ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း များအား ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ် လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြား နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ပေါင်း ၆၈ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင်လည်း အခြေခံပညာကျောင်း ၇ ကျောင်း အား ထပ်မံဖွင့်လှစ်ပေးနိုင်ခဲ့၍ စုစုပေါင်း ၇၅ ကျောင်းဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူ ၅၇၈ ဦး ထပ်မံ၍ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၈၉၇၃ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့အပြင် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၆၂ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဝက်သက်ရောဂါ၊ တုပ်ကွေး ရောဂါတို့နှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးရန်လိုအပ်သည့် လူနာ ၉ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူ ၅၆ ဦးအား သွေးအမျိုး အစားစစ်ဆေးပေးခဲ့ကြောင်းနှင့် အတွင်းလူနာအဖြစ် ဒေသခံပြည်သူ ၃၀ ဦး တက် ရောက် ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များကလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။