နောင်ချိုမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ပြီဖြစ် နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅

Friday, August 15, 2025 - 19:15

နယ်မြေဒေသအခြေအနေအရ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ သည်။

          အဆိုပါ မြန်မာ့စီးပွားရေးဘဏ်(နောင်ချို) ပြန်လည်ဖွင့်လှစ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တပ်မတော်မှ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်း ၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

          ဦးစွာ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ဘဏ်လုပ်ငန်း ပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း၍ ဖွင့်လှစ်ပေးကြပြီး ဘဏ် အတွင်း၌ လုပ်ငန်းများပြန်လည်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။  

          နောင်ချိုမြို့နယ်၏ ဘဏ်လုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့မှစ၍ ယာယီရပ်ဆိုင်း ထားခဲ့ရပြီး နောင်ချိုမြို့အား တပ်မတော်မှ ပြန်လည်ထိန်းချုပ်ပြီးနောက် ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၂ ရက် မှစတင်၍ လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်ခဲ့ ကြရာ ယနေ့တွင် ပြန်လည် လည်ပတ်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။