ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၃/၂၀၂၅) ကျင်းပ နေပြည်တော်၊ ဇူလိုင် - ၃၁

Thursday, July 31, 2025 - 19:00

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၃/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          အစည်းအဝေးသို့ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တို့ တက်ရောက်ကြသည်။

ဦးစွာ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ အခုဆိုရင်  ၄ နှစ်နဲ့ ၆ လတာကာလကို ရောက်ရှိပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဆိုသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က မိတ္ထီလာ၌ လူထုနှင့်တွေ့ဆုံချိန်တွင် မိမိစတင်အသိပေးပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် အခုလာမယ့် ၆ လတာကာလသည် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အပြီး သတ်ပြင်ဆင်ပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည့်ကာလဖြစ်ကြောင်း။  မိမိတို့ အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန် မှစပြီး နိုင်ငံတော်၏ အခြေအနေအပေါ်မူတည်ကာ ရှေ့လုပ်ငန်းစဉ်များနှင့်ဦးတည်ချက်များကို ချမှတ်ပြီး အဆင့်လိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၄၂၆ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ သည် ပုဒ်မ ၄၁၇ နှင့် ပုဒ်မ ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် ကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန် ပြီးမြောက်အောင်ဆောင်ရွက်ပြီးကြောင်းတင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိသည့် အခါ ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်ကို ပယ်ဖျက်ကြောင်းကြေညာရမည်ဟု ဖော်ပြပါရှိ ကြောင်း၊ ယခုကဲ့သို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည်ဟု ပုဒ်မ ၄၂၉ တွင် ပြဋ္ဌာန်းထားကြောင်း၊ မိမိတို့အနေဖြင့် လာမည့် ဒီဇင်ဘာလတွင် ဥပဒေနှင့်အညီ ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားများနှင့် ပါတီငယ်များလည်း နိုင်ငံရေးလုပ်ငန်း စဉ်များတွင်ပါဝင်နိုင်ရန် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ဖော်ဆောင်ထားသကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံး လွတ်လပ်လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ကြောင်း။

          ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပထမဆုံးအချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍  တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိလာအောင် အလေးထားဆောင်ရွက်သွားမည် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မှုကို ဦးစွာတင်ပြလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အဆိုပါအချိန်က အာဏာရပါတီသည် မဲမသမာမှုများကို ကျူးလွန်ခဲ့ကြကြောင်း၊ ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးမှု မရှိဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် ကြိုးစားခဲ့သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး မိမိတို့ အစိုးရက တာဝန်ယူထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါအချိန်က အာဏာရပါတီကို ထောက်ခံသူများသည် အရေးပေါ်အခြေအနေအရ အပြောင်းအလဲဖြစ်မှုများကို မကျေနပ်မှုမှ အစပြုပြီးဆူပူဆန္ဒပြမှုများကနေ အကြမ်းဖက်တိုက်ခိုက်မှုများ နည်းလမ်း ပေါင်းစုံဖြင့် ပြုလုပ်ခဲ့ကြကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် ယခင်ကတည်းက ရှိနေသည့်ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများ သည်လည်း အဆိုပါနိုင်ငံရေးဖြစ်စဉ်ကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်နိုင်ရန် လက်နက်ကိုင် အကြမ်း ဖက်မှုများ လုပ်ဆောင်ခဲ့ကြသည့်အတွက်ကြောင့် နိုင်ငံတော်တွင် ဗူးလေးရာ ဖရုံဆင့် ဖြစ်ခဲ့ရကြောင်း။

          မိမိတို့အစိုးရအဖွဲ့ နိုင်ငံ့တာဝန်ရယူခဲ့ရချိန်မှစပြီး ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိအောင် အလေးထား ကြိုးစား ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြောင်း၊ အဆိုပါ တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ၂၀၁၀ ပြည့်နှစ်ကအတည်ပြု ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့ပြီး ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ  ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁၅)အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ် ကိုလည်း ၂၀၂၃ ခုနှစ်မှစတင်၍ ကျင့်သုံးအကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များကို ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်အထိ ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် မိမိတို့အစိုးရကာလတွင် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံ ရေး အခြေအနေ၊ ယနေ့ဖြစ်ပျက်နေသည့် နိုင်ငံတကာရေးရာအခြေအနေများကြောင့် မိမိတို့ကဲ့သို့ နိုင်ငံငယ်များ၏  ကာကွယ်ရေး၊ လုံခြုံရေးနှင့်အချုပ်အခြာ အာဏာတည် တံ့ခိုင်မြဲရေးသည် ပြည်သူတစ်ရပ်လုံး၏အင်အားစုများအားလုံးပါဝင်မှသာ ခိုင်မာမှုရှိ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အစိုးရလက်ထက် ယခုကဲ့သို့ဆောင်ရွက်မှုများ သည် နိုင်ငံတော်၏လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ဆောင် ရွက်နိုင်ရန် လမ်းခင်းပေးမှုများပင် ဖြစ်ကြောင်း။

          ရှေ့လုပ်ငန်းစဉ် ဒုတိယအချက်ဖြစ်သည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဆိုသည့်အချက်အပေါ် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုကို တင်ပြလိုကြောင်း၊ ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်း အရ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြ ပြီး ထိုအထဲက ၅၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် သစ်တော ကဏ္ဍများတွင် တစ်နည်းနည်းဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးကိုလျင်မြန်စွာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် စိုက်ပျိုး မွေးမြူရေးသည် မိမိတို့နိုင်ငံတွင်ရှိသည့် တိုင်းရင်းသားပြည်သူအများစု၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြော လည်းဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဖော်ဆောင်ပေးခြင်းသည် အထိရောက်ဆုံးဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက တစ်ဖက်တွင်လည်း ဆင်းရဲမွဲတေမှုလျှော့ချရေးကိုလည်း များစွာ အထောက်အကူပြုမည်ပင်ဖြစ်ကြောင်း၊  နိုင်ငံတော်ကို လယ်ယာ စိုက်ပျိုးရေးစွမ်းအားရှိသည့် Agricultural Power Country ဖြစ်ရန် တည်ဆောက်သည့် နေရာတွင်ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို ပိုမိုတိုး တက် ထုတ်လုပ်ရန် နိုင်ငံတကာဈေးကွက်ဝင်စေဖို့ အကျိုးအမြတ်ရှိပြီး ခိုင်မာသေချာ သည့် သီးနှံထုတ်လုပ်မှုဖြစ်ပေါ်လာစေရန် တိုးတက်ဖွံ့ဖြိုးလာသည့် စိုက်ပျိုးထုတ်လုပ် မှု နည်းစနစ်များကို ရယူအသုံးချနိုင်အောင် ဆောင်ရွက်စေခဲ့ကြောင်း၊ စိုက်ပျိုးမွေးမြူ ရေး လုပ်ငန်းများအတွက်လိုအပ်သည့် အခြေခံသွင်းအားစုများ ဈေးနှုန်းသက်သာစွာ ဝယ်ယူ ရရှိနိုင်စေရန်အတွက်လည်း ပြည်ပမှ မှာယူတင်သွင်းမှုများအပြင် ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးနိုင်စေဖို့ အတွက်လည်း အားပေးဆောင်ရွက်ခဲ့ကြောင်း။

          စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း Agro Base Industries များကို ပြည်တွင်းကအရင်းအနှီးရှိသူ ငွေကြေးတတ်နိုင်သည့်လုပ်ငန်းရှင်များကိုယ်တိုင် ရင်းနှီးမြှုပ်နှံ ပါဝင်လုပ်ဆောင်လာအောင် အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင် လိုအပ်သည့်သွင်းအားစုများရရှိရေး၊ ဘဏ္ဍာငွေအကူအညီ ပေးရေးနှင့် လူသားအရင်းအမြစ်များရရှိရေးတို့ကို လည်းဦးစားပေး ဆောင်ရွက်ပေးခဲ့ကြောင်း။

          နိုင်ငံတော်အတွက်လိုအပ်သည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ မွေး ထုတ်ပေးနိုင်ရန်အတွက် ဆောင်ရွက်သည့်နေရာမှာ မျက်မှောက်ခေတ်အခြေအနေများ အရ မိမိတို့အစိုးရအနေဖြင့် KG+9 အထိ မသင်မနေရ ပညာရေးစနစ်ကို နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေး ရည်မှန်းချက်အဖြစ် ချမှတ်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မှစပြီး KG+9 ပြီးသည်နှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူနိုင်ရန် အခြေခံရသွား နိုင်ပြီဖြစ်ခြင်းကြောင့် အသက်မွေးဝမ်းကျောင်းပညာများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာဘာသာရပ်များကို သင်ကြားပေးသည့် အခြေခံပညာ ကျောင်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံ ပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ခရိုင် ၈၈ ခုမှာ ၈၉ ကျောင်းအထိ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ အခုခေတ်သည် နည်းပညာခေတ်ဖြစ် ခြင်းကြောင့် လက်တွေ့အသုံးချသိပ္ပံပညာရပ်များဖြစ်သည့် ကွန်ပျူတာနှင့် နည်းပညာ များကို ပေါင်းစပ်သင်ကြားပေးသည့် Polytechnic University (၈)ခုကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း။

          မိမိတို့အစိုးရ စတင်တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလအတွင်းမှာ  ပြည်သူ လူထုတစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံရေးအတွက် စပါးစိုက်ပျိုးမှု၊ ဆီထွက်သီးနှံ စိုက်ပျိုးမှု၊ ပဲမျိုးစုံစိုက်ပျိုးမှု၊ အသားငါးထုတ်လုပ်မှုများကို  နှစ်အလိုက် တိုးတက်မှု ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း အဓိကသီးနှံအဖြစ် သတ်မှတ်ထား တဲ့ သီးနှံ(၁၀)မျိုးတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

         နိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေသည် ယခင်အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်းရငွေ ကျပ် ၁၇၅၈၅ ဒသမ ၅၅ ဘီလီယံရှိရာမှ မိမိတို့ အစိုးရကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းရငွေ ကျပ် ၃၄၅၅၃ ဒသမ ၅၀ ဘီလီယံအထိ တိုးတက်ရရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ ဂျီဒီပီတန်ဖိုးသည်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၀၈၂၀၅ ဒသမ ၇၂ ဘီလီယံရှိရာမှ မိမိတို့ အစိုးရကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၆၀၆၅၄ ဒသမ ၈၂ ဘီလီယံ အထိ၊ GDP တိုးတက်မှု ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ရရှိခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်အနေင့် မှန်ကန်ပြည့်စုံမှုမရှိသည့် အချက်အလက်များကို အခြေခံပြီး မိမိတို့နိုင်ငံ၏ဂျီဒီပီကို လျော့နည်းနိုင်သည်ဟု ကြိုတင်သုံးသပ်ထားသော်လည်း မိမိတို့အနေဖြင့် နိုင်ငံ့စီးပွား ရေးပြန်လည် ကောင်းမွန်စေရေး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။

          မိမိတို့အစိုးရ တာဝန်ယူခဲ့ရသည့်ကာလအတွင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း၊ တတိယလှိုင်းနှင့် စတုတ္ထလှိုင်းများအပြင် ဆူပူဆန္ဒပြမှုများ၊ သဘာဝဘေး အန္တရာယ်များဖြစ်သည့် ၂၀၂၃ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် တွင် ရာဂိ မုန်တိုင်း၏အရှိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရုတ်တရက် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုနှင့် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက အလွန်အင်အားပြင်း ထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုဒဏ်တို့ကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများစွာကို လိုအပ်သည့်တုံ့ပြန်ဆောင်ရွက်မှုများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်နှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် အောင်မြင်အောင် ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း။

          ပြည်ပသွင်းကုန်အစားထိုးရန်၊ နိုင်ငံ့စီးပွားရေးကို အားပေးရန်၊ အရည် အသွေးပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့ကာ နိုင်ငံခြား ငွေရှာဖွေနိုင်ရန် ရည်ရွယ်ချက်များနှင့် MSME လုပ်ငန်းများကို ၂၀၂၂ ခုနှစ်ကစပြီး အားပေးဆောင်ရွက်ခဲ့ကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် ကုန်ကြမ်းရရှိရေးသည် အဓိကအရေးကြီးသည့်အတွက် ဒေသတွင်းကထွက်ရှိသည့် ထုတ် ကုန်ပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေးဆောင်ရွက် စေခဲ့ကြောင်း၊ လက်ရှိမိမိတို့နိုင်ငံ၏ MSME လုပ်ငန်းများသည် အတိုင်းအတာတစ်ခု အထိ လည်ပတ်အောင်မြင်သည်ကို တွေ့ရှိရသော်လည်း အများစုသည်စားကုန်၊ သောက်ကုန်ပစ္စည်းများ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အခြားဈေးကွက်ဝင် ထုတ်ကုန် များဖြစ်သည့် စက်မှုထုတ်ကုန်နှင့် လယ်ယာလုပ်ငန်းသုံး ထုတ်ကုန်များကိုလည်း ပိုမိုထုတ်လုပ်နိုင်ရန်လိုအပ်နေကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန်အတွက် ငွေကြေး အရင်းအနှီးများလိုအပ်သကဲ့သို့ လူသားအရင်းအမြစ် ကောင်းများလည်း လုံလောက်စွာ ရရှိဖို့ရန်လိုအပ်ကြောင်း၊ မိမိအနေဖြင့် ပြည်တွင်းက MSME လုပ်ငန်းများကို သွားရောက် အားပေးတွေ့ဆုံသည့်အခါ လုပ်သားရှားပါးမှုကို တင်ပြကြသည်ကိုတွေ့ရ ကြောင်း၊၂၀၂၄ ခုနှစ် ရှေ့ပြေး လူဦးရေစာရင်းအရ မိမိတို့နိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူဦးရေ ၃၄ ဒသမ ၈ သန်းကျော်ရှိပြီး တစ်နည်းမဟုတ်တစ်နည်းဖြင့် အလုပ်လုပ်နေသူ ၁၉ သန်းကျော်သာရှိကြောင်း၊ ပြည်တွင်းနှင့်ပြည်ပတွင် အလုပ်သမားအဖြစ် မှတ်ပုံတင် ပြီး အလုပ်လုပ်နေသူ ၁၇ သန်းကျော်သည့်အတွက် လုပ်သားအင်အားတွေရှိနေသော် လည်း အကျိုးရှိရှိ အသုံးချနိုင်ရန် လိုအပ်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ တွင် အလုပ်လုပ်နိုင်မည့် ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများ ရှိပြီးဖြစ်သော် လည်း အမှန်တကယ်အလုပ်လုပ်ရန်နှင့် အစိုးရအနေဖြင့်လည်း အလုပ်လုပ်နိုင်ရန် အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်နေသည်ကို တင်ပြ အပ်ပါ ကြောင်း။

          ရှေ့လုပ်ငန်းစဉ် တတိယအချက်ဖြစ်သည့် နိုင်ငံတော်၏ပကတိအနှစ်သာရ ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှု ရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဆိုသည့် အချက်နှင့် ပတ်သက်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုကို တင်ပြလိုကြောင်း၊ နိုင်ငံတော်အစိုးရ အဆက်ဆက် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး NCA သဘောတူစာချုပ် အတိုင်းအလေးထား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန် ပြည်တွင်းငြိမ်းချမ်းရေးသည် အရေးကြီးသည့်အတွက် တပ်မတော်အနေ ဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို စတင်ထုတ်ပြန်ခဲ့ကြောင်း၊ ယနေ့အချိန် အထိ ထာဝရငြိမ်းချမ်းရေးအတွက် တစ်ဖက်သတ်အပစ်ရပ် ထုတ်ပြန်မှုပေါင်း ၂၇ ကြိမ် ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အလေးပေးဆောင်ရွက်ခဲ့သည်ကို တင်ပြလို ကြောင်း၊ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းကြောင်းဖြင့်သာ ရရှိနိုင် မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများ ကိုဆောင်ရွက်ရာတွင် ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား၊ ဖြစ်သင့်သည်များကိုပြောပြီး၊ ဖြစ်နိုင်သည်များကို ညီညီ ညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် လက်တွေ့ကျပြီး အောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ကာ နိုင်ငံနှင့်ပြည်သူလူထု၏ ကောင်းရာကောင်းကျိုးကို ရှေးရှုကြရန် ပြောကြားလိုကြောင်း။

          မိမိတို့အစိုးရသည် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင် ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ဆွေးနွေးနိုင်ရေး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့နှင့် မိမိကိုယ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းထား သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ၉၁ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အဖွဲ့များနှင့် ၂၅ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၂၂ ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ၁၃ ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၅ ခုနှစ်အတွင်း ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) တစ်ကြိမ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ(Peace Forum) တစ်ကြိမ်တို့ကို ကျင်းပဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီ ချက် ၄၃ ချက်ကိုလက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့ကြောင်း၊ ယင်းသဘောတူညီချက် များနှင့်ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေးညီလာခံရလဒ်များမှ စုစည်းထား သည့် ပြည်ထောင်စုသဘောတူညီချက်(Union Accord)များကို မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်ကို စုစည်းတင်ပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေးလုပ်ငန်းစဉ်များကို ပြန်လည် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့သည် တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေကြ သည့် သက်ဆိုင်သူအားလုံးသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် သွားရန်လိုအပ်ကြောင်း။

          ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်ဆက်လက် ဆောင်ရွက်သွားမည် ဟူသည့်အချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ တင်ပြလိုကြောင်း၊ ဒီမိုကရေစီကိုဖော်ဆောင်ရန်အတွက် ရွေးကောက်ပွဲ များသည်အရေးကြီးကြောင်း၊ပြည်သူလူထု၏ဆန္ဒအမှန်ကို ဖော်ပြနိုင်သည့်ရွေးကောက် ပွဲများကသာ စစ်မှန်သည့်ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမို ကရေစီဖြစ်သည့်အတွက် နိုင်ငံရေးပါတီများသည် တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံနိုင်ရန်လည်း လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံရေးပါတီ များ တရားမျှတစွာပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများကို အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြောင်း၊ လက်ရှိအချိန်အထိ တည်ဆဲနိုင်ငံ ရေး ပါတီ ၅၅ ပါတီ ရှိပြီး ၎င်းတို့အနက် တစ်နိုင်ငံလုံးယှဉ်ပြိုင်မည့် ပါတီ ၉ ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ပါတီ ၄၆ ပါတီ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ တည် ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေးစိစစ်ဆဲပါတီ ၆ ပါတီ ရှိကြောင်း၊ မကြာမီကာလ တွင် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကြေညာတော့မည်ဖြစ်သည့်အတွက် နိုင်ငံရေး ပါတီများအနေဖြင့် ပြည်သူများကို ပါတီလုပ်ငန်းစဉ်များချပြပြီး မဲဆွယ်စည်းရုံးရတော့ မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်အရ နိုင်ငံရေးပါတီများ၏ ယှဉ်ပြိုင်မဲဆွယ် စည်းရုံးမှုများတွင် လွတ်လပ်မှုနှင့်တရားမျှတမှုကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီ ရယူအသုံးချပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့် အဝ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း။

          နောက်တစ်ချက်အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဟူသည့်နေရာတွင် အခြားနိုင်ငံများ၏ ကျင့်သုံးမှုပုံစံကို ပုံတူကူးပြီး ကျင့်သုံခြင်းမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်တို့ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း၊ ဒီမိုကရေစီစနစ်ဟူသည်မှာ ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၎င်း၏အနှစ်သာရဖြစ်သည့် အများ ဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ရှိသော်လည်း လူနည်းစု၏ဆန္ဒကိုလည်း အလေးထားရန် လိုအပ်ကြောင်း၊ မိမိနှင့်အယူအဆ မကိုက်ညီသူများကို ရန်သူလိုသဘောထားပြီး ခွဲခြား ဆက်ဆံခြင်းများ၊ ဖယ်ကြဉ်ထားခြင်းများသည် ဒီမိုကရေစီစနစ်နှင့် လုံးဝကိုက်ညီမှုမရှိ သည့်အရာဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ဟူသည်မှာလည်း လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင် ခွင့်‌များကို မျှဝေခံစားစေခြင်းဖြစ်ပြီး ၎င်း၏အနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့် သဟ ဇာတဖြစ်မှုပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး သည် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်း သီးသန့်နေထိုင်ခြင်းမျိုးမရှိဘဲ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိနေကြကြောင်း၊ မိမိတို့နိုင်ငံ၏ အရှိတရားနှင့်ကိုက်ညီအောင် ရေးဆွဲပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ပါ ဒီမိုကရေစီနှင့်ဖက်ဒရယ် ဆိုင်ရာ လုပ်ပိုင်ခွင့်အနှစ်သာရများကို အကျိုးရှိအောင်အသုံးချပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ကိုလည်း တင်ပြအပ်ကြောင်း။

          ရှေ့လုပ်ငန်းစဉ်များ၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံ တော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသည့်အပိုင်းကို ဆက် လက်တင်ပြလိုကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အန္တိမ ရည်မှန်းချက်သည် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပေးပြီး ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံ တော်တာဝန် လွှဲပြောင်းပေးနိုင်ရေးပင်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ရရှိ သည့် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၃ သန်းကျော် ရှိပြီး အလုပ်သမားဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့်စာရင်းများအရ ပြည်ပနိုင်ငံ များတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ၃ ဒသမ ၄ သန်းကျော်ရှိကြောင်း၊ ထို့ ကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် ၅၄ ဒသမ ၇ သန်းကျော် ရှိသည်ကို တွေ့ရှိရကြောင်း၊ သန်းခေါင်စာရင်းမှ ရရှိလာသည့် လူဦးရေဆိုင်ရာ အချက်အလက် များကို အခြေခံပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတိုင်း မဲဆန္ဒရှင်စာရင်းကို စနစ်တကျ ပြုစုဆောင်ရွက်လျက်ရှိကြောင်း။

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း စဉ်များအတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ရွေးကောက်ပွဲဥပဒေများနှင့်အညီ ဒေသအလိုက် လုံခြုံရေးအခြေ အနေအပေါ်မူတည်ပြီး ကျင်းပပြုလုပ်သွားရန်စီမံဆောင်ရွက်နေကြောင်း၊ မိမိတို့ နိုင်ငံ တွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင်းပခဲ့သည့်ရွေးကောက်ပွဲများကို ပြန်ပြီး လေ့လာကြည့်ပါက အများစုသည် ရွေးကောက်ပွဲကို သတ်မှတ်သည့် ရက် ၁ ရက် အတွင်း အပြီးဆောင်ရွက်ခဲ့ကြသော်လည်း ပထမအကြိမ် ပါလီမန်အထွေထွေရွေး ကောက်ပွဲကိုမူ ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အသုတ် လိုက်ခွဲ ၍ ကျင်းပခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါခေတ်ကာလက ဆာဘဦး ခေါင်းဆောင် သည့် ရွေးကောက်ပွဲကော်မရှင်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် ပါလီမန် အထွေထွေရွေးကောက်ပွဲကို တစ်နယ်ပြီးတစ်နယ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် လုံခြုံရေးအခြေအနေအရ မိမိတို့ အနေဖြင့် လည်း မကြာခင်ကျင်းပမည့်ရွေးကောက်ပွဲကို လုံခြုံရေးနှင့်စီမံခန့်ခွဲမှုအပေါ် မူတည်ပြီး အပိုင်းခွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ တစ်ပိုင်းနှင့်တစ်ပိုင်းကို အနည်းဆုံး ရက်သတ္တ တစ်ပတ်ခြားပြီးဆောင်ရွက်ရန်လျာထားကြောင်း၊ မဲဆန္ဒရှင်များမဲပေးရာတွင် အဆင်ပြေစေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်အထိ နေပြည်တော် အပါအဝင် တိုင်း ဒေသကြီး/ ပြည်နယ် ၁၄ ခုမှ မဲဆန္ဒရှင် ပြည်သူ ၁၁၇၂၇၉ ဦးကို မြန်မာ အီလက်ထရော နစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြသမှုများ၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ဒေသများကို ဆက်လက်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။

        တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ် တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျ စနစ်(MMP- Mixed Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း မဲစာရင်းများမှန်ကန်ရေး၊ ဆန္ဒမဲ ပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး အရေးကြီးသကဲ့သို့ လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိသော ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက်လည်း နိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့် လေ့လာအကဲခတ်ရေး ကိုယ်စားလှယ်များ ကို ဖိတ်ခေါ်ထားကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ ကျင်းပသည့် ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်သည်လည်း ဂုဏ်သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ဖြစ်သည်ကို ကမ္ဘာကို ချပြနိုင်မည်ဖြစ်ကြောင်း။

          ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်နိုင် သည့် စာရင်း ၁၁,၃၀၅,၃၉၀(တစ်ဆယ့်တစ်သန်းသုံးသိန်းကျော်)ကို တာဝန်ရှိသူအဆင့် ဆင့်က ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအားခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန်ကြိုးစား ခြင်းတို့သည် ဖွဲ့စည်းပုံခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀(ဂ)နှင့် ပုဒ်မ ၄၁၇ တွင်ပါရှိ သည့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်၏ ယာယီသမ္မတက ဖွဲ့စည်းပုံခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး ပုဒ်မ ၄၁၈(က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတွေကို လွှဲအပ်ပေးခဲ့တဲ့အတွက် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်များကို ရယူ ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများအဖြစ် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်မဲပေးနိုင်ရန်အတွက် ပန်းခင်းစီမံချက်များချမှတ် ပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသူ ၆,၂၁၀,၂၅၆ ဦးကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူနိုင် ခဲ့ပြီးရရှိလာသည့် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အခြေခံမဲဆန္ဒရှင်စာရင်းကို လည်း ပြုစုနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုဆိုပါက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာစဉ်က ပါရှိခဲ့သည့်ကိစ္စရပ် အားလုံးကို မိမိတို့အစိုးရအနေဖြင့် အောင်မြင်စွာဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေ ကြေညာခဲ့စဉ်ကပါရှိခဲ့သည့် ကိစ္စရပ် များကိုပြီးပြတ်အောင်ဆောင်ရွက်ပြီးဖြစ်ခြင်း၊ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အထွေထွေရွေးကောက် ပွဲတစ်ရပ်အား မဖြစ်မနေကျင်းပပေးရန်လိုအပ်ခြင်းတို့ကြောင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာထားခြင်းအား ရုပ်သိမ်းပေးနိုင်ပါရန်နှင့် မိမိတို့အစိုးရအပေါ် ပေးအပ်ထားသော နိုင်ငံ့တာဝန်များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့ ပြန်လည်အပ်နှံ ခွင့်ပြုပါရန်တင်ပြအပ်ပါကြောင်း။

          ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၆ အရ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအနေဖြင့် မိမိကို နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာပြီးသည့်နောက် ပုဒ်မ ၄၂၇(က)အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီက ကျင့်သုံးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ပုဒ်မ ၄၂၇(ခ)အရ နိုင်ငံတော်သမ္မတအသစ် ရွေးချယ် တင် မြှောက်ပြီး ပြည်ထောင်စုအဆင့်အာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည့်အချိန် အထိ နိုင်ငံတော်အာဏာကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိပြီး ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်ကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကိုမူ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအဆင့်များအတွက် သင့်လျော်သည့်အဖွဲ့အစည်းများ ဖွဲ့စည်း၍ဖြစ်စေ၊သင့်လျော် သည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ လွှဲအပ်ကျင့်သုံးဆောင်ရွက်စေနိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက်စေသည့်နေရာတွင် ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်း ထားသည့် သက်ဆိုင်ရာအရည်အချင်းနှင့်ညီညွတ်သည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၄၂၉ မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ သည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့ကစပြီး ခြောက်လ အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အထွေထွေ ရွေးကောက်ပွဲကျင်းပ ပေးရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ ဖွဲ့စည်းထားသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပုဒ်မ ၄၃၀ တွင် ပြဋ္ဌာန်းထားကြောင်း၊ လွှတ်တော် အသီးသီးအတွက် အထွေထွေရွေး ကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအနေဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲကျင်းပရန်၊ နိုင်ငံတော်၏အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို စဉ်ဆက်မပြတ် ဆောင်ရွက် နိုင်ရန် အစိုးရအဖွဲ့၊ တရားစီရင်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများကို ဖွဲ့စည်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့်စီစဉ် ဆောင်ရွက်မှု များကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ဆောင်ရွက်မှုများသည် နောင်အစိုးရအတွက် လမ်းခင်းပေး ခဲ့ခြင်းဖြစ် သကဲ့သို့ ဆက်လက်၍လည်း မိမိတို့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း။

          လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများသည် မူလ ကပင်ရှိခဲ့ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာစဉ်က ပါရှိခဲ့သည့် ကိစ္စရပ် တစ်ခုမဟုတ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဟူသည်မှာ အချိန်ယူပြီး စေ့စပ်ဆွေးနွေးညှိနှိုင်းနိုင်မှသာ စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ပြန်လည်လျှောက်လှမ်းရန်ဆိုပါက ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးရန် လိုအပ်ကြောင်း၊ ယနေ့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးအနေဖြင့်လည်း ယခုကျင်းပပြု လုပ်မည့် ရွေးကောက်ပွဲကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်မှသာ ပေါ်ပေါက်လာ မည့် လွှတ်တော်များတွင် မိမိတို့၏လိုလားချက်များကို ဥပဒေနှင့်အညီ တရားဝင် တင်ပြဆောင်ရွက်ခွင့်ရမည်ကိုလည်း တရားဝင် အသိပေးပြောကြားလိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတော်တွင် ရွေးကောက်ပွဲမကျင်းပပါက ပြည်သူ လူထုလိုလားတောင့်တသည့် ဒီမိုကရေစီသည် နိုင်ငံတော်တွင် ဆိတ်သုဉ်းနေမည် ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ယင်းလက်နက်ကိုင်ပဋိပက္ခများကြားကပင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်အောင်မြင်မြင် ကောက်ယူနိုင်ခဲ့သည်ကို သာဓကယူပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အခုကျင်းပ မည့် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်ပါက အောင်မြင်မည်ဖြစ်သည်ကို ယုံကြည်ပါကြောင်း၊  ထိုသို့ရွေးကောက်ပွဲကျင်းပပြီး ဥပဒေနှင့်အညီ လွှတ်တော် အသီး သီးပေါ်ပေါက်လာပါက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေရှည်တည် တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အားလုံး ဝိုင်းဝန်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တင်ပြအပ်ပါကြောင်းဖြင့် ပြောကြားသည်။

          ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် များက ဆွေးနွေးတင်ပြကြရာ ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲပါ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် အမိန့် အမှတ် (၁/၂၀၂၁) ဖြင့် ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံ တော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာကို အပ်နှင်းခဲ့ကြောင်း၊ ထိုသို့ နိုင်ငံတော်အာဏာကို လွှဲအပ်စေသည့်တာဝန်များအား ပြီးမြောက်အောင် ဆောင် ရွက်ခဲ့ပြီးဖြစ်ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့တွင်အစီရင်ခံတင်ပြခဲ့သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင် စီက ဥပဒေကဲ့သို့အာဏာတည်သောအမိန့် အမိန့်အမှတ်(၁/၂၀၂၁)ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၆ အရပယ်ဖျက်ခြင်းအား သဘောတူထောက်ခံပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၉ တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကိုပယ်ဖျက်ကြောင်းကြေညာပြီးသည့်နေမှစ၍ ခြောက်လ အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေး ရမည်ဟုပြဋ္ဌာန်းထားရှိကြောင်း၊ အထွေထွေရွေးကောက်ပွဲများကျင်းပ ပြီးပါက လွှတ်တော် အစည်းအဝေးကျင်းပခြင်းနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၃ တွင်ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ရပ်စတင်သော ပထမအကြိမ်ပုံမှန် အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်ဟုပြဋ္ဌာန်း ထားရှိကြောင်း၊ အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၄ (ခ) တွင် အမျိုးသားလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေးကို  ပြည်သူ့လွှတ်တော်ပထမအကြိမ် ပုံမှန်အစည်း အဝေးကျင်းပသည့်နေ့မှ ၇ ရက်အတွင်း တွင် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၈ နှင့် ပုဒ်မ ၁၇၁ (ခ)တွင် ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်များ၏ ပထမအကြိမ်ပုံမှန်အစည်းအဝေးများကို ပြည်သူ့လွှတ်တော် ပထမအကြိမ်ပုံမှန် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှ ၁၅ ရက်အတွင်းတွင်လည်းကောင်း ကျင်းပ ရမည်ဟု အသီးသီးပြဋ္ဌာန်းထားရှိကြောင်း၊ တင်ပြပါလွှတ်တော်အသီးသီး၏ တတိယ အကြိမ် ပထမပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ကြီးကြပ်လမ်းညွှန်မှုများကို ခံယူပြီးအောင်မြင်အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို လေးစားစွာတင်ပြအပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

          ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယာယီသမ္မတ(တာဝန်)တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ နှင့် ဦးတည်ချက်များကို အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်သည့်အတွက် နိုင်ငံတော် အာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပြန်လည်လွှဲပြောင်း ဆောင်ရွက်မည်ဟု အစီရင်ခံမှုအရကြားသိရကြောင်း၊ ဆက်လက်၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၆ မှ ၄၃၀ ထိပြဋ္ဌာန်းထားသည့်ဥပဒေ နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည့် ကိစ္စရပ်အား ထောက်ခံပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

          ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ယာယီသမ္မတ(တာဝန်)တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှင်းလင်းတင်ပြချက် များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်ယူခဲ့သည့် ၄ နှစ်ကျော် ကာလအတွင်း ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာအကောင် အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလည်း စည်းစနစ်ကျနစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး အဆင့်အလိုက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ပေါ်ပေါက်လာမည့်အစိုးရအဖွဲ့အဆင့်ဆင့်ကို ကောင်းမွန်သည့် ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ခြင်းဖြစ်ပြီး ဆက်လက် တာဝန်ယူသွားမည့် အစိုးရအနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြိုးပမ်းမှုများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။

          ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် အကြမ်းဖက်မှုများ များစွာလျော့နည်း လာသည်ကို တွေ့ရှိရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်သွားမည့်ကာလတွင်လည်း လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် ဥပဒေနှင့်အညီ ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး တင်ပြသည်။

          နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ  က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူထားသည့်ကာလအတွင်း နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း၌ GMS ၊ MLC ၊ ACMECS ၊ CLMV ၊ BIMSTECS ၊ EURASIA ECONOMIC FORUM ၊ RUSSIAN VICTORY DAY စသည့်အခမ်းအနားများသို့ ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံတော်အကြီး အကဲအနေဖြင့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ  နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး အမြင်ချင်းဖလှယ်နိုင် ခဲ့ကာ အပြုသဘောဆောင်သည့် ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို အကောင် အထည်ဖော်ထူထောင်နိုင်ခဲ့ခြင်းသည် Summit Diplomacy ၏ အောင်မြင်မှုတစ်ရပ် အဖြစ် တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် နိုင်ငံတကာဆက်ဆံရေးကို လွှမ်းမိုးထားသည့် ကမ္ဘာ့အင်အားကြီး လေးနိုင်ငံအနက် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံ များနှင့် ထိပ်သီးအဆင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နိုင်ခဲ့ပြီး အပြုသဘော ထောက်ခံအားပေးမှုများနှင့်ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာတွင်လည်း နိုင်ငံအသီးသီးမှ အပြုသဘောဖြင့် ထောက်ခံ အားပေးခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ လက်ရှိအချိန် ကာလသည် နိုင်ငံတကာဆက်ဆံရေးတွင် အောင်မြင်မှုများရရှိနေသည့်ကာလဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်သွားမည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား ကျင်းပပြုလုပ်ရန် အချိန်အခါကောင်းဖြစ်ပါ ကြောင်း ဖြင့် ဆွေးနွေးတင်ပြသည်။   

          နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအတွင်း ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ များတွင်လည်း တာဝန်ယူထားသည့် ကာလ အတွင်း တိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါတွင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် သဘောတူညီ ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအချက် ၄၃ ချက်ကို ပြင်ဆင်ဖြည့်စွက် နိုင်ရန်အတွက် ပြည်သူများမှ ရွေးခြယ်သည့်လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော် အသီးသီးပေါ်ပေါက် လိုအပ်သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီမှ ဖွဲ့စည်းပုံအခြေခံ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည့်အပေါ် ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။

          ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ ယာယီသမ္မတ(တာဝန်) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် ထောက်ခံတင်ပြခဲ့ပါကြောင်း၊ ရွေးကောက်ပွဲ ကို ကျင်းပရာတွင် နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ တစ်ကြိမ်တည်း ဖြင့် ဆောင်ရွက်၍မရဘဲ အပိုင်းလိုက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများရှိနေသည့် မြို့နယ်များရှိသကဲ့သို့ ယခင်ကတည်းက ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များလည်း ရှိကြောင်း၊ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲပေးစက်များသည်လည်း အချိန်တိုကာလအတွင်း ရလဒ်များထွက်ပေါ် အတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင်မဲမသမာမှု ဆောင်ရွက်၍ မရကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် မဲစာရင်းမှားယွင်းခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် သင်ခန်းစာယူ၍ ဆောင်ရွက်ထား ခြင်းဖြစ်ကြောင်း။

          သဘာဝဘေးအန္တရာယ်နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း နေထိုင်နေရသည့် ပြည်သူများသည်လည်း ဥပဒေအရမဲပေးခွင့်ရှိသဖြင့် ကြိုတင်ဆန္ဒမဲ များဖြင့် မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊  မိမိတို့အနေဖြင့်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲများပေးသည့်အချိန်တွင် မဲမသမာမှုများမဖြစ်ပေါ်စေရေးနှင့် သမာသမတ်ရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး  အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းရာတွင်လည်း လွှတ်တော်အသီးသီးတွင် တာဝန်ယူရမည့်သူများသည် ဥပဒေပြုရေးကိုဆောင်ရွက် ရခြင်းဖြစ်သဖြင့် အခြေခံပညာအဆင့် ပြီးဆုံးသူများ ကိုသာ ကိုယ်စားလှယ်လောင်းများအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း။

            မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို အခြေအနေအရသာ တာဝန်ယူခဲ့ရ ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်၍ အနိုင်ရရှိသည့် အစိုးရအဖွဲ့အား တာဝန် လွှဲအပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည်များ ကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

            ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆွေးနွေးတင်ပြချက်များအပေါ်တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက သဘောတူညီသည့် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းလိုက်သည်ကို အသိပေး ကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၃/၂၀၂၅)ကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိ သည်။