ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်း များအား ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ် လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အခြေခံပညာကျောင်း ၁၁ ကျောင်း ထပ်မံဖွင့်လှစ် နိုင်ခဲ့သဖြင့် နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၅၃ ကျောင်း ဖွင့်လှစ် နိုင်ခဲ့ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၁၃၁၀ ဦး ထပ်မံ၍ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၈၆၁ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။
ထို့အပြင် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၇၉ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်းသား ပြည်သူ ၉၉ ဦးကို သွေးအမျိုးအစား စစ်ဆေးပေး၍ ၅ ဦးကို ငှက်ဖျားပိုးစစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေးသည်။ ၎င်းအပြင် ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ၂၈ ဦး တက်ရောက်ဆေးကုသမှုခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။