မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ လုယက်မှုကျူးလွန်သူ အမျိုးသား ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ ဩဂုတ် ၁၀

Sunday, August 10, 2025 - 16:15

          မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ဩဂုတ်လ ၈ ရက်နေ့က ဆိုင်ကယ်လုယက်မှု ကျူးလွန်သူ အမျိုးသား ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် စဉ့်ကိုင်မြို့နယ်၊ စိုက်ပျိုးရေးကျေးရွာနေ ကိုသန့်ဇင်ဖြိုး(၂၃)နှစ်သည် ကျေးရွာမှ ၎င်းပိုင်ဆိုင်သော MDY-57W/20689 Honda Click ဆိုင်ကယ်ဖြင့် ရွာသာရွာကျေးရွာအနီးရှိ မြလိပ်တောင်ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော အဘွားဖြစ်သူ ဒေါ်ဆန်းမြင့်အား ခေါ်ဆောင်ရန် ရွာသာရွာကျေးရွာနှင့် စိုက်ပျိုးရေးကျေးရွာသွား တောင်ခြေလမ်းအတိုင်း သွားရောက်စဉ် တောင်ခြေလမ်းအဝင်အရောက် အမည်မသိ အမျိုးသား ၂ ဦးအား တွေ့ရှိရပြီး ၎င်းတို့အနက် အမျိုးသား ၁ ဦးမှ ကိုသန့်ဇင်ဖြိုး စီးနင်းလာသော ဆိုင်ကယ်၏ ယာဘက် ရှေ့ခေါင်းပိုင်းအား ခြေထောက်ဖြင့်ကန်ရာ ကိုသန့်ဇင်ဖြိုးမှာ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နှင့်အတူ လဲကျသွားစဉ် တောအတွင်း၌ ပုန်းအောင်းနေသော အမည်မသိ အမျိုးသား ၂ ဦး ထပ်မံရောက်ရှိလာပြီး ၎င်းတို့ ၄ ဦးမှ ကိုသန့်ဇင်ဖြိုး စီးနင်းလာသည့် တန်ဖိုးငွေ(၇,၀၀၀,၀၀၀)ရှိ MDY-57W/20689 Honda Click ဆိုင်ကယ်(၁)စီး၊ တန်ဖိုးငွေ(၁,၀၅၀,၀၀၀)ရှိ ရွှေလက်စွပ်(၁)ကွင်းတို့အား ယူဆောင်၍ ၎င်းတို့ ၄ ဦး စီးနင်းလာသည့် ဆိုင်ကယ်(၁)စီးနှင့်အတူ စိုက်ပျိုးရေးကျေးရွာဘက်သို့သွားသည့် လမ်းအတိုင်း မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

          အဆိုပါ ဖြစ်စဉ်ဖြစ်ပွားမှုအပေါ် ကိုသန့်ဇင်ဖြိုး၏ သတင်းပေးတိုင်တန်းချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာအား ရောက်ရှိစစ်ဆေးခြင်း၊ တရားခံများ ထွက်ပြေးသွားရာဘက်သို့ လိုက်လံစုံစမ်းဖော်ထုတ်ခြင်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ရာ မီးသွေးဘုတ်ကျေးရွာအနီး အရောက်တွင် သမီးရည်းစားစုံတွဲ ၁ တွဲထံမှ ဆိုင်ကယ်အား ထပ်မံလုယက်နေသည်ကို တွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများနှင့်အတူ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တရားခံ အမျိုးသား ၁ ဦး အမရပူရ မြို့နယ်၊ ဖျောက်ဆိပ်ကုန်းရပ်ကွက်နေ သက်ပိုင်ဦး(ခ)ပိုင်ကြီး(၁၉)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ကျန်အမျိုးသား ၃ ဦးမှာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကျွဲနဖားကျေးရွာအနီးအရောက်တွင် အမရပူရမြို့နယ်၊ တောင်တမန်ကျေးရွာနေ ထိန်လင်းနိုင်(ခ)အာကြီး(၂၆)နှစ် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်း ရပ်ကွက်နေ မျိုးသင်္ခ(ခ)ကုလား(၁၆)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်နေ ကျော်မိုးမြင့်(၂၃)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ  ထိန်လင်းနိုင်(ခ)အာကြီး(၂၆)နှစ်၊ မျိုးသင်္ခ(ခ)ကုလား(၁၆)နှစ်၊ သက်ပိုင်ဦး (ခ)ပိုင်ကြီး(၁၉)နှစ်နှင့် ကျော်မိုးမြင့်(၂၃)နှစ်တို့အား စဉ့်ကိုင်မြို့မရဲစခန်း၌(ပ)၁၁၆-၁၁၇/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့် အသီးသီး အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ထိရောက်ပြစ်ဒဏ်ရရှိရေးနှင့် အခြားပြစ်မှုများ ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။