နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအားစစ်ဆေး၊ တပ်နယ်မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ် - ၂
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ် ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေ များအား သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအားတွေ့ဆုံ အမှာစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိ ကြရာ တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ အရာရှိ၊ စစ်သည်များ မိသားစုများ၏သက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေ များအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန်၊ သစ်တောသယံဇာတများ တရားမဝင်ထုတ်ယူမှုမရှိစေရေး စနစ်တကျကြီး ကြပ်ဆောင်ရွက်သွားရန်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေး အတွက် တပ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စနစ်တကျ ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ထိထိရောက်ရောက်နှင့် အကျိုး ရှိအောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အေးချမ်းဖြိုးခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ တပ်နယ်မှအရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြ သည်။
ထိုသို့တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်/ဌာနချုပ်များအနေဖြင့် အချိန် အခါအလိုက် လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေ ရန်လိုကြောင်း၊ တပ်မတော်သားများသည် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော် သို့ဝင်ရောက်တာဝန် ထမ်းဆောင်ကြခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများဖြစ်သည် နှင့်အညီ တပ်မတော်မှပေးအပ်သည့် တာဝန်များကို စဉ်ဆက်မပြတ်ထမ်းဆောင်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံ၏လွတ်လပ်ရေးရရှိပြီးချိန်၌ နိုင်ငံရေးအရ၊ တိုင်ရင်းသားရေး အရ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ၏အချုပ် အခြာအာဏာ ထိခိုက်လာမှုအပေါ် တပ်မတော်မှ ကျားကုပ်ကျားခဲ ကြိုးပမ်းကာကွယ်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အလေးထား ဆောင်ရွက်ခဲ့ကြောင်း။
မိမိတို့နိုင်ငံသည် လွတ်လပ်ရေး ရရှိခါစကပါလီမန်စနစ်ကိုကျင့်သုံးခဲ့ပြီး နောက် ဆိုရှယ်လစ်စနစ် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း ပုဂ္ဂလိကပိုင်းဆို်ငရာများတွင် ကန့်သတ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် သဘောထားကွဲလွဲ မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင်လည်း ညီညွတ်မှု များပျက်ပြားလာခဲ့ကြောင်း၊ ပြည်ပနိုင်ငံများက အားပေးကူညီလုပ်ဆောင်ခဲ့သည့် မှောင်ခို စီးပွားရေးများကြောင့်လည်း ပြည်တွင်းစီးပွားရေး ကို ထိခိုက်ကျဆင်းစေခဲ့ပြီး တိုင်းပြည်၏သယံဇာတများကိုလည်း ပြည်ပသို့ တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူ သုံးစွဲမှုများ များပြားကြောင်း၊ အလားတူရာသီ ဥတုဖောက်ပြန်မှု များကြောင့်လည်း စားရေရိက္ခာများရှားပါးမှုပြဿနာများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန် မှစတင်၍ နိုင်ငံအတွင်း အခက်အခဲအကြပ်အတည်းများဖြစ်ပေါ်လာခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း။
ထို့နောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ရေးဆွဲ၍ ပြည်သူ့ဆန္ဒခံယူပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို စတင်လျှောက်လှမ်းစေခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး ဆက် လက်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ ပြည်သူလူထုနှင့်တိုင်းပြည်ကို အကျိုးပြုသည့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ရန်လိုကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း အတွက်မဟုတ်ဘဲ အများပြည်သူအတွက်အကျိုးရှိမည့် စီးပွားရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် ပိုမိုအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံရေး အရသဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများ နည်းပါးစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အားလုံးတစ်ပြေးညီဆောင်ရွက် ခြင်းဖြင့် ဒီမိုကရေစီ၏ အနှစ်သာရကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ လက်နက် ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့များအားလုံး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး ၂၀၁၀ ပြည့်နှစ် ပထမ ဒီမိုကရေစီအစိုးရသက်တမ်းတွင် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ သို့သော် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် ပြင်ပမှသွေးထိုးပေးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ခြင်းမရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်မှ နိုင်ငံတာဝန်ယူခဲ့သည့်အချိန်တွင် ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်မှုများရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ပညာရေးပိုင်းဆိုင်ရာအားနည်းချက်များရှိခြင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါများကြွယ်ဝပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ကို မလိုလားသူများ၏ သွေးထိုးလှုံ့ဆော် ခြင်းများကြောင့် နိုင်ငံတော်၌ ပညာရေးအားနည်းမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့ကြောင်း၊ ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ အတန်းပညာရှိမှသာအတတ် ပညာများပိုမို တတ်မြောက်လာမည်ဖြစ်ပြီး မိမိတို့ဘဝတိုးတက်ရေးကို ဆောင်ရွက်နိုင် မည်ဖြစ် ကြောင်း၊ ထို့ကြောင့်မိမိတို့၏သားသမီးများ ပညာတတ်လူငယ်များဖြစ်စေရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာအတန်းအလိုက် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေး အတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံအတွင်းပညာတတ်များ ပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက် အောင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး တွေးခေါ်မျှော်မြင်မှုမြင့်မားသည့် ပညာတတ် လူငယ်များ ပိုမိုများပြားလာပါက နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း။
ဒီမိုကရေစီ ဒုတိယအစိုးရ NLD အစိုးရသက်တမ်းကာလတွင် တပ်မတော်ကို မုန်းတီးစေသည့် ရေးသားပြောဆိုမှုများ လှုံ့ဆော်မှုများကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အလားတူစီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကဏ္ဍ အသီးသီးတွင် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် နိုင်ငံတော်မှာ အဘက်ဘက်က ဆုတ်ယုတ်ခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် မဲမသမာမှုများလုပ်ဆောင်ပြီး ၎င်းတို့ ပါတီအာဏာရရှိရေးဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါမဲမသမာမှုအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် မိမိတို့အနေဖြင့် အကြိမ်ကြိမ်အသိပေးအကြောင်း ကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးမှုမရှိသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို တာဝန်ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ စီးပွားရေးတို့တွင် တစ်ပြေးညီ တည်ငြိမ်တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ အိမ်နီး ချင်းနိုင်ငံများဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးများကိုလည်း တည်ငြိမ် ကောင်းမွန် အောင် အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ အားလုံး အနေဖြင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာပြီး မှန်မှန် ကန်ကန် ဖြင့် သုံးသပ်ဆောင်ရွက်၍ နိုင်ငံကောင်းအောင်ကြိုးပမ်းဆောင်ရွက် သွားကြစေလို ကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် တပ်များဖြစ်အောင် ပီပီပြင်ပြင်ဖြင့်ဆက်လက်ကြိုး ပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်ပိုင်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း များကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက်ဆောင်ရွက်ပြီး အရာရှိ၊ စစ်သည် မိသားစုများ၏ သက်သာချောင်ချိရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တပ်ပိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါးများနှင့် ဥများကို ပြင်ပသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ခြင်းကြောင့် ဈေးကွက်တည်ငြိမ်မှုကို တတ်နိုင်သမျှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာတိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြ သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက်ကုလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဇနီးသည်လည်း ဆေးရုံတက်ရောက်ကုလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။