နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့၊ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် - ၃

Sunday, August 3, 2025 - 16:15

          နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့တွင် ဇနီး ဒေါ်ကြူကြူလှ ၊ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ် တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်ပါ၍ ပဲခူးမြို့၊ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကမ္ဘောဇသာဒီရွှေနန်းတော်သို့ရောက်ရှိကြပြီး ရွှေနန်းတော်အတွင်း ယခင်မြေနန်းပြာသာဒ်ဆောင်နေရာမှ တူးဖော်ရရှိသည့် ကျွန်းတိုင်လုံးကြီးများ ပြသ ထားရှိမှု၊ ရှေးခေတ်မြန်မာမင်းတို့၏ ကန်တော့ခံအခမ်းအနားပုံစံအား ရေးဆွဲပြသထား ရှိမှု၊ အနော်ရထာမင်းတရားကြီး၏ သီရိဇေယျဘူမိ ရွှေနန်းတော်(ပုဂံခေတ်)၊ ဘုရင့် နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီ ရွှေနန်းတော်(ဟံသာဝတီခေတ်)၊ အလောင်း မင်းတရားကြီး၏ ရွှေဘုံရတနာမင်္ဂလာ ရွှေနန်းတော်(ကုန်းဘောင်ခေတ်)၊ မင်းတုန်း မင်းတရားကြီး၏ မြနန်းစံကျော်ရွှေနန်းတော်(ရတနာပုံခေတ်) စသည့် နန်းတော်ကြီး များအား နဂိုမူလပုံစံအတိုင်း တည်ဆောက်ပြုပြင်ထိန်းသိမ်းထားရှိမှု မှတ်တမ်းဓာတ်ပုံ များ၊ ကမ္ဘောဇသာဒီ ရွှေနန်းတော်အား ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှု၊ မြေနန်းပြဿာဒ်တော်ကြီးထိန်းသိမ်းထားရှိမှု၊ ကမ္ဘောဇသာဒီ ရွှေနန်းတော်အား ပြန်လည် ဖော်ထုတ်ခြင်းမှတ်တမ်းဓာတ်ပုံများပြသထားရှိမှု စသည့် ပြခန်းအသီးသီးအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်း ခင်းကျင်းပြသထားရှိ သည့် ရှေးဟောင်းကျွန်းလုံးတိုင်ကြီးများ၊ ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံး အဆောင်ပစ္စည်းများ ပြသထားရှိမှု၊ သမိုင်းကြောင်းအထောက်အထားများသည် ငွေ ကြေးဖြင့်တန်ဖိုးဖြတ်၍မရနိုင်သည့် အဖိုးတန်အမွေအနှစ်များပင်ဖြစ်ကြောင်း၊ ထို့ ကြောင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသေးစိတ်စနစ်တကျ ဖြင့် တန်ဖိုးထားလက်ဆင့်ကမ်းထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊  ဓာတ်ပုံများ၊ ပန်းချီများကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ကြည်လင်ပြတ်သားမှုနှင့် ဓာတ်ပုံအရည်သွေးကောင်းမွန်မှုရှိအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးမြန်မာ မင်း တို့လက်ထက် မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှု ဓလေ့ထုံး တမ်းစဉ်လာများ၊ အနုသုခုမပညာရပ်များ၊ ဘုရင့်နန်းတော်ကြီးများ၏ ကြီးကျယ်ခမ်းနားစွာဖြင့် တည်ဆောက်ထားရှိမှုများနှင့် ဩဇာတိက္ကမကြီးမား ကျယ်ပြန့်ခဲ့မှုများကို ပုံပေါ်အောင်ခင်းကျင်းပြသ ထိန်းသိမ်းသွားရန်လိုကြောင်း၊ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်း သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ထိန်း သိမ်း ဆောင်ရွက်နေရမည်ကြောင်း၊ အလားတူ ဟံသာဝတီမြို့တော်ဟောင်းနေရာအား ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနိုင်ရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်းတော်၏ ကျုံးကိုလည်း တစ်ဆက် တစ်ဆက်တည်းဖြစ်အောင်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်မင်းတရားကြီး စီးနင်းအသုံးပြုခဲ့သည့် မြင်း ၁၆ ကောင် ကသော ရထားတော်ကြီး မူလအရွယ်အစားပုံစံတူပြဆောင်အား ရှေးမူမပြတ် ပြန် လည်တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟံသာဝတီမြို့ရိုးရှိ သိန္နီတံခါးနေရာအား သွားရောက်ကြည့်ရှုစစ် ဆေးရာ တာဝန်ရှိသူများက ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း၊ ကျုံး၊ မြို့ရိုးနှင့် မြိုတံခါး များဆိုင်ရာအချက်အလက်များနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မိမိတို့အနေဖြင့် ရှေးမူ မပျက်စေဘဲ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ထားရှိခြင်းသည် အနာဂတ်လူငယ်များ အနေဖြင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုထွန်းကားလာအောင် ဆောင်ရွက်ပေးခြင်း ပင်ဖြစ်ကြောင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရွက်၍ ရှေးဟောင်းသမိုင်းဝင်  အထင်ကရအမွေအနှစ်များဖြစ်သည့်အတွက် စနစ်တကျဖြင့် ပုံစံတကျဖြစ်အောင် ထိန်းသိမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ ဟံသာဝတီမြို့ဟောင်း မြို့ရိုးတစ် လျှောက်တွင် ရှေးယခင်ကတည်းကရှိပြီးဖြစ်သည့် ရှေးဟောင်းကျုံးနေရာများအား ပြန်လည်တူးဖော်ထိန်းသိမ်းသွားရန်လိုကြောင်း၊ သိန္နီတံခါးရှိ တံတားကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ရှေးမူလက်ရာများအတိုင်း ပြန်လည်ပြုပြင် တည် ဆောက်သွားရန်လိုကြောင်း၊ ကျုံးဘေးဝန်းကျင်၌ ပြည်သူများ အေးချမ်းစွာဖြင့် အနားယူအပန်း ဖြေရန်နေရာများ၊ ကိုယ်လက်ကြံ့ခိုင်ရေး ဆောင်ရွက်နိုင်သည့် နေရာ များကို ဆောင်ရွက်ပေးသွားရန်လိုသကဲ့သို့ ကျုံးဘေး၌ မျက်စိပသာဒဖြစ်စေရေး  ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟံသာဝတီမြို့ရိုးနှင့် ကျုံးဘေးတစ်လျှောက်နှင့် ပဲခူးမြို့အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး  ပဲခူးမြို့အတွင်းဖြတ်သန်း စီးဆင်းသွားသည့် ပဲခူးမြစ်အား ကျောက်စီနံရံများပြုလုပ်၍ ရေစီးဆင်းမှုများ ကောင်းမွန်စေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။

မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃ )ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီး သည် ဟံသာဝတီဒေသ၌ အကျယ်အဝန်း ၃၄၀၀ စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မြို့တံခါးငါးပေါက်ပါရှိပြီး စုစုပေါင်း မြို့တံခါး ၂၀ ဖြင့် တည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသည့် နန်းတော်သစ်တစ်ခုကို တည် ဆောက်ခဲ့ပြီး “ကမ္ဘောဇသာဒီ” ဟု ခေါ်တွင်စေခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၉၄၃ ခုနှစ်(အေဒီ ၁၅၈၁)ခုနှစ်၊ သက်တော် ၆၆ နှစ်တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံ ခဲ့ပြီး သားတော်နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီမြို့ ပျက်စီးခဲ့ရကာ “ကမ္ဘောဇ သာဒီ” နန်းတော်ကြီးမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ထို့နောက် နှစ်ပေါင်း ၄၀၀ ကျော်ခန့် အပျက်အစီးများအောက်တွင် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့် “ကမ္ဘောဇ သာဒီ”နန်းတော်ကြီးကို ရှေးဟောင်းသုတေသနဦးစီးဌာနက ၁၉၉၀ ပြည့်နှစ် နှစ်ဆန်း ပိုင်းမှ ၁၉၉၇ ခုနှစ်အထိ သုတေသနပြုတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း၊ မြေနန်းပြာသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် စတင်သုတေသနပြုတူးဖော်ခဲ့ရာ မြေနန်းပြာသာဒ်ဆောင်၊ စနုဆောင်၊ လက်ဝဲဝင်း ဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ နေရာများမှ ကျွန်းတိုင်လုံး အကြွင်းအကျန်များကို တွေ့ရှိခဲ့ရပြီး အချို့ကျွန်းတိုင် များတွင် ပေးပို့ဆက်သသူများ၏ အမည်များကိုရေးထိုးထားသည်ကို တွေ့ရှိရကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝင်းဆောင်၊ လက်ယာ ဝင်းဆောင်နှင့် စနုဆောင်တို့ကို ပုံစံတူပြန်လည်တည်ဆောက်ရေးအတွက် တူးဖော် တွေ့ရှိရသည့် ပန္နက်ပုံ၊ မှတ်တမ်းအထောက်အထားများနှင့်ညှိနှိုင်း၍ ပုံစံတူ ပြန်လည် တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပမှ လာရောက် လေ့လာသူ များဖြင့် စည်ကားလျက်ရှိကြောင်းသတင်းရရှိသည်။