ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် အဆိုပါဒေသတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက် သမားများဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ လိုအပ်သည့ပြုပြင်၊ ပြင်ဆင်တည်ဆောက်မှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရာ ယနေ့တွင် ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ကြောင်းသိရှိရ သည်။
အဆိုပါ နောင်ချိုမြို့နယ် ပြည်သူဆေးရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တပ်မတော်မှ တာဝန်ရှိသူများ၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပြီး တာဝန်ရှိသူများက ပြည်သူ့ဆေးရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်း၍ ဆေးရုံအား ဖွင့်လှစ်ပေးသည်။ ထို့နောက် တာဝန်ရှိသူများက ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ ဆေးဝါးကုသထားရှိမှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကား ပြော ကြားကြသည်။
နောင်ချိုမြို့နယ် ပြည်သူဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီး ဌာန၊ နယ်မြေခံ တပ်နယ်/တပ်ရင်းများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်စေတနာရှင်များ ပူးပေါင်း၍ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနနှင့် လူနာကုသဆောင်များ ပြုပြင်ခြင်း၊ ရွှေ့လျားခွဲစိတ်ခန်းတပ်ဆင်ပေးခြင်း၊ ရွှေ့လျား ဓာတ်မှန်စက်နှင့် အာထရာဆောင်းစက်များ တပ်ဆင်ပေးခြင်းနှင့် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လ (၂) ရက်နေ့နံနက်ပိုင်းမှစ၍ လူနာများအား လက်ခံကုသပေးခြင်းနှင့် အရေးပေါ်ခွဲစိတ်ကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ပြည်သူ့ဆေးရုံအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်နေသည့် ကာလအတွင်း တွင်လည်း ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေ စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၁ ရက်အထိ ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၆၉၅ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး အသက် (၅) နှစ်အောက်ကလေး ၁၇၅ ဦးအားကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။