နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ် ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိအနေဖြင့် မကွေးတပ်နယ်သို့ မကြာခဏရောက်ရှိခဲ့ပြီး အရာရှိစစ်သည်မိသားစုများနှင့် တွေ့ဆုံအမှာစကားများပြော ကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်ကို ဝင်ရောက် ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်နှင့် နိုင်ငံရေးအရလက်တွဲမလုပ်ကိုင် လိုသည့် အတိုက်အခံပါတီများအနေဖြင့် ၎င်းတို့ပါတီအနိုင်ရရှိရေး မသမာမှုများလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးစအချိန်တွင် ပါလီမန် စနစ်ကိုကျင့်သုံးခဲ့ပြီးနောက် ဆိုရှယ်လစ်စနစ်ဖြင့် ဗဟိုဦးစီးစနစ်ကို ကျင့်သုံး ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ နိုင်ငံရေးအရသဘောထား ကွဲလွဲမှု များဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြည်တွင်းမငြိမ်သက်မှုများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်သည် အခက်အခဲကြားမှ ကျော်ဖြတ်ခဲ့ရကြောင်း၊ အဆိုပါအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ရကြောင်း။
နိုင်ငံရေးရမတည်ငြိမ်မှုများ ဖြစ်ပေါ်ချိန်တွင် အဓိကအကြီးမားဆုံးစိန်ခေါ်မှုမှာ ပြည်နယ်များမှ ခွဲထွက်နိုင်ရေးအတွက်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တွင် နိုင်ငံရေး အရသဘောထားကွဲလွဲမှုများဖြစ်ပေါ်နေသကဲ့သို့ နိုင်ငံတကာတွင်လည်း ဆိုရှယ်လစ် စနစ်နှင့် ဒီမိုကရေစီစနစ်များအားပြိုင်မှုများရှိနေကြောင်း၊ ထိုအချိန်တွင် အရှေ့တောင်အာရှ၌ ဆီးတိုးအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံ အချို့တွင်လည်း ကွန်မြူနစ်စနစ်နှင့် ဒီမိုကရေစီစနစ်များ အားပြိုင်မှုများရှိခဲ့သည်ကို သမိုင်းအထောက်အထားများအရသိရှိနိုင်ကြောင်း။
မိမိတို့နိုင်ငံ ဆိုရှယ်လစ်စနစ်ဖြင့်လျှောက်လှမ်းချိန်တွင် နိုင်ငံရေးအရ သဘော ထားမတူညီကြသူများရှိခဲ့ပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြစ်သဖြင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် ကန့်သတ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် သဘောထားကွဲလွဲ မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင်လည်း ညီညွတ်မှု များပျက်ပြားလာခဲ့ကြောင်း။
၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ချိန်၌ ပါတီစုံ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရန်ဆောင်ရွက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက် ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လွှတ်တော်တစ်ခုတည်းကိုသာဆောင်ရွက်ခဲ့ပြီး အခြေခံဥပဒေ ကိုရေးဆွဲရန်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရန် အတွက် တိုင်းပြည်ပြုလွှတ်တော်ကို ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်အတွက် ဆောင်ရွက်ခဲ့ ခြင်းပင် ဖြစ်ကြောင်း။
ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရေး တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုရေးဆွဲ၍ ပြည်သူ့ဆန္ဒခံယူပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ကို စတင်လျှောက်လှမ်းစေခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမို ကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ဒီမိုကရေစီပထမအစိုးရသက်တမ်းတွင် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင် မာမာလျှောက်လှမ်းနိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလတွင် ဒီမိုကရေစီအမည်ခံ လစ်ဘရယ်ဝါဒဖြင့် ပြည်ပမှဝင်ရောက် စွက်ဖက်မှုများဖြင့် နိုင်ငံတော်တာဝန်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသား အကြံပေးများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်ကိုမုန်းတီးစေသည့် ရေးသား ပြောဆိုမှုများ လှုံ့ဆော်မှုများကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍ လုပ်ဆောင်ခဲ့ ကြောင်း၊ အလားတူစီးပွားရေး၊ အုပ်ချုပ်ရေးနှင့် အခြားကဏ္ဍအသီးသီးတွင် လုပ်ငန်း တာဝန်ဆောင်ရွက်မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် နိုင်ငံတော်မှာ အဘက်ဘက်က ဆုတ်ယုတ်ခဲ့ရကြောင်း၊ အဓိကအားဖြင့် တပ်မတော်၏ နိုင်ငံရေး၌ အချက်အချာကျမှုကိုပယ်ဖျက်ရန်အတွက် အတိတ်ဖြစ်ရပ်များပေါ်တွင် အခြေခံသည့် အမုန်းတရားဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ် ကြောင်း။
ဒီမိုကရေစီ ဒုတိယအစိုးရအနေဖြင့် ၎င်းတို့၏ အာဏာဆက်လက်တည်တံ့စေ ရေး ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါမဲမသမာမှုများအား ဖြေရှင်းပေးရန်အတွက် တပ်မတော်မှ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဖြေရှင်း ဆောင်ရွက်ပေးမှုမရှိဘဲ ရွေးကောက်ပွဲကျင်းပ၍ နိုင်ငံတော်၏ အာဏာကို အဓမ္မ ရယူရန်ကြိုးပမ်းခဲ့ကြကြောင်း၊ ထို့ကြောင့်တပ်မတော်အနေဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ဝင်ရောက်ထမ်းဆောင် ခဲ့ရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ၎င်းမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခြင်းများဖြစ်ပေါ်လာ ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရသဘောထား မတိုက်ဆိုင်မှုကြောင့်ဖြစ်ပွားခဲ့သည့် ပြဿနာများအား နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲစတင်ကျင်းပပြုလုပ်မည်ကို ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အချို့ပြင်ဆင်၍ရသည်များ ကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်ခြင်းကို တပ်မတော်အနေဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည် ဆိုပါ တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော် ၏ တာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး ချိန်၌ အနိုင်ရရှိသည့် ပါတီမှ နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းပါဝင်၍ နိုင်ငံ့အရေးဆောင်ရွက် ပေးခြင်း၊ တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်ထားသော အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ၌ပါဝင်ဆောင်ရွက်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုကာကွယ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံရေး အတွက် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင်သာ တာဝန်ထမ်းဆောင်သွား မည်ဖြစ်ကြောင်း။
တပ်မတော်သားများအားလုံးသည် ပြည်သူများကြားမှ ပေါက်ဖွားလာကြသူများ ဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်စိမ်များ လုံခြုံစေရေးအတွက် ကာကွယ်ရေးလုပ်ငန်း များကိုဆောင်ရွက်ပေးကြရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းခြင်းများကြောင့် နိုင်ငံတော်အနေဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရည် အားနည်းခြင်းကြောင့် လူတစ်ဦးချင်း၏ တွေးခေါ်မျှော်မြင်မှုများတွင် အားနည်းမှုများ ရှိကြောင်း၊ နိုင်ငံအတွင်းပညာတတ်များ ပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး တွေးခေါ် မျှော်မြင်မှုမြင့်မားသည့် ပညာတတ်လူငယ်များ ပိုမိုများပြားလာပါက နိုင်ငံ၏တည်ငြိမ် အေးချမ်းရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည်မြင့်မားစေရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိတို့၏ သားသမီး များ စဉ်းစားတွေးခေါ်တတ်သည့် ပညာတတ်လူငယ်များဖြစ်စေရေး အားပေးဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။
တာဝန်ထမ်းဆောင်ရာတွင် အထက်အောက် အပြန်အလှန်လေးစားမှုများဖြင့် စစ်သားကောင်းများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒီဇင်ဘာလအတွင်း ကျင်ပပြုလုပ်မည့် ရွေးကောက်ပွဲကျင်းပချိန်၌ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ချိန် တွင် နိုင်ငံတော်၏အကျိုးကို စေတနာထား၍ ဆောင်ရွက်နိုင်သည့် အရည်အချင်း ရှိသည့်သူများ ဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲများအား မပျက်မကွက်ပေး၍ နိုင်ငံသားကောင်းများဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများအနေဖြင့် လည်း မိမိတို့နိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်၌ လာရောက်လေ့လာဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နောင်တက်လာမည့်အစိုးရ သည် နိုင်ငံတော်၏အကျိုးကိုအမှန် တကယ်ထမ်းဆောင်နိုင်သည့် အစိုးရဖြစ်အောင် မိမိတို့အနေဖြင့်ကြိုတင်၍ ပြင်ဆင်ဆောင် ရွက်ပေးသွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြ သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက်ကုလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ ပြည်သူ့ စစ်မှုထမ်း များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီး နွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဇနီးသည်လည်း ဆေးရုံတက်ရောက်ကုလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။