ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၆)၊ သမိန်ဗရမ်းလမ်းရှိ ကညနရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှုတွင်ပါဝင်ခဲ့သူအားဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် - ၁၇
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG နှင့် CRPH အဖွဲ့ တို့၏ ကြိုးကိုင်ဆောင်ရွက်နေမှု၊ ပံ့ပိုးမှုတို့ဖြင့် အကြမ်းဖက်သမားများက မြို့နယ်အချို့၌ အကြမ်းဖက် လုပ်ရပ်များကို ဆင်ခြင်တုံ တရားမဲ့စွာဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၆)၊ သမိန်ဗရမ်းလမ်းရှိ ကညနရုံးအမှိုက်ပုံအနီး၌ PVC ပိုက်ဖြင့်ပြုလုပ် ထားသည့် ပေါက်ကွဲမှုမရှိသေးသော လက်လုပ်လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် CCTV မှတ်တမ်းများ အား စစ်ဆေးရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် နယူးဇင်းနစ် 125 အမျိုးအစား မော်တော်ဆိုင် ကယ်အမှတ်၊ ၄၀ယ/၁၇၃၀၀ ဖြင့် အမျိုးသား ၂ ဦးရောက်ရှိ လာပြီး အဆိုပါရုံးအတွင်းသို့ အဖြူရောင်ဆိုင်ကယ် ဦးထုပ်ဆောင်းထားသူ ၁ ဦးမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေး သွားသည်ကို တွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်း စစ်ဆေး ရှာဖွေရာ ညနေ ၄ နာရီခွဲခန့်တွင် ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၉)၊ နဝဒေးလမ်းရှိ အောင်ကိုလင်း(ခ)မင်းရန်ပိုင်(ဘ)ဦးတင်မြင့်၏နေအိမ်၌ CCTV မှတ်တမ်းတွင် ပါရှိသည့် မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်ဦးထုပ်အဖြူရောင်တို့အား တွေ့ရှိသဖြင့် ဝင်ရောက် စစ်ဆေး ရာ အောင်ကိုလင်း(ခ)မင်းရန်ပိုင် မှာ နေအိမ်ပြူတင်းပေါက်မှ ခုန်ချထွက်ပြေး သွားခဲ့ပြီး ၎င်း၏သားဖြစ်သူ ဝဏ္ဏထွန်း အသက် (၁၈)နှစ်အား တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။ ၎င်း၏ပြော ကြားချက်အရ ဖခင်ဖြစ်သူနှင့်အတူ ကညနရုံးအား လက်လုပ်ဗုံးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ စေခိုင်းသူမှာ NLD ပါတီ၏စည်းရုံးလှုံဆော်မှုဖြင့် CDM ပြုလုပ် တိမ်းရှောင်နေသည့် ပဲခူးခရိုင် ပညာရေးမှူးရုံး အကူဝန်ထမ်း၊ အမှတ်(၄၇၂)၊ ဥဿာမြို့သစ်၊ ရပ်ကွက်(၆)၊ နဝဒေးလမ်းနေ ဖြိုးမင်းဦး(ဘ)ဦးတင်ဦး ဖြစ်ကြောင်း၊ ဖြိုးမင်းဦးမှ ဖောက်ခွဲမှုပြုလုပ်တိုင်း တစ်ကြိမ်လျှင် တစ်သိန်းကျပ်နှင့် ဖောက်ခွဲမှု အောင်မြင်ပါက တစ်သိန်းကျပ်ထပ်မံပေးဆောင်ခဲ့ကြောင်း ဝန်ခံထွက်ဆို ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူအား သက်ဆိုင်ရာနယ်မြေရဲစခန်း၌ တရားဉပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေး အပူတပြင်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။