မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ခဲ့သည့် ဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ၊ ပတ်သက်ဆက်နွယ်သူတို့၏ ဝန်ခံပြောကြားချက်နှင့် ရွာခံသက်ကြီး အဖွား ၂ ဦး အား ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့၏ ပြောကြားချက်များ
နေပြည်တော်၊ ဇွန် ၁၈
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်လုပ်သေနတ်များပြုလုပ်ရောင်းချနေသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စဉ် ကျေးရွာအနီးအရောက်၌ လက်နက်ကိုင်အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက် ခဲ့သူများနှင့် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ မြေကြမ်းတောကျေးရွာအုပ်စု၊ ဂျုပ်ချောင်းလေးကျေးရွာတွင် ပေါက်မြို့နယ်၊ ကင်းမကျေးရွာမှ သေနတ် ထိမှန်ဒဏ်ရာရရှိခဲ့သူ ၁ ဦးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စိစစ်ခဲ့ရာ အဆိုပါ ကျေးရွာရှိ သန်းထိုက်(၃၃)နှစ် (ဘ)ဦးသာဇံ၏နေအိမ်၌ ချစ်မောင်မောင်(၂၂)နှစ် (ဘ)ဦးမောင်ဦး၊ ချောင်းဆုံကျေးရွာ၊ ကင်းမကျေးရွာအုပ်စု၊ ပေါက်မြို့နယ်နေသူ အား ဝဲဘက်ဒူးခေါင်းတွင်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက် အရ ပါဝင်ပတ်သက်သူ စိုးဝင်းကျော်(၃၆)နှစ် (ဘ)ဦးကြည်မောင်အား ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက် နေသူအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ချစ်မောင်မောင် သည် ကင်းမကျေးရွာ PDF တွင်ပါဝင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ကြောင်း စိုးဝင်းကျော်၏ ထွက်ဆိုချက်အရ သိရှိရပြီး စိုးဝင်းကျော် မှာမူ PDF အဖွဲ့ဝင်များကို ထောက်ပံ့ကူညီအားပေး ခဲ့သူဖြစ် ကြောင်းနှင့် ကင်းမကျေးရွာ အနီးလုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုနှင့် ကျေးရွာအတွင်း မီးရှို့ ဖျက်ဆီးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့ ၏ ပါဝင်ပတ်သက်မှုများကို ယခုလိုကြားသိရပါသည်။
အကြမ်းဖက်သမားများ၏ ကင်းမကျေးရွာမီးရှို့ဖျက်ဆီးခဲ့မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ပြီး မီးလောင်မှုကြောင့် ပိတ်မိနေသော အသက် ၈၃ နှစ်အရွယ်ရှိ ဒေါ်ခင်စု နှင့် အသက် ၈၁ နှစ်ရှိ ဒေါ်ထွားစိန် တို့အား မီးလွတ်ရာဘုန်းကြီးကျောင်းသို့ ကိုယ်တိုင် ကူညီကယ်ဆယ် ပို့ဆောင်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့၏ ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှုများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။
ဖမ်းဆီးရမိသူ စိုးဝင်းကျော်၏ ထွက်ဆိုချက်အရ ကင်းမကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သူမှာ ၎င်းကျေးရွာ၏ ကျေးရွာကာကွယ်ရေး PDF အဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များသာ ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ဖမ်းဆီးရမိထားသူ စိုးဝင်းကျော်နှင့် ချစ်မောင်မောင်တို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့မှုနှင့် ကျေးရွာအား မီးရှို့မှုဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်ပတ်သက်သူ အောင်တေဇာစိုး၊ ကင်းမကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဌေးအောင်နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဆက်လက် ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။