ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံ ပညာကျောင်းများအား ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိ သည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြား နိုင်ရေးဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ၂၃ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင်လည်း ကျောင်းသား၊ ကျောင်းသူ ၁၉၈ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၆၄၅ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဆင်လျှောရွာ၊ အခြေခံပညာမူလတန်း ကျောင်း၌ ကျောင်းပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း နှင့်ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ပေးခြင်းများ ဆောင်ရွက် ပေးသည်။
၎င်းအပြင် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီး ခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံ တိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ ဆေးရုံကြီး၌ အဖျားရောဂါနှင့် အထွေထွေရောဂါများဖြင့် လာရောက် ပြသသည့် ဒေသခံတိုင်းရင်းသားပြည်သူ အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၁၂၂ ဦး၊ စုစုပေါင်း ၂၁၆ ဦးတို့အား တပ်မတော်သားဆရာဝန်များနှင့် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။