တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ အသင်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တိုက်ဖျက် ရန် ဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို နှစ်လ တစ်ကြိမ် ကျင်းပလာခဲ့သည်မှာ ယခုအခါ အကြိမ် (၂၀) မြောက်ရှိပြီဖြစ်ကြောင်း၊ ယခင်အစည်းအဝေး (၁၉) ကြိမ် အထိ ဆုံးဖြတ်ချက် ၆၅၃ ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယနေ့အစည်းအဝေး ကျင်းပရသည့် ရည်ရွယ် ချက် နှစ်ချက်ရှိကြောင်း၊ ပထမအချက်အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်က တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို ယခုထက်ပို၍ ထိထိမိမိဆောင်ရွက်ရန်မှာကြားခဲ့ ကြောင်း၊ မှာကြားချက်အပေါ် မိမိတို့ကော်မတီအနေဖြင့်လည်း ယခုထက်ပို၍ ဖမ်းဆီး နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုနှင့်ပတ်သက်၍ မသမာမှုနည်းလမ်းပေါင်းစုံရှိနေမှုတို့ကို ဖော်ထုတ်ဖမ်းဆီး တိုက်ဖျက်နိုင်မှသာ တရားမဝင်ကုန်သွယ်မှုများသည် လျော့နည်းပပျောက်သွားမည် ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်၍ လအလိုက် နေပြည်တော် ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေး အထူးအဖွဲ့များ၏ တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှုသည် လစဉ်တိုးတက် များပြား လာကြောင်း၊ ထိုသို့ ဖမ်းဆီးရရှိမှု တိုးလာခြင်းသည် တရားမဝင်ကုန်ပစ္စည်းများ လအလိုက် နိုင်ငံအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်မှုများပြား နေခြင်းကိုလည်း ဖော်ပြနေကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှု လုံးဝ ကင်းစင် သည်အထိ ယခုထက်ပိုမို၍ ကြပ်ကြပ်မတ်မတ် ဝိုင်းဝန်းဖော်ထုတ်ဖမ်းဆီးခြင်းများ ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ဒုတိယအချက်အနေဖြင့် ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး အချို့ နေရာများ၌ ပို့ကုန် သွင်းကုန် မညီမျှမှု မဖြစ်စေရန်နှင့် ပို့ကုန် တန်ဖိုးနှင့် သွင်းကုန် တန်ဖိုး တန်းတူနီးပါး ညီမျှမှုရှိစေ ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးတိုက်ဖျက်ရာတွင် နယ်မြေအခြေအနေအရ၊ လုံခြုံရေး အခြေအနေအရ နယ်စပ်ကုန်သွယ်ရေးစခန်းအချို့ကို ခေတ္တပိတ်ထားရကြောင်း၊ ထိုသို့ ပိတ်ထားရသည့် အတွက် Normal Trade ကို ရေလမ်းကြောင်းမှတစ်ဆင့် အဓိက ဆောင်ရွက်လျက်ရှိပါကြောင်း၊ Normal Trade တွင်လည်း ပို့ကုန်နှင့် သွင်းကုန် စစ်ဆေးကြပ်မတ်မှုနှင့် စာရင်းမှန်ကန်မှုတို့တွင် ယိုပေါက်များရှိကြောင်း၊ အလားတူ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ဆို့တားဆီးနေသော်လည်း နည်းမျိုးစုံဖြင့် တရားမဝင် တင်ပို့ခြင်း၊ တင်သွင်းခြင်းများ စသည့်တို့တွင်လစ်ဟာနေသည့် ယိုပေါက်များရှိနေသေး ကြောင်း၊ ဇူလိုင်လအတွင်း မိမိတို့ဦးဆောင်ကော်မတီသို့ သတင်းပေးတိုင်ကြား မှုကြောင့် မြဝတီနယ်စပ်ဘက်မှ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၄၄ စီးမှာ ဘားအံမြို့မှ ဖြတ်၍ ရန်ကုန်ဘက်သို့ ညအချိန်တရားမဝင် ဖြတ်သန်းသွားမှု အခြေအနေကို သိရှိရ၍ချက်ချင်း သက်ဆိုင်ရာအထူးအဖွဲ့များနှင့် OSS ဝန်ထမ်း များမှ တစ်ဆင့် ပိတ်ဆို့ဖမ်းဆီးမှုကြောင့် (၁၃၂)စီးကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းမှ ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း။
ယင်းဖြစ်စဉ်နှင့် ဆက်စပ်လျက် သက်ဆိုင်ရာတာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်း များ နှင့် ပူးပေါင်းအဖွဲ့ဝင်များသည် တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို သိလျက်နှင့် ဖမ်းဆီးခြင်း မပြုခဲ့သလို မော်တော်ယာဉ်အလိုက် တင်ဆောင်လာသည့် တရားမဝင်ကုန်ပစ္စည်းစာရင်းများကိုလည်း မှန်မှန်ကန်ကန်စစ်ဆေးခြင်းမရှိဘဲ နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝမရရှိ စေသည့် မသမာသော လုပ်ဆောင်ချက်များဖြင့် ဝန်ထမ်း တစ်ဦးချင်းအပါအဝင် မိမိအဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း နောက်ဆက်တွဲ ဖော်ထုတ် တွေ့ရှိရသည့်အတွက် ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း၊ အစည်း အဝေးများတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ ဝန်ထမ်းများက ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ပြုလုပ်ကြရန် အမြဲမှာကြားထားပြီးဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ၁ဦးချင်း၏ လုပ်ငန်းအပေါ်ထားရှိသည့် သစ္စာတရား၊ ဝန်ထမ်းဂုဏ်သိက္ခာနှင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိ ခဲ့ကြသည့် ပါဝင် ပတ်သက်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း၏ အရေးကိစ္စများတွင် မိမိပါဝင်ပတ်သက်သည့် အဖွဲ့အစည်းနှင့် ယှဉ်လာပါက အဖွဲ့အစည်းကိုသာ ဦးစားပေးရမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းနှင့် နိုင်ငံတော် ယှဉ်လာပါက နိုင်ငံတော်၏ အရေးကိစ္စ၊ အကျိုးစီးပွား ကိုသာ ဦးစားပေးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှု လုပ်ဆောင်နေကြသူများ၏ အသုံးချခံ မဖြစ်ကြစေလိုကြောင်း၊ ယင်းကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အမြဲမပြတ် အဆင့်ဆင့် ကြပ်မတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်၏ စီးပွား ရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “MSMEs လုပ်ငန်းများ အတွက်လည်း လိုအပ်သည့် ကုန်ကြမ်းများရရှိရေးမှာ အဓိကအရေးကြီးလိုအပ်ကြောင်း၊ ဒေသမှထွက်ရှိ သည့် ထုတ်ကုန်ပစ္စည်းများကို အခြေခံသည့် MSMEs လုပ်ငန်းများကို ဦးစားပေးဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်မှလည်း နယ်စပ်ဒေသများမှ တရားမဝင်ကုန် သွယ်မှုများပြုလုပ်ခြင်း၊ ဒေသအလိုက် တရားမဝင်သယံဇာတများ ထုတ်ယူခြင်းများ ကြောင့် နိုင်ငံတော်အနေဖြင့် များစွာထိခိုက်စေလျက်ရှိ၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျ ကြပ် မတ်ဆောင်ရွက်နေရန်လိုကြောင်း” လမ်းညွှန်မှုပြုခဲ့ကြောင်း။
ဖမ်းဆီးရရှိမှုကို ကြည့်မည်ဆိုပါက ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ ၃နှစ်နှင့် ၆လတာကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲ ၂၅၂၃၁ မှု၊ ခန့်မှန်း တန်ဖိုး ကျပ် ၆၆၃ ဒသမ ၉၁၉ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီး ရရှိခဲ့မှုသည် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်ဆည်းရရှိခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီး ရမိမှုများ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် တာဝန်ရှိသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ထိုသို့ဖမ်းဆီး ရမိခြင်းသည် တာဝန်ကျေပွန်စွာဖြင့် သစ္စာရှိရှိဆောင်ရွက်နေသည့် ဝန်ထမ်းများကြောင့် ဖြစ်သလို တစ်ဖက်ကလည်း မိမိကိုယ် ကျိုးစီးပွားကို ရှေ့တန်းတင်၍ မသမာသော လုပ်ရပ် များဖြင့် ပါဝင်ပတ်သက်နေသည့် သစ္စာမဲ့ဝန်ထမ်းများ ရှိသည့်အတွက် စိစစ်ဖော်ထုတ် အရေးယူသွားရမည်ဖြစ်ကြောင်း။
ဖမ်းဆီးရရှိမှုများကို ကြည့်မည်ဆိုပါက မေလနှင့် ဇွန်လများအတွင်း ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့က အများဆုံး၊ ရှမ်းပြည်နယ်က ဒုတိယ အများဆုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးက တတိယ အများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီး ရရှိမှု များကို စိစစ်ရာတွင် လိုင်စင်မဲ့ မော်တော်ယာဉ်၊ တရားမဝင်ကုန်စည်တင် မော်တော် ယာဉ်နှင့် ရေယာဉ်ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး၊ လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများက ဒုတိယအများဆုံးနှင့် တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း များဖြစ်သည်ကို တွေ့ရှိရကြောင်း။
တရားဝင်လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ဆောက်လုပ်ရေးသုံး ပစ္စည်းများအပါအဝင် အခြားကုန်ပစ္စည်းများကို ဝန်ကြီးဌာနအလိုက် သတ်မှတ်ထား သည့် စံချိန်စံညွှန်း၊ အရည်အသွေးများ ကိုက်ညီမှုရှိရန် လိုအပ်သည့်အပြင် တာဝန်ကျ ဝန်ထမ်းများက စစ်ဆေးကြပ်မတ်ရမည် ဖြစ်ကြောင်း၊ စစ်ဆေးကြပ်မတ်ရမည့် ဝန်ထမ်းများကလည်း ဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိပြီး မျက်မြင်စစ်ဆေးခြင်းထက် ခေတ်မီစက်ကိရိယာများဖြင့် စစ်ဆေးသွားရန်လိုကြောင်း၊ သို့မှသာ ဝင်ရောက် လာသည့် အရည်အသွေးပြည့်မီသည့်ပစ္စည်းများသည် အမှန်တကယ်သုံးစွဲမည့် ပြည်သူ များ လက်ဝယ်သို့ရောက်ရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုများသည် ကမ္ဘာ့နိုင်ငံအများစုတွင် အဓိကမူဝါဒ ရေးရာနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စိန်ခေါ်မှုတစ်ရပ် ကြုံတွေ့နေသည်ကို သိရှိရ ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများသည် မြေပြင်တွင် တရားမဝင်နည်းလမ်းများနှင့် ကုန်သွယ်မှုပြုနေကြသကဲ့သို့ အွန်လိုင်းမှတစ်ဆင့်လည်း ပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေ ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှု မရှိစေရေး တားဆီးစစ်ဆေးရာတွင် နည်းပညာအကူအညီရယူ၍ လိုအပ်သည့် သုတေ သနလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ တရားမဝင်ကုန်သွယ်မှုများကို နိုင်ငံတော်အတွက် တားဆီးတိုက်ဖျက်ရန် မိမိတို့ ဦးဆောင်ကော်မတီနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတွင်ရှိသည့် တရားမဝင်ကုန်သွယ်မှု အထူးအဖွဲ့များ ၊ ကော်မတီများ အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအားလုံး၏ တာဝန်ဖြစ်ကြောင်း။
ဆက်လက်၍ ယခုဇူလိုင်လ ၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး သွင်းကုန် ယာဉ်စစ်ကွင်းတွင် ကုန်တင်မော်တော်ယာဉ် ၄ စီးနှင့် ယာဉ်ငယ်များကို သီးခြားယာဉ်စစ် စင်ဖြင့် ၂ စီး တစ်ပြိုင်နက်တည်း စစ်ဆေးနိုင်ခြင်း၊ ပို့ကုန်ယာဉ် စစ်ကွင်းတွင် ကုန်တင်မော်တော်ယာဉ် ၂ စီးနှင့် ယာဉ်ငယ်များကို ၂ စီး တစ်ပြိုင်နက်တည်း စစ်ဆေးနိုင်ခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ချနိုင် မည့်အပြင် စစ်ဆေးချိန်ကြာမြင့်မှုများကို လျော့ချနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါဂိတ်မှ တရားမဝင်ပစ္စည်းများကို နည်းမျိုးစုံဖြင့် တင်သွင်းရန် ကြိုးစားသော်လည်း ကျွမ်းကျင် ဝန်ထမ်းများ၏ စစ်ဆေးမှုကြောင့် လက်နက်ခဲယမ်း အပါအဝင် တရားမဝင် ကုန်ပစ္စည်း များကို ဖမ်းဆီးရမိခဲ့ကြောင်း၊ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် မိမိအဖွဲ့အစည်းအကျိုး၊ နိုင်ငံတော်အကျိုးအတွက် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ကြရန် ထပ်မံသတိပေး တိုက်တွန်းပြောကြားလိုကြောင်း၊ သတိပြု ရန်အချက်မှာ လုံခြုံရေး အပိုင်းသည် အရေးကြီးသည့်အတွက် စစ်ဆေးရေး ဂိတ်တွင် တာဝန်ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် လုံခြုံရေးအသိ လုံခြုံရေးသတိရှိရန်လို အပ်သလို အဖွဲ့အစည်း၏ လုံခြုံရေးကို နယ်မြေဒေသရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံတကာတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ Transnational Alliance to Combat Illicit Trade(TRACIT) နိုင်ငံဖြတ်ကျော် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး မဟာမိတ်အဖွဲ့၏ ဖော်ပြချက်အရ တရားမဝင် ကုန်သွယ်မှုများသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၆၀ ဘီလီယံထက် မနိမ့်ကျဘဲ ဆက်လက်ဖြစ်ပွား နေသည်ကို သိရှိရကြောင်း၊ ယင်းသည် တရားမဝင် ငွေကြေးစီးဆင်းမှုမှတစ်ဆင့် သွားနေကြခြင်းဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး တိတိ ကျကျ စစ်ဆေးဖော်ထုတ် သွားကြရမည်ဖြစ်ကြောင်း။
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပြုလုပ်ရာတွင် တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ ရှိနေသည့်အတွက် နိုင်ငံတော်အတွက် အခွန်အခမှတစ်ဆင့် ဘဏ္ဍာငွေရရှိမှု များစွာနစ်နာဆုံးရှုံးမှုများရှိကြောင်း၊ ပြည်ပသို့ တင်ပို့သည့် ပို့ကုန်နှင့် ပြည်တွင်းသို့ တရားဝင်ဝင်ရောက်လာသည့် သွင်းကုန်မှာ ညီမျှမှုမရှိဘဲ ကွာခြားမှု များရှိနေသည်ကို တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့် ဧပြီလတွင် မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့သည့် ပို့ကုန်တန်ဖိုးသည်အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၉၂ သန်းဖြစ်ပြီး ထိုင်းနိုင်ငံ ဘက် သွင်းကုန်တန်ဖိုးမှာ ၂၁ ဒသမ ၉၈၂ သန်းဖြစ်သည့်အတွက် ၉ သန်းကျော် ကွာခြားလျက်ရှိကြောင်း၊ သွင်းကုန်ပိုင်းတွင် စာရင်းအရ ထိုင်းဘက်မှ ပို့ကုန်တန်ဖိုးသည် ၁၁၃ ဒသမ ၉၇ သန်း ဖြစ်ပြီး မိမိတို့ဘက်မှ သွင်းကုန်လက်ခံတန်ဖိုးမှာလည်း ၆ သန်းကျော်သာရှိသည့်အတွက် ၁၀၇ သန်းကျော် ကွာခြားလျက်ရှိကြောင်း၊ ယင်းအတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ကုန်သွယ်မှုအချိုး တူညီစေရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသလို သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ ကလည်း သစ္စာရှိရှိ စစ်ဆေးဆောင်ရွက်ကြရန်လိုအပ်ပြီး တာဝန်ရှိသူများကလည်း ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း ၊ ထိုသို့ ကုန်သွယ်မှုတန်ဖိုးမညီမျှမှုကြောင့် နိုင်ငံတော်မှ ရရှိမည့်အခွန်အခများမှာ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ နစ်နာသလို အဆိုပါတရားမဝင် ပို့ကုန်၊ သွင်းကုန်တန်ဖိုး အတွက် သုံးစွဲလိုက်သည့် နိုင်ငံခြားသုံးငွေ၊ ရရှိလာသည့် နိုင်ငံခြား သုံးငွေတို့မှ အဆိုပါ တရားမဝင်ကုန်သွယ်မှုကို သစ္စာမဲ့နိုင်ငံဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံတော်၏ နိုင်ငံခြား သုံးငွေများစွာ နစ်နာသလို တရားမဝင်ရရှိလာသည့် နိုင်ငံခြား သုံးငွေများလည်း Cryptocurrency ကဲ့သို့ တရားမဝင်ငွေကြေးစီးဆင်းမှုမှတစ်ဆင့် မိမိတို့နိုင်ငံ၏ နိုင်ငံခြားငွေရရှိနိုင်မှုကိုလည်း များစွာ ထိခိုက်နစ်နာစေခြင်း၊ တရားမဝင် ကုန်ပစ္စည်း များကြောင့် မှောင်ခိုရောင်းဝယ်မှု၊ အရည်အသွေးပြည့်မီမှုမရှိသည့် သွင်းကုန် ပစ္စည်း များမှတစ်ဆင့် ပြည်တွင်းသုံးစွဲသူများအတွက် ထိခိုက်နစ်နာစေခြင်း အပြင် ကုန်ဈေးနှုန်းကမောက်ကမ ဖြစ်စေခြင်းနှင့် ပြည်တွင်းလုပ်ငန်းရှင်များ၏ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း လျော့ကျစေခြင်း၊ ၎င်းမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးစေခြင်းနှင့် ကုန်ထုတ်စွမ်းအားလျော့ကျခြင်း၊ ပို့ကုန်လျော့ကျ ခြင်းစသည့် ပြဿနာများကိုဖြစ်စေသည်အထိ စဉ်းစားသုံးသပ်ပြီး သက်ဆိုင်ရာအထူး အဖွဲ့များအလိုက် ထိထိမိမိ ဖမ်းဆီးဖော်ထုတ်ကြရန် တိုက်တွန်းလိုကြောင်း။
သတင်းပေးကိစ္စနှင့် ပတ်သက်ပြီး လာရောက်သတင်းပေးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သတင်းလာရောက်ပေးသည့် သတင်းများ ကိုလည်း မှန်/မမှန် မိမိတို့၏ လုပ်ငန်းအတွေ့အကြုံများနှင့် အလေးထား စဉ်းစား ဆုံးဖြတ် ဆောင်ရွက်ကြစေလိုကြောင်း၊ သတင်းပေးသည့်သူများကိုလည်း နိုင်ငံတော်မှ ထိုက်တန်စွာ ဆုချီးမြှင့်မှုများဆောင်ရွက်လျက်ရှိရာ အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကရင် ပြည်နယ်၊ ဘားအံမြို့မှ သတင်းပေးသည် သက်ဆိုင်ရာနယ်မြေရှိ တာဝန်ရှိသူများထံ သတင်းမပေးဘဲ ဦးဆောင်ကော်မတီသို့ သတင်းပေးခြင်းသည် အဆိုပါနယ်မြေရှိ တာဝန်ရှိသူများကို ယုံကြည်မှုလျော့နည်းမှုကြောင့် ဖြစ်သည်ကို ထင်ရှားစွာ တွေ့ရမည် ဖြစ်ကြောင်း၊ ထိုသို့ မဖြစ်စေရေး တရားမဝင်ကုန်သွယ်မှုတားဆီးရေးတွင် အဓိက အရေးပါသည့် သတင်းပေးသူများ ယုံကြည်မှုမပျက်စီးစေရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နယ်စပ်မှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ကြပ်ကြပ် မတ်မတ် ဖမ်းဆီးတိုက်ဖျက်ရေးနှင့် ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး ညီမျှမှုရှိစေရေး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်သွားရန်လို ကြောင်း၊ သက်ဆိုင်ရာဝန်ထမ်းများ၏ ယုံကြည်ချက် ခံယူချက်များအား ပြုပြင် သင့်သည်များကို ပြုပြင်ပေးပြီး အရေးယူသင့်သည်များကိုလည်း ပြတ်ပြတ်သားသား အရေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် တက်ရောက်လာကြသူများအနေဖြင့် တရား မဝင်ကုန်သွယ်မှုကိစ္စများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးလိုသည်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအတွင်း ရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း က ဦးဆောင်ကော်မတီအစည်းအဝေး (၂/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ထူးခြားဖမ်းဆီးရမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေး မှူးချုပ် ဦးအောင်သွင်ဦး၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်ထွန်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ရဲမြင့်တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၅)သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြ သည်။
ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦထွန်းအုံ၊ အခွန်အယူခံ ခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တရားမဝင် ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက် နေမှုအခြေအနေ၊ ရှောင်ကွင်းလမ်းကြောင်းများ၌ ပိတ်ဆို့တားဆီးရှာ ဖွေစစ်ဆေးခဲ့မှု အခြေအနေ၊ တရားမဝင်ထိန်းချုပ် ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ လက်နက် ခဲယမ်းများ၊ သစ်များ၊ ယာဉ်များ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများဖမ်းဆီးရမိမှု၊ အဆိုပါ ဖမ်းဆီးရမိမှုများအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိမှု၊ အဆိုပါ ဖမ်းဆီးရမိသည့်ပစ္စည်းများ ပျက်စီးပျောက်ဆုံး မှုနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရေး အမှုတွဲများ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။