တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက စုပေါင်းပါဝင်လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ပဲ၊ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဓမ္မိကာ ရာမအုန်းတောကျောင်းတိုက်၌ ပြုလုပ်ရာ နေပြည်တော် ဉပ္ပါတသန္တိစေတီတော် ဩဝါဒါစရိယ ပုဗ္ဗသီရိမြို့၊ အောင်စည်သာပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်စည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဩဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင် များက လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများအား ဆရာတော် အရှင်သူမြတ်များထံ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။
ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပျဉ်းမနားမြို့၊ မဟာဓမ္မိကာ ရာမအုန်းတောကျောင်းတိုက် ပဓာန နာယကဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ တိဿ မထေရ်မြတ်ထံမှ သာဓုအနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင် ကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ် လှူဒါန်း လျက်ရှိပြီး ယနေ့ လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၂၃၆ သိန်း ၈ သောင်း ၈ ထောင်ကျပ်၊ ဆန် ၁၁၇၇ အိတ် ၃ ပြည်၊ ဆီ ၃၈၄ ဒသမ ၈၀ ပိဿာ၊ ဆား ၃၁၉၈ ပိဿာ၊ ပဲ ၃၁၉၈ ပိဿာ၊ တိုင်းရင်းဆေးမျိုးစုံ ၁၂၀၆ ဘူး၊ နိုင်ငံခြားဆေးမျိုးစုံ ၂ ခြင်း သွားတိုက်ဆေး/သွားတိုက်တံ ၆ ဖာတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။