက်မြို့သို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ချောက်မြို့ရှိ ကားကြီးကွင်း မြေနေရာနှင့် ခရီးသွားကားကြီးကွင်း မြေနေရာတို့အား စနစ်တကျဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ မြင့်မားစေရေး ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ ရေနံချောင်းမြိုနယ် အုပ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာအချက်အလက်များ၊ မြေအသုံးချမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မြေအောက်ရေထိန်းသိမ်းရေးနှင့် မြို့ရေပေးဝေရေးအတွက် ဆောင်ရွက်ပေးထားမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ချောက်မြို့ရှိ မြို့မိမြို့ဖများက ချောက်မြို့ရှိ ပြည်သူ့ဆေးရုံ အား အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းပေးစေလိုမှု၊ မိုးလုံလေလုံ အားကစားခန်းမ လိုအပ်လျက်ရှိမှု၊ ပူပြင်းခြောက်သွေ့သည့် ချောက်မြို့ တွင် ပူပြင်းသည့်ကာလ၌ အပူရှောင်နိုင်သည့် စွယ်တော်မြတ်စေတီတည်ထား ကိုးကွယ်ရန်စီစဉ်ဆောင်ရွက်ပေးမှုအပေါ် ချောက်မြို့သူမြို့သားများအနေဖြင့် ကျေးဇူး တင်လျက်ရှိမှု၊ ရေနံမြေဧရိယာအတွင်း ဆောက်လုပ်ထားသည့် နေအိမ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရေနံချောင်းမြိုရှိ ရပ်မိရပ်ဖများက ရေနံချောင်းတက္ကသိုလ် ၌ ဘွဲ့နှင်းသဘင်ခန်းမ လိုအပ်လျက်ရှိမှု၊ ရေနံချောင်းစက်မှု ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလိုအပ်ချက်များ၊ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆိပ်ခံ တစ်ခုတည်ဆောက်ပေးစေလိုမှုနှင့် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် ပေးစေလိုမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ က ရေနံမြေဧရိယာအတွင်းရှိ နေအိမ်များ နှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ခွင့်ရရှိရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ယာမြေများအား မြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်လာမည်ဖြစ် ကြောင်း၊ ရေနံချောင်းဒေသအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဧရာဝတီမြစ် ကြောင်းအား ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်ရန်အတွက် သုတေသနပြုဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကချောက်မြို့နယ်နှင့် ရေနံချောင်း မြို့နယ်အတွင်း ယခုနှစ် မိုးရာသီတွင် မိုးကောင်းစွာရွာသွန်းမှုကြောင့် သီးနှံများစိုက်ပျိုး မှုကို ပိုမိုဖြစ်ထွန်းစေမှု၊ မြစ်ရေတင်လုပ်ငန်းများဖြင့်လည်း စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးဆောင်ရွက်လျက်ရှိမှု၊ တစ်ဧကပန်းတိုင်အထွက်နှုန်းများ တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။
၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြီးခဲ့သည့်ကာလရောက်ရှိချိန်၌ ချောက်မြို့နယ်အတွင်း အပူဒဏ်ခံစားရမှုကို လျှော့ချ နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့ လာရောက်ခဲ့ခြင်းမှာ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာအေးချမ်းရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိ အနေဖြင့် “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ၊ “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း။
နောက်ဆုံးအချက်ဖြစ်သည့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစို့”ဆိုသည့်ဆောင်ပုဒ်အတိုင်း ချောက်ဒေသနှင့်ရေနံချောင်းဒေသအတွင်း သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်းနေထိုင်သူများကြလည်း မဖြစ်မနေပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျေးရွာများ၌ တစ်ရွာလျှင် ထင်းစိုက် ခင်း ၂ ဧကစိုက်ပျိုးရန်သတ်မှတ်ထားပြီး ဆက်လက်တိုးချဲ့စိုက်ပျိုးသွားကြရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အိမ်တစ် အိမ်လျှင် သစ်ပင်တစ်ပင်နှုန်းဖြင့် နှစ်စဉ်စိုက်ပျိုးသွားမည်ဆိုပါက သစ်ပင်များ ထူထပ် များပြားလာပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုကို များစွာ အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့သစ်ပင်များစိုက်ပျိုးမှုကြောင့် အရိပ်အာဝါသများ ရရှိနိုင် မည်ဖြစ်ပြီး အပူဒဏ်ကိုထိုက်သင့်သလောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ မိုးရာသီ မကုန်ဆုံးမီကာလအတွင်း ရပ်ကွက်အလိုက်၊ လမ်းအလိုက် သစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြစေလိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများလုံလောက်စွာ ရရှိရေး နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်သွားရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဒေသအတွင်းဆန်ဖူလုံမှုများ ရှိလာမည်ဖြစ်ပြီး အခြားယာမြေများတွင် စိုက်ပျိုးသည့် သီးနှံများကိုလည်း အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်း ဆန်ဖူလုံမှုရှိအောင်ဆောင်ရွက်ကြရန် လိုကြောင်း။
ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဖူလုံစွာထုတ်လုပ်နိုင်ခြင်း ဖြင့် ဒေသစီးပွားရေးကို များစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ပစ္စည်းများအား အခြားဒေသသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ဒေသ အတွက် ဝင်ငွေများရရှိစေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပပို့ကုန်များရရှိမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း အကျိုးများ စွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ပညာရေးကဏ္ဍနှင့်ပတ်သက်၍ နေ့စဉ်လူမှုဘဝအတွက် အသိပညာ၊ အတတ် ပညာများ ရှိရန်လိုကြောင်း၊ အတန်းပညာများတက်မြောက်မှသာ အသိပညာ၊ အတတ်ပညာများ ရရှိမည်ဖြစ်ကြောင်း၊ လေ့လာမှုမှ အသိပညာအတတ်ပညာကို ရရှိ နိုင်သော်လည်း အတန်းပညာကို တတ်မြောက်ထားမည်ဆိုပါက ပိုမိုသိရှိနား လည်နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုသကဲ့သို့ တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေးအတွက်လည်း ဆောင် ရွက်ပေးကြရန်လိုကြောင်း၊ ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ် အတွင်း ပညာရည် မြင့်မားရေး ဒေသခံများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပညာ တတ်များပေါများမှသာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း။
အခြေခံပညာကျောင်းများ၌ “ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်အတိုင်း ကျောင်းတက်ရောက်မှုအပေါ်မူတည်၍ တစ်ဦးချင်း၏ စိတ်ဓာတ်၊ စည်းကမ်း လိုက်နာမှုများမှာ ကွာခြားသွားကြကြောင်း၊ ဆရာ၊ ဆရာမများသည် ဒုတိယ မိဘများဖြစ်ကြကြောင်း၊ ထို့ကြောင့် မိမိတို့သားသမီးများ၏ အနာဂတ်များ ကောင်းမွန်စေရေး ပညာရေးဆုံးခန်းတိုင်သည်အထိ သင်ကြားပေးကြစေလိုကြောင်း၊ ပညာတတ်များဖြစ်မှသာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် လူငယ်များအဖြစ် ရောက်ရှိမည်ဖြစ်ပြီး မိမိတို့ဘဝရပ်တည်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဒေသတွင်း နေထိုင် ကြသူများအနေဖြင့် အသိစိတ်ရှိရှိဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးသွားကြစေလို ကြောင်း။
ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင် မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်း ပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြလုပ်ပြီးချိန်တွင် အနိုင်ရရှိသည့် အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံ၏အကျိုး၊ ဒေသ၏အကျိုးအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်သူများကိုသာ ရွေးချယ်ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲ အခမ်းအနားများအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။