နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးကျင်းပ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဩဂုတ် - ၁၂

Tuesday, August 12, 2025 - 15:45

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးကျင်းပ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

ရွေးကောက်ပွဲကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပြီး နိုင်ငံ့ပုံရိပ်ကို မြှင့်တင်ပေးရမည်၊ နိုင်ငံရေးလမ်းကြောင်းဖြောင့်ဖြူးအောင်လုပ်ဆောင်ရမည်

နေပြည်တော်၊ ဩဂုတ် - ၁၂

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ်  ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့်ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးသန်းဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့်  ဗိုလ်ချုပ်ကြီး ကျော်စွာလင်း  တို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန်မှု များပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင် မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ ထွက်ပေါ်လာသည့် အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်ဆောင်ရွက် ပေးသွားရမည်ဖြစ်ပြီး မဲစာရင်းများမှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း များတွင်ပါဝင်သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းကိုလည်း အတိုင်း အတာတစ်ခုအထိအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်း ဆောင်ရွက်သကဲ့သို့ မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူခြင်းနှင့် နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များရယူခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း။

ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်း နိုင်ရန်ဖြစ်ကြောင်း၊ လွှတ်တော်မှနေ၍ သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သမ္မတမှ တာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များတွင် တာဝန်ပေးအပ်ပြီး အစိုးရအဖွဲ့တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီး ကြောင်း။

ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ အခြားနိုင်ငံများတွင်လည်း ထိုသို့သတ်မှတ်ထားခြင်းမရှိဟု လေ့လာသိရှိရကြောင်း၊ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည်ဖြစ် ကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ ရွေးကောက်ပွဲကျင်းပရာတွင် ၅၀ ရာခိုင်နှုန်းအောက် မဲပေးခဲ့သည့် နိုင်ငံများလည်းရှိသကဲ့သို့ အများစုမှာ ၅၀ ရာခိုင်နှုန်း အထက် ဆန္ဒမဲပေးကြသည်ကို လေ့လာတွေ့ရှိရကြောင်း။

လွှတ်တော်အစည်းအဝေး အထမြောက်ရန်အတွက် လိုအပ်သည့်ကိုယ်စားလှယ် များရရှိရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၈၅)တွင်ပထမဆုံး လွှတ်တော် အစည်းအဝေးကျင်းပရာ၌ လွှတ်တော်တက် ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်ပါက အစည်းအဝေးအထမြောက်မည်ဟု ဖော်ပြပါရှိကြောင်း၊ အထမမြောက်ပါက ဒုတိယအကြိမ်အစည်းအဝေး၌ လွှတ်တော်တက်ရောက် ခွင့်ရှိသူ  ကိုယ်စားလှယ်များအနက် အနည်းဆုံး သုံးပုံတစ်ပုံတက်ရောက် ပါကဒုတိယ အကြိမ် အစည်းအဝေးအထမြောက်သည်ဟု ဖော်ပြပါရှိကြောင်း၊ ထို့ကြောင့် လွှတ်တော် အစည်းအဝေးကျင်းပချိန်တွင် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေး မိမိတို့အနေဖြင့် ရွေးကောက်ပွဲဆောင်ရွက်နိုင်သည့် မြို့နယ်များ အားလုံး၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မဲပေး ခွင့်ရှိသူ ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်နေရသည့် မဲဆန္ဒ ရှင်များလည်း ကြိုတင်မဲများဖြင့် ဆန္ဒမဲများပေးအပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဘေး အန္တရာယ်ကင်းရှင်းသည့်နေရာတွင် ရောက်ရှိနေသည့် ဆန္ဒမဲပေးခွင့် ရှိသူများအားလုံး မဲပေးခွင့်များမဆုံးရှုံးအောင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

ရွေးကောက်ပွဲကျင်းပချိန်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကိုလည်း မဲစည်းရုံးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ပါတီရုံးဖွင့်ခွင့်များရရှိရေး၊ ပါတီဝင်ခွင့်ရှိသူများ ပါတီဝင်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန်လိုသကဲ့သို့ ပါတီ ၂ ပါတီ၊ ၃ ပါတီထပ်၍ ပါတီဝင်များ ဖောင်းပွမှု မရှိစေရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက စိစစ်ကြပ်မတ် သွားရန် လိုကြောင်း။

လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက် ၍လည်း စနစ်တကျစိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုယ်စားလှယ် လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းများဆောင်ရွက်ချိန်တွင် ၎င်းတို့၏ လုံခြုံရေး အတွက် မိမိတို့အနေဖြင့်စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်များအလိုက် ဆန္ဒမဲပေးနိုင်ရေး လုံခြုံရေးအရ အာမခံချက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 ရွေးကောက်ပွဲဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေးနည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင် လာနိုင်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်အပေါ် ထောက်ခံအားပေးသည့်၊ အပြုသဘောဆောင်သည့် နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲအပေါ် စောဒကတက် သည့်နိုင်ငံများလည်းရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်း သည့် ရွေးကောက်ပွဲဖြစ်စေရေး  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲမသမာမှု မရှိစေ ရေးအတွက်လည်း မြန်မာအီလက်ထရောနစ်မဲပေးစက်များကို ငွေကြေးအကုန်အကျခံ ၍ ဆောင်ရွက်ထားခြင်းဖြစ်ပြီး မည်ကဲ့သို့သော မသမာမှုမျိုးမျှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲတွင်ပါဝင်မည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ် လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့်ကာလအထိ လုံခြုံစွာ ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည့်ကာကွယ်ပေးမှုများကိုလည်း‌ ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်နေမှုများ နှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက် သည့်ဟန့်တားကာကွယ်မှုများ ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ကျူးလွန်သူများကိုလည်း ဝိုင်းဝန်းပူးပေါင်းဖော်ထုတ်ရမည်ဖြစ်ပြီး တရား စီရင်ရေးကဏ္ဍအနေဖြင့်လည်း အမြန်ဆုံး တရားစီရင်နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ သာမာန်အမှုအခင်းမျိုးမဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ၏ လုံခြုံရေးကို ထိခိုက်စေမည့် ကျူးလွန်မှုဖြစ်သဖြင့် ထိရောက်သည့်တရားစီရင်မှုများဖြင့် အမြန်ဆုံး တရားစီရင်နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း။

ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ စာရင်းများအရ တစ်နိုင်ငံလုံးတွင် လက်ရှိကျောင်းတက်ရောက်နေသူဦးနေ ၇ သန်း ကျော်ခန့်ရှိသည်ဟုသိရှိရကြောင်း၊ ယခင်နှစ်က ဖွင့်လှစ်သင်ကြားခဲ့သည့် စာသင် ကျောင်းများအနက် ယခုနှစ်တွင် မဖွင့်လှစ်နိုင်သည့်ကျောင်းများရှိသကဲ့သို့ ယခင်နှစ် တွင်ဖွင့်လှစ်နိုင်မှုမရှိခဲ့သည့် ကျောင်းများအနေဖြင့် ယခုနှစ်တွင် ဖွင့်လှစ်နိုင်သည် များလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိဖွင့်လှစ်သင်ကြားနေသည့် ကျောင်းများ အား သဘာဝဘေးအန္တရာယ်ကြောင့် မဖြစ်မနေပိတ်ရသည်မှအပ ကျောင်းပိတ်ရခြင်း များမရှိစေရေး အလေးထားအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးအားပေးစို့” ဟူသည့်အတိုင်း ပညာရေးသည် နိုင်ငံအတွက်အလွန် အရေး ကြီးကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ၂၀၂၄-၂၀၂၅ ခုနှစ် ၊ ၂၀၂၅-၂၀၂၆ ခုနှစ် စာရင်းဇယားများကိုကြည့်ရှုခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးအနေဖြင့် ကျောင်းတက်ရောက်သူ ဦးရေမပြည့်မီခြင်း၊ တန်းစဉ်ကူးပြောင်းမှု အားနည်းခြင်းများ ကို တွေ့မြင်ရကြောင်း၊သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပညာရေးအားနည်း လာမှုအပေါ် သုတေသနပြုလုပ်အဖြေရှာသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ ကော်မရှင်အနေဖြင့်လည်း ပညာရေးအားကောင်းလာစေရန် အထူးအလေးပေး ဆောင်ရွက်သွားရန်လိုအပ်မည်ဟု ပြောကြားလိုကြောင်း။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လတ်တလောကာလ အတွင်း နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှုများရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျ လာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများရှိ လက်နက်ကိုင်အကြမ်းဖက်သမားများ အနေဖြင့် တရားမဝင်ကုန်သွယ်မှုများမှ ကောက်ခံရရှိနေသည့်ဆက်ကြေးများဖြင့် ၎င်း တို့အင်အားကို ပိုမိုတည်ဆောက်လာမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပ ဒေစိုးမိုးရေးကို ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တရားမဝင် ကုန်သွယ်မှုများကို ထိထိရောက်ရောက်တိုက်ဖျက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်နေမှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ် တကျကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏သမိုင်းကြောင်း ကိုပြန်ကြည့်မည်ဆိုပါကလည်း တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းများကြောင့် နိုင်ငံ တော်၏ စီးပွားရေးပျက်ခဲ့ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ရှိ အဖိုးတန် သယံဇာတများကို မှောင်ခိုလမ်းကြောင်းများမှ ခိုးထုတ်ပြီး တရားမဝင်ကုန်စည်များကို ခိုးသွင်းခြင်းများ ဆောင်ရွက်ခဲ့ကြသဖြင့် စီးပွားရေးအားကောင်းလာမှုမရှိခြင်းဖြစ် ကြောင်း၊ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ကုန်ထုတ်လုပ်မှုရှိမှသာလျင် နိုင်ငံ့စီးပွားရေးသည်လည်း အစဉ်အားကောင်း နေနိုင်မည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ

ထို့နောက် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ်က တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် မြိုနယ်များ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပနိုင် မည့်အခြေအနေသုံးသပ်ချက်၊ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များဖြန့်ခွဲ အသုံးပြုနိုင်မှု၊ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက နှစ်အလိုက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ နှိုင်းယှဉ်ချက်များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့များဖွဲ့စည်းထား ရှိမှု၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက် သွားမည့် အစီအမံများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)က တိုင်းစစ်ဌာနချုပ်များနှင့် နယ်မြေအလိုက် စစ်ဆင်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မြို့နယ်များအလိုက် ရွေးကောက်ပွဲများ ပိုမိုတိုးချဲ့ကျင်းပနိုင်ရေး နယ်မြေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ပမဲဆန္ဒရှင်များအတွက် ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ လေ့လာဆန်းစစ်ချက်များအရ ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် ကြိုတင်မဲပေးခွင့်ပြဋ္ဌာန်း ချက်မရှိသည့်နိုင်ငံ ၁၂၃ နိုင်ငံရှိပြီး နိုင်ငံပေါင်း ၇၀ တွင် ကြိုတင်မဲပေးခြင်းစနစ် လက်ခံကျင့်သုံးလျက်ရှိမှု၊ ထိုနိုင်ငံ ၇၀ အနက် ၅၄ နိုင်ငံတွင် ပြည်တွင်းနှင့်ပြည်ပ ကြိုတင်မဲနှစ်မျိုးလုံးခွင့်ပြုပြီး ၁၆ နိုင်ငံတွင် ပြည်တွင်းကြိုတင် မဲသာခွင့်ပြုထားမှု၊ ထိုသို့ကြိုတင်မဲပေးခွင့်ပြုရာတွင်လည်း နိုင်ငံ ၁၅ နိုင်ငံကသာ မဲ ဆန္ဒရှင်များအားလုံးကို လွတ်လပ်စွာ ကြိုတင်မဲပေးခွင့်ပြုထားပြီးကျန်နိုင်ငံ ၅၅ နိုင်ငံ တွင် ကြိုတင်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်အမျိုးအစားများကို သီးခြားသတ်မှတ်ထားမှု များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ EAO များ၏ လှုပ်ရှားမှုများ၊ တပ်မတော်အနေဖြင့်  စစ်ဆင်ရေး နှင့်လုံခြုံရေးဆိုင်ရာများတွင် တိုးတက်မှုများရရှိအောင် ဆောင်ရွက်နိုင် မှုများ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းများ၊ တရားမဝင်လုပ်ငန်းများ နှိမ်နင်းရေးဆောင်ရွက်မှုများကို တပ်မတော်နှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိမှုအခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အထွေ‌ထွေဆွေးနွေး

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အစိုးရအဖွဲ့ဝန်ကြီးဌာနများ၏ကြိုတင်ပြင်ဆင် ဆောင် ရွက်နေမှုအခြေအနေများ၊ ပညာရည်မြှင့်တင်ရေး ဆောင်ရွက်သွားမည့် အခြေအနေ များ၊ ကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) များ ပို့ဆောင်နေမှုအခြေအနေများ၊ ရွေးကောက်ပွဲနည်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များ အသုံးပြုမှုနှင့် ပတ်သက်၍ ပြည်သူများသိရှိနားလည်စေရေး မီဒီယာများမှ အသိပညာ ပေးလျက်ရှိမှု၊ ဆန္ဒမဲပေးခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲပေးကြစေရေး၊ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်မှသာ ပြည်သူများလိုလား တောင့်တလျက်ရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်မည့်အခြေအနေများအား အများပြည်သူသိရှိအောင် ဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ဖြည့်စွက်မှာကြား

တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့နယ်များ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ရမည့် စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှု ၊ ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့် နိုင်ငံရေးပါတီများ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ပါတီရုံးများလုံခြုံရေး၊ ရပ်ကွက်အလိုက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အရည်အချင်းရှိသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး ဆောင်ရွက်သွားရန်ကိစ္စရပ်များ၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မီဒီယာများမှစည်းရုံးလှုံ့ဆော်ခြင်းနှင့် ပညာပေးမှုများဆောင်ရွက်သွားရမည့်အခြေအနေများ၊ ဒီမိုကရေစီစနစ်ကို လိုလားသူ များအနေဖြင့် ရွေးကောက်ပွဲဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အားပေး ထောက်ခံမှုများကို မြှင့်တင်ဆောင်ရွက်ပေးသွားရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဖြည့်စွက်မှာကြားသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့် အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေး အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လာ နိုင်မည်ဖြစ်သကဲ့သို့ ထိုးနှက်မှုများကိုလည်း လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ် ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှု စသည်တို့ဖြင့် တစ်ဖက်လှည့်ထိုးနှက်မှုများ လုပ်ဆောင်လာနိုင်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့် အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်း များကို မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုထက် ပိုမို၍ ထိထိရောက်ရောက် တိုက်ဖျက်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။

အွန်လိုင်း ငွေကြေးလိမ်လည်မှု နှင့်ပတ်သက်၍လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန်လိုကြောင်း၊ ပိုက်စိပ်တိုက် သတင်းရယူဖော်ထုတ်၍ တရား ဥပဒေနှင့်အညီ နှိမ်နင်းသွားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူ များအနေဖြင့် မြေပြင်အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများနှင့် အတူတကွ ပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ကြောင်း၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတို့နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အလေးထားကိုင်တွယ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မိမိတို့ကော်မရှင်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်း သာယာရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် လိုအပ်သည့်လမ်းညွှန်မှုများပြုနိုင်ရန်၊ ထိရောက်စွာပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်များအားလုံး အနေဖြင့် လုပ်ငန်းရပ်များအားလုံးအောင်မြင်စေရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအားလုံးမှ အစဉ်တစိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသတင်း ရရှိသည်။