ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဇူလိုင် - ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြု တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်၊ ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြော ကြားသည်။
အဆိုပါ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး မှ ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များက Video Conferencing ဖြင့် တက်ရောက် ကြသည်။
နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံ့တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့မှု
ထို့သို့ ဂုဏ်ပြုတွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံတော်၏ လိုအပ်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်မှာ ၄ နှစ်ခွဲကာလသို့ ရောက်ရှိခဲ့ ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော သာမာန်မဟုတ် သည့် အခြေအနေများ၌ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရန် အချိန်ကာလလိုအပ်ချက်များရှိခဲ့၍ တာဝန်ထမ်းဆောင်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ထမ်းဆောင်မှု သက်တမ်းတိုးခြင်း များဆောင်ရွက်ခဲ့ရကြောင်း။
နိုင်ငံတော်တွင် အရေးပေါ်ကာလဖြစ်ပေါ်ခဲ့ခြင်းကို ပြန်ကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပချိန်တွင် မဲမသမာမှုများဖြစ် ပေါ်ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် ကြိုတင်ပြင်ဆင် ခြင်းများဆောင်ရွက်ချိန်တွင်လည်း မညီမျှမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို နိုင်ငံရေး ပါတီများက မိမိထံသို့အသိပေးပြောကြားခြင်းများကြောင့် မိမိအနေဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ကို အသိပေးခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးချိန်၌လည်း မဲစာရင်းမှားယွင်းနေမှုများကို အချို့ပါတီများ အနေဖြင့် မိမိထံအသိပေးပြောကြားခဲ့ကြောင်း၊ ထိုသို့မဲစာရင်းမှားယွင်းမှုများအတွက် တာဝန်ရှိသူများကို စိစစ်အရေးယူဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ ထံသို့ အကြိမ်ကြိမ်အသိပေး အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ခြင်း မရှိဘဲ လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန်ဆောင်ရွက်ခဲ့ခြင်း ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ် ကြောင်း။
နိုင်ငံတော်တာဝန်ထမ်းဆောင်ရန် ဖြစ်ပေါ်လာသည့် အခြေအနေများအရ အကောင်းဆုံးဆုံးဖြတ် လုပ်ဆောင်ရခြင်းဖြစ်၍ တာဝန်ယူခဲ့ရပြီးနောက်ပိုင်းတွင် လုပ်ငန်းတာဝန်များထမ်းဆောင်နိုင်ရေးအတွက် အရပ်ဘက်၊ စစ်ဘက် တို့မှ အတွေ့ အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသည့်သူများကို အမြန်ရွေးချယ်၍ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးတွင် အတွေ့အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသူများ ကို တာဝန်ပေးအပ်နိုင်ခဲ့သဖြင့် အစိုးရ၏လုပ်ငန်းယန္တရားများ ကောင်းမွန်စွာ ဆက် လက် လည်ပတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေကာလတွင် အခက်အခဲ နှင့် ပိတ်ဆို့နှောင့်ယှက်မှုအများအပြားအကြားမှ လုပ်ငန်းများလည်ပတ်အောင် ဆောင် ရွက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ ၄ နှစ်ခွဲကာသို့ ရောက်ရှိပြီဖြစ်ပြီး နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲ၊ အကြပ်အတည်းများအားလုံးကို မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် အတူတကွဝိုင်းဝန်း ကြိုးပမ်းကျော်ဖြတ်နိုင်ခဲ့သဖြင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင် အသိ အမှတ်ပြုပါကြောင်း။
နိုင်ငံရေးဆိုင်ရာ
နိုင်ငံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူများမှရွေးချယ် သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူ များ၏အစိတ်အပိုင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ၁၉၈၈ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းသို့လျှောက်လှမ်းလိုသည်ဟု ဆန္ဒပြုခဲ့ကြသဖြင့် တပ်မတော် အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်အတွက် အုတ်မြစ် ချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၁၈၈၆ ခုနှစ် မတိုင်မီကာလများတွင် မြန်မာနိုင်ငံသည် ဘုရင် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၁၉၈၈ ခုနှစ်မတိုင်မီကာလတွင် ဗဟိုဦးစီးစနစ်ဖြင့် သွားခဲ့ခြင်း ဖြစ်ကြောင်း၊ အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ရပြီးနောက်ပိုင်းတွင် အောက်မြန်မာပြည်သည် လွှတ်တော်စနစ်ပုံစံဖြင့်သွားခဲ့ရခြင်းဖြစ်ပြီး လွှတ်တော်နှင့် စတင်ထိတွေ့ခဲ့ရခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲရာတွင် ပါလီမန်စနစ်သို့သွားရန်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိန် တွင် နိုင်ငံရေးဦးဆောင်သူများ၊ လူငယ်များ၊ တပ်မတော်မှ တာဝန်ရှိသူများ အားလုံး တွင် ဆိုရှယ်လစ်နှင့်ပတ်သက်သည့် အသိများရှိထားကြသည့်အချိန်ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဆိုရှယ်လစ်စနစ်ကို သွားမည်၊ ဆိုရှယ်လစ် နိုင်ငံထူထောင်မည်ဟု မပါရှိသော်လည်း သမ္မတကြီး စဝ်ရွှေသိုက်၏ လွတ်လပ်ရေး မိန့်ခွန်းတွင် ဆိုရှယ်လစ်စနစ်ကိုသွားမည်ဟု အတိအလင်းဖော်ပြထား သည်ကိုတွေ့ရကြောင်း၊ သို့သော်လည်း ဆိုရှယ်လစ်စနစ်ကို မကျင့်သုံးခဲ့ရခြင်းမှာ ၎င်းအချိန်က နိုင်ငံရေးအင်အားစုများ၌ လက်ဝဲယိမ်းသည့်အုပ်စုများ၊ လက်ယာယိမ်း သည့်အုပ်စုများ စသည်ဖြင့်ရှိကြကြောင်း၊ ထို့ကြောင့် ပါလီမန်စနစ်သွားခဲ့ရသည်ဟု သုံးသပ်ရကြောင်း၊ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရပ်ရပ်အရ တော်လှန်ရေး ကောင်စီမှ နိုင်ငံတော်တာဝန်များကိုယူခဲ့ရပြီး ဆိုရှယ်လစ်စနစ်ကို ဆောင်ရွက်ခဲ့ကြ ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် ကောင်းမွန်သည့်အချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံး ရာတွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ ကြခြင်း ဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်ဗဟိုဦးစီးစနစ်ကိုကျင့်သုံးရာတွင် နိုင်ငံရေးအရ တစ်ပါတီ စနစ်ကိုကျင့်သုံးခဲ့၍ နိုင်ငံရေးထွက်ပေါက်ပိတ်သွားသူများ၏ မကျေနပ်မှု၊ စီမံကိန်း စီးပွားရေးစနစ်ကြောင့် စီးပွားရေးအရထွက်ပေါက်ပိတ်ဆို့ သွားသူများ၏ မကျေနပ်မှု၊ အုပ်ချုပ်ရေးကဏ္ဍများ၌ ပါတီဝင်များကိုသာဦးစားပေး မှုများကြောင့် မကျေနပ်မှုများ ရှိခဲ့ကြောင်း၊ ၎င်းအပြင် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်လာခဲ့ရကြောင်း၊ စနစ်၏အားနည်းချက်ဆိုသည်ထက် လက်တွေ့အကောင် အထည်ဖော် မှုအားနည်းချက်ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန် အထိ ဆိုရှယ်လစ် စနစ်ကို ကျင့်သုံး ပြီး အောင်မြင်နေသည့် နိုင်ငံများလည်းရှိနေဆဲ ဖြစ်ကြောင်း။
နိုင်ငံတစ်ခုရပ်တည်နိုင်ရေးအတွက် စီးပွားရေးသည် အဓိက အခရာ ကျသည့် အချက်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမွန်မှသာလျင် နိုင်ငံရေး အားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် အုပ်ချုပ်ရေးအရ စီမံခန့်ခွဲမှုအားနည်းချက်များ၊ စီးပွားရေးအရ ပိတ်ဆို့မှုများ၊ မှောင်ခို စီးပွားရေးစနစ်ဖြစ်ပေါ်လာခြင်း၊ သယံဇာတများ ခိုးထုတ်ခံရခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းလာပြီး ၁၉၈၈ ခုနှစ်အရေး အခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက် လှမ်း နိုင်ရေးစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်အသားကျနိုင်ရေး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ ကြောင်း၊ တပ်မတော်အနေဖြင့်လည်း အစိုးရနှင့် လက်တွဲညီစွာဆောင် ရွက်ခဲ့ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍လည်း ၂၀၁၂ ခုနှစ်မှ စ၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရန် ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေး နွေးခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း၊ အမှန်တကယ်ငြိမ်းချမ်းမှုရရှိနိုင်ရန် အစိုးရနှင့် တပ်မတော် လက်တွဲညီညီပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားညီအစ်ကိုများ အတူတကွပေါင်းစည်း နေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံတော်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ သမ္မတ ဦးသိန်းစိန်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုရရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ် ရေးထိုးနိုင်သည်အထိဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီပထမအစိုးရအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော် လည်း ဒီမိုကရေစီစနစ်နှင့် အသားကျမှုမရှိခြင်း၊ အဖွဲ့အစည်းအသီးသီး၏ အတိတ် ဖြစ်ရပ်များအပေါ် သွေးထိုးလှုံ့ဆော်ခြင်းများလည်းရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ် ကျင့်သုံးစဉ်ကာလတွင် ဖြစ်ပေါ်ခဲ့သည့် မကျေနပ်ချက်များကို ဒီမိုကရေစီစနစ်ကျင့်သုံး ချိန်တွင် အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက်အခံပြုလုပ်ခြင်းများ ဖြစ်ပေါ်စေခဲ့ သည်ဟု သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း။
ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီက အနိုင် ရရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့တာဝန်ယူဆောင် ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုမှ များစွာမျှော်လင့်ထားခဲ့သော်လည်း စီမံ ခန့်ခွဲမှု အတွေ့အကြုံအားနည်းမှုများ၊ ယခင်အစိုးရ၏ လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများကြောင့် စီးပွားရေးအရ အားနည်းချက်များဖြစ်ပေါ်ခဲ့ ကြောင်း၊ စတင်တာဝန်ယူစဉ် ၂၀၁၅-၂၀၁၆ ခုနှစ်ကာလအတွင်း ပြည်ပအကူအညီများ များစွာရရှိခဲ့ပြီး နိုင်ငံ့စီးပွားရေးအားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှု အားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ် လျက်ရှိပြီး ပြည်တွင်းစီးပွားရေးအားပေးမှုမရှိခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ မရှိ ခြင်း၊ နိုင်ငံ၏ပကတိအခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်များအတိုင်း ဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ ကြောင်း၊ လုပ်ဆောင်မှုအားနည်းချက်များ၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ပြည်သူလူထုမှလည်း ၎င်းတို့အပေါ်အယုံအကြည်အားနည်းလာသဖြင့် ၎င်းတို့ အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန် စိုးရိမ်ပူပန်မှုများ ဖြစ် ပေါ်ခဲ့ပြီး မဲမသမာမှုများကို ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်ဟု သုံးသပ်ရရှိကြောင်း။
စီးပွားရေးဆိုင်ရာ
စီးပွားရေးပိုင်းနှင့်ပတ်သက်၍ ကုန်သွယ်မှုတွင် ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင် အမေ ရိကန်ဒေါ်လာ ၁၀၀ မီလီယံ အပိုရှိခဲ့ကြောင်း၊ ထို့နောက် ၂၀၁၂ ခုနှစ် နောက်ပိုင်း ကုန် သွယ်မှုလိုငွေများသာပြခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမရှိခြင်း၊ ရောင်းကုန် ပစ္စည်းမရှိခြင်းတို့ကြောင့် ကုန်သွယ်မှုလိုငွေပြရခြင်းဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ် လုပ်မှုကို အားမပေးဘဲ ပြည်ပအကူအညီများနှင့် non-trade မှရရှိသည့်ငွေများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ မိမိတို့နိုင်ငံ၌ အလုပ်သေချာ လုပ်ဆောင်ခဲ့ခြင်းမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ပိုင်ဆိုင်ထားသည့် စိုက်ပျိုးမြေများ အပါ အဝင်ဖြစ်နိုင်ခြေရှိသည်များကို အကျိုးရှိရှိ စနစ်တကျအသုံးချနိုင်ခြင်း မရှိခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ပန်းတိုင်ရည်မှန်းချက်များရရှိအောင် ဆောင် ရွက်နိုင်မှုမရှိခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မှုမရှိခြင်းဖြစ် ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ မရှိပါက ရောင်းကုန်ပစ္စည်းများလည်း ရရှိမည်မဟုတ်ဘဲ ဝင်ငွေရရှိမည်မဟုတ်ကြောင်း၊ ထို့ပြင် သီးထပ် စွမ်းအားပြည့်မီမှုမရှိခြင်းကြောင့်လည်း နိုင်ငံ့ဝင်ငွေလျော့နည်းခဲ့ရကြောင်း၊ ပန်းတိုင် ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းနှင့် သီးထပ် စွမ်းအား ပြည့်မီမှုမရှိခြင်းကြောင့် နိုင်ငံ့ဝင်ငွေ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့်လျော့နည်းထိခိုက်နစ်နာလျက်ရှိနေသည်ကို တွက်ချက်မှုများအရ တွေ့ရှိရ ကြောင်း၊ ယင်းတို့ကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ရောင်းကုန်ပစ္စည်းများ ရရှိမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေများ ရှိနိုင်မည်မဟုတ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း မရှိခဲ့သည့်အတွက် နိုင်ငံ့စီးပွားရေး အားနည်းရခြင်းဖြစ်သဖြင့် နိုင်ငံ့စီးပွားရေးကို ထိထိရောက်ရောက် အားပေးဆောင်ရွက်သွားရမည်ဖြစ်သည်ဟု ပြောကြားလို ကြောင်း။
ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ
စီးပွားရေးအရအားနည်းချက်များရှိနေရခြင်းမှာ စီးပွားရေးလုပ်ဆောင်နိုင်မည့် အတတ်ပညာများ အားနည်းရခြင်းကြောင့်ဖြစ်ကြောင်း၊ အတတ်ပညာသည် အတန်း ပညာကိုအခြေခံ၍ ဆောင်ရွက်ရသည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်ပညာရေးကို မဖြစ် မနေအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များအရ မိမိတို့အနေဖြင့် ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး KG+ 9 အထိ မသင်မနေရ ပညာရေးအဖြစ် ရဲရဲဝံ့ဝံ့ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ နောင်လာမည့်အစိုးရသစ်လက်ထက်တွင်လည်း ဆက်လက်ကြိုးပမ်း ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ အတန်းပညာအပြင် စည်းကမ်းနှင့် တိုင်းချစ်ပြည် ချစ်စိတ် များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းလိုသည့် စိတ်ဓာတ်များလည်းရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ကျောင်းနေခဲ့ရသူများအနေဖြင့် အခြေခံအားဖြင့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်သူများဖြစ်ကြပြီး ကျောင်းနေခဲ့ရခြင်း မရှိသူများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းပိုင်းဆိုင်ရာများတွင် အားနည်းချက်များရှိမည်ဖြစ် ကြောင်း။
၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း များအရ အခြေခံပညာအဆင့်ကျောင်းနေရာခိုင်နှုန်းမှာ နည်းပါးလျက်ရှိ သည်ကိုတွေ့ရ ကြောင်း၊ သို့ဖြစ်၍ ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်ရှိနေသည်ကိုတွေ့ရပြီး ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်မှု မရှိပါက အနာဂတ်တွင် တိုင်းပြည်ဒုက္ခရောက်နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပညာရေးနှင့် ပတ်သတ်၍ အထူး အလေးထား တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် နောင်ချိုဒေသ၌ တိုက်ပွဲများမရှိတော့သည့် အတွက် စာသင်ကျောင်းများ အမြန်ဆုံးဖွင့်လှစ်သင်ကြားနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန် တိုက်တွန်းလုပ်ဆောင်ခဲ့ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး ယခုချိန်တွင် ကျောင်းသား/ကျောင်းသူ ၁၂၀၀ ဦးခန့် ပညာသင် ကြားနေသည်ဟု သိရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ထို့အတူ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အချို့ သောစာသင်ကျောင်းများသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်မှုမရှိ သေးသည့်အတွက် ကျောင်းနေအရွယ်ကလေးငယ်များအနေဖြင့် ထိခိုက်နစ်နာလျက် ရှိကြောင်း၊ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန်လို ကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ပညာရေးနှင့်ပတ်သက်၍ စာသင်ကျောင်း အရေအတွက်၊ ပညာရေးဝန်ထမ်း အရေအတွက်ဆိုင်ရာများ လေ့လာ ဖော်ထုတ် ခဲ့ကြောင်း၊ တက္ကသိုလ်ကျောင်းများတွင် ဆရာ/ဆရာမ ခန့်အပ်ထားမှုများ ရှိသော်လည်း တက်ရောက်သည့် ကျောင်းသားအရေအတွက်နည်းသည်ကို တွေ့ရှိရသည့်အတွက် အုပ်ချုပ်မှုစရိတ်များပြားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့်တိုင်ပင်ဆွေးနွေး၍ Polytechnic တက္ကသိုလ်များ ဖွင့် လှစ်နိုင်ရေးဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် Polytechnic တက္ကသိုလ် ၈ ခု ဖွင့်လှစ်နိုင် ခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် ဥပဒေဆိုင်ရာ၊ စီးပွားရေးဆိုင်ရာများနှင့် ပတ် သက်၍သိရှိရန်လိုအပ်သဖြင့် တက္ကသိုလ်အားလုံးတွင် စီးပွားရေးနှင့် ဥပဒေပညာရပ် သင်ကြားပေးနိုင်ရေး BA (Law) နှင့် BA (Eco) ဘွဲ့များ သင်ကြားနိုင်ရေး ဆောင်ရွက် ပေးခဲ့ကြောင်း။
အလားတူ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံပညာ အလယ်တန်းအဆင့် တတ်မြောက်ပြီးသူများ တက်ရောက်နိုင်ရေးအတွက် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများ ၈၆ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခရိုင်အဆင့်အားလုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကျောင်းများအပြင် ကောလိပ်အဆင့်မှတစ်ဆင့် တက္ကသိုလ်အဆင့် ထိ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အတတ်ပညာနှင့် ပတ်သက်၍ ပညာရေးကိုအခြေခံသည့် အတတ်ပညာများ ဆည်းပူးနိုင်စေရန် လိုအပ်ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်မှု မရှိအောင် ဆောင်ရွက်ခြင်းနှင့် ဆေးရုံ၊ ဆေးခန်းများ မဖွင့် နိုင်အောင်၊ စီးပွားရေးမလုပ်နိုင်အောင် ဆောင်ရွက်ခြင်းသည် ဒေသခံပြည်သူ များ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ထိခိုက်စေရန်နှင့် ဒေသခံပြည်သူများ၏ ဘဝများ ပျက်စီးအောင်ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ပညာရေးနှင့်ကျန်းမာရေး အပေါ် ထိခိုက်ပျက်စီးအောင် နှောင့်ယှက်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများ သည် ပြည်သူလူထု၏ အနာဂတ်ဘဝများကို အသိပညာမဲ့စွာ ရိုက်ချိုးဖျက်ဆီးနေ မှုများဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များပညာ ရည်မြင့်မားရေးအတွက် ပညာရေးကိုအလေးထားဆောင်ရွက်နေသကဲ့သို့ နောင်လာ မည့် အစိုးရသစ်လက်ထက်တွင်လည်း ပညာရေးကို အားပေးဆောင်ရွက်စေရန် တိုက်တွန်းလိုကြောင်း။
လူတိုင်းသည် ကျန်းကျန်းမာမာဖြင့် အသက်ရှည်ကျန်းမာခြင်းကို လိုလားကြ ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၉ နှစ်ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အားနည်းသည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အသက်ရှည် ကျန်းမာ ရေးနှင့်ပတ်သက်၍ ကောင်းမွန်သည့် နေထိုင်စားသောက်မှုပုံစံရှိရန်လိုအပ်မည်ဖြစ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ဝစွာစားသောက်နိုင်အောင် ဖော်ဆောင်ပေးနိုင်ရမည်ဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားရေးကို အားကောင်းလာအောင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်သူတစ်ဦးချင်းစီအလိုက် ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး ပြည့်ပြည့်ဝဝ ဝယ်ယူ စားသုံးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူမှုအရ မိမိတို့ နိုင်ငံအတွင်းနေထိုင်သူ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ခန့်ရှိပြီး အလုပ်သမား ဝန်ကြီးဌာန၏ စာရင်းအရ ပြည်ပ၌အလုပ်လုပ်ကိုင်နေသူ ၃ ဒသမ ၄ သန်းခန့်ရှိသဖြင့် နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄ သန်းကျော်ရှိကြောင်း၊ ၎င်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြကြောင်း၊ ကျေးလက်နေသူများ အနေဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်နေသူများဖြစ်သဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည် ဆိုပါက နိုင်ငံ့စီးပွားရေးသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်စီးပွားရေး မြှင့်တင်ရေးကို အလေးပေးဆောင်ရွက်ခဲ့ပြီး နောင်တွင် တာဝန်ထမ်းဆောင်သွားမည့် အစိုးရအနေဖြင့် လည်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ခြင်းကို ဆက်လက်ဆောင် ရွက်သွားရန်လိုကြောင်း။
၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ တွက်ချက်မှုအရ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေ မှုနှုန်းသည် ၂၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ အစိုးရအဆက်ဆက်တွင်လည်း နိုင်ငံ၏ ဆင်းရဲမွဲတေမှုလျှော့ချ နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သည်များရှိကြောင်း၊သို့ဖြစ်၍ လက်တွေ့ကျသည့် လုပ်ငန်းမှာ ကျေးလက်စီးပွားရေးမြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် မိမိတို့အစိုးရ လက်ထက် တွင် တွန်းအားပေးဆောင်ရွက်ခဲ့သကဲ့သို့ အစိုးရသစ်လက်ထက်တွင်လည်း စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေး လုပ်ငန်းအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးတို့သည် မိမိတို့ နိုင်ငံရေမြေသဘာဝနှင့် ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ဆန်အဓိကထား စားသုံးသော်လည်း စားသောက်မှုပုံစံ ပြောင်းလဲ၍ ဂျုံကိုလည်း တွဲဖက်စားသုံးသင့်ကြောင်း၊ လက်ရှိကမ္ဘာ့နိုင်ငံအများစုတွင် လည်း ဂျုံကိုပြောင်းလဲစားသုံးလာကြသည်ကိုတွေ့ရကြောင်း၊ ပြည်ပမှ ဂျုံတင်သွင်းမှု အနေဖြင့် တစ်နှစ်လျှင် တန်ချိန် ၅ သိန်းခန့်ရှိသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် ဂျုံစိုက်ပျိုးမှုအနေဖြင့် ဧကပေါင်း ၁ ဒသမ ၃ သိန်း စိုက်ပျိုးလျက်ရှိပြီး ဂျုံလို အပ်ချက် တန်ချိန် ၅ သိန်းရရှိရေးအတွက်ဆိုပါက စိုက်ပျိုးဧက ၆ သိန်းနီးပါး ထပ်မံစိုက် ပျိုးရမည်ဖြစ်ကြောင်း၊ ဂျုံစိုက်ပျိုးရေးအတွက် တောင်သူများကိုလည်း အားပေး ဆောင် ရွက်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုအနေဖြင့် လက်ရှိအချိန်တွင် ဧက ၅ သိန်းခန့် စိုက်ပျိုးနေကြောင်း၊ ပြည်တွင်း ဝါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပိုလျှံသည်များကိုလည်း ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးနိုင်ခြင်းကြောင့် ဝါကိုအခြေခံသည့် ထုတ်ကုန်များထုတ်လုပ်နိုင်မည်ဖြစ်သည့် အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက် တွန်းလိုကြောင်း၊ ဝါးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် နှစ်စဉ် ဝါးတန်ချိန်များစွာ ထွက်ရှိနေသဖြင့် ဝါးကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လို ကြောင်း၊ ပြည်တွင်းလို အပ်ချက်ဖြစ်သည့် စက္ကူ၊ အသုံးအဆောင်ပစ္စည်းများ ထုတ် လုပ်မည်ဆိုပါက များစွာအသုံးဝင်သည့်အတွက် ကြိုးစားလုပ်ဆောင်စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝမှ ပေးထားသည့် အရင်းအမြစ်များ များစွာရှိပြီး အမှန်တကယ် အလုပ်လုပ်၍ အကျိုးရှိရှိအသုံးချနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ် ကြောင်း၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးအတွက်မှာ အစိုးရမှဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ရေရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများကို ဆောင် ရွက်ပေးခဲ့ကြောင်း၊ မြစ်ရေတင်စီမံကိန်းအတွက် လိုအပ်သည့်လျှပ်စစ်စွမ်းအင်ကို ဆိုလာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ စိုက်ပျိုးမြေ ၆ ဒသမ ၃၉ သန်း ဧကမြေ နေရာ များတွင် သီးထပ်စိုက်ပျိုးနိုင်ပါက ရွှေပုံပေါ်တွင် ထိုင်နေသည့်တိုင်းပြည် အဖြစ် ခိုင်ခိုင် မာမာရပ်တည်နိုင်မည်ဖြစ်သဖြင့် အမှန်တကယ် အလုပ်လုပ်ရန်လိုကြောင်း။
မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်လေးနှစ်တာ ကာလအတွင်း လုပ်ငန်း ရပ်များအားလုံးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အောင်မြင်သည်များရှိသကဲ့သို့ အား နည်းချက်များလည်းရှိခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ်က ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်မှုများ ရှိခဲ့သဖြင့် အခက်အခဲ၊ အကြပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း၊ သို့သော် လည်း မိမိတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲအကြပ်အတည်းများကြားမှ ယနေ့ အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြပြီး ယင်းအတွေ့အကြုံ များကို သင်ခန်းစာယူ၍ နောင်လာမည့်အစိုးရအတွက် အခြေခံအုတ်မြစ်ကောင်းကို ချ ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး
နိုင်ငံရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် လွှတ်တော်အတွေ့အကြုံများအရလွှတ်တော် နှင့်ပတ်သက်၍ ယခုထက်ပိုမိုစနစ်တကျဖြစ်သင့်သည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆ မိကြောင်း၊ လွှတ်တော်သည် ဥပဒေပြုသည့်သူများ၏နေရာဖြစ်သဖြင့် အခြေခံအားဖြင့် ပညာရေးကောင်းမွန်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းကောင်းမွန်သည့်သူများဖြစ်ရန် လိုအပ် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေပြင်ဆင်ချက်များကိုလည်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကိုကျင်းပသွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် မဲပေးနိုင်ရန် အခက်အခဲရှိသူများအတွက်လည်း ကြိုတင်မဲများပေးနိုင်ရေး အတွက်လည်း ဥပဒေထုတ်ပြန်ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏အကျိုးအတွက် မဲပေးပိုင်ခွင့်ရှိ သူများအားလုံး အမှန်တကယ်မဲပေးကြရန်အတွက်လည်း တာဝန်ရှိသူအဆင့်ဆင့်မှ နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အားဖြင့်သော်လည်းကောင်း၊ အားလုံးဝိုင်းဝန်း ကူညီ ကြိုးစား၍ တိုက်တွန်းစည်းရုံးဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ တာဝန်ဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည် မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အား လုံး မဲပေးနိုင်ရေးအရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး၊ ရွေးကောက်ပွဲအားမလိုလား၍ ဖျက်ဆီးမည့် သူများ အန္တရာယ်မှကာကွယ်တားဆီးပေးနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ ကာကွယ် တားဆီးပေးနိုင်ရန်အတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တာဝန်ပေး အပ် ဆောင်ရွက်ခြင်း၊ လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့ပြီး ဆောင် ရွက်ခြင်း၊ ပြည်သူ့လုံခြုံရေး၊ ကာကွယ်ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းများရှိသော်လည်း ၎င်းတို့ ဖြင့် မလုံလောက်ဘဲ ပြည်သူလူထုတစ်ရပ်လုံးမှလည်း တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီ ကြိုးစားပူးပေါင်းဆောင်ရွက်ပေးမှသာလျှင် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင် ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့မျှော်မှန်းထားသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄ နှစ်ကျော်ကာလတာဝန်ထမ်းဆောင်မှုနှင့်ပတ် သက်၍ “ ကျွန်တော်တို့ ဒီကာလပေါ့၊ ၄ နှစ်ခွဲတာ ကာလအတွင်းမှာ လုပ်ငန်း အရပ်ရပ် အားလုံးကို အခက်အခဲပေါင်းစုံကနေပြီးတော့ ရင်ဆိုင်ကျော်လွှားပြီး ဒီလိုလက်ရှိ အခြေ အနေမျိုးဖြစ်လာတဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးမှုများအတွက် တက်ရောက်လာကြ တဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်၊ နောင်မှာလည်း ဆက် လျှောက်ရမယ့် ခရီးစဉ်တွေမှာလည်း ကျွန်တော်တို့ ဒီလိုပဲ အောင်အောင်မြင်မြင် ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျွန်တော်တိုက်တွန်းလိုပါတယ်၊ ဆက် လျှောက်လှမ်းမယ့်ခရီး၊ နိုင်ငံတော်ရဲ့ ရှေးခရီးကတော့ အများကြီးကျန်ပါသေးတယ်၊ ဒါတွေက ကျွန်တော်တို့က ဒုတိယစာမျက်နှာရဲ့အစ ဖြစ်ပါတယ်၊ ပထမစာမျက်နှာ ကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာကို အစနဲ့ကျွန်တော်တို့ သွား တာပေါ့၊ ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေး လှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့ လုပ်ရကျိုးကနေ ပိုပြီး လုပ်ရကျိုးနပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ အားလုံးပဲ အစစအရာရာ အောင်မြင် တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်။” ဟုပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာကြသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဂုဏ်ပြုနေ့လည်စာသုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချူပ်ရုံး(ကြည်း)ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့မှ တေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။