“ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာ ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်းပညာ ဆိုင်ရာ စိန်ခေါ်မှုများအတွက်ကြိုတင်ပြင်ဆင်ခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သည့် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ(Post Earthquake Technical Forum) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားသည်။
အခမ်းအနားသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာ ကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက် အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင် ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသည့် အင်ဂျင်နီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ယနေ့တွင်ကျရောက်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု ၄ လပြည့် အဖြစ် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသော ရဟန်း၊ ရှင်၊ လူ ပြည်သူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် တစ်မိနစ် ငြိမ်သက်စွာရပ်တန့်ကြသည်။
ထို့နောက် “ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်း ပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” မှတ်တမ်း Video ကို ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့နေရာအနှံ့အပြား၌ တိုင်းပြည်နိုင်ငံ အသီးသီး ထူထောင်နေထိုင်ခဲ့ကြသည့် လူသားများသည် ယဉ်ကျေးတိုးတက်လာသည့် ကာလမှစပြီး သဘာဝတရား၏ ဖန်တီးထားမှုများအပေါ် နေ့စဉ်လူနေမှုဘဝ အဆင်ပြေချောမွေ့လုံခြုံမှုရရှိစေရေး မိမိတို့၏ တီထွင်ဖန်တီးမှု နည်းပညာများဖြင့် တည်ဆောက်နေထိုင်လာကြခြင်းဖြစ်ကြောင်း။
ထိုကဲ့သို့ သဘာဝတရားနှင့် လိုက်လျောညီထွေဖြစ်အောင် တီထွင်ဖန်တီး နေထိုင်ခဲ့ကြသော်လည်း ကမ္ဘာမြေကြီး၏ နောက်ထပ်ပေးထားချက်တစ်ရပ်ဖြစ်သည့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းများကိုမူ ရှောင်လွှဲ၍မရသည်ကို အားလုံးအသိ ပင်ဖြစ်ကြောင်း၊ လူ့သမိုင်းတစ်လျှောက် တိုးတက်ဖြစ်ထွန်းလာသည့် သိပ္ပံပညာရပ်များ အပေါ်အခြေခံပြီး ကြိုတင်သတိပေးကာကွယ်နိုင်သည့် လေပြင်းမုန်တိုင်းအန္တရာယ်၊ ရေကြီးရေလျှံမှုအန္တရာယ်၊ တောမီးလောင်ကျွမ်းမှု အန္တရာယ်များရှိသကဲ့သို့ မြေငလျင် အန္တရာယ်ကဲ့သို့သော တိကျစွာကြိုတင်ခန့်မှန်းခြင်းမပြုနိုင်ဘဲ ရင်ဆိုင်ကြရသည့် သဘာဝဘေးအန္တရာယ်မျိုးလည်းရှိကြောင်း၊ သဘာဝဘေးအန္တရာယ် အမျိုးအစားများ အနက် မြေငလျင်သည် ဖွံ့ဖြိုးဆဲနိုင်ငံများသာမက အတိုင်းအတာတစ်ခုထိ ဖွံ့ဖြိုး တိုးတက်လျက်ရှိသည့် နိုင်ငံများ၊ ဖွံ့ဖြိုးပြီး နိုင်ငံများ၌ပါ ကြိုတင်ပြင်ဆင်မှု လိုအပ်ချက် ရှိလျင်ရှိသကဲ့သို့ ထိခိုက်ဆုံးရှုံးမှု ကြီးမားစေသည့် သဘာဝဘေး အမျိုးအစားလည်း ဖြစ်ကြောင်း။
မိမိတို့မြန်မာနိုင်ငံ၌လည်း စတင်ပြီးသမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည့် ၁၈၃၉ ခုနှစ်မှ ယနေ့ကာလအထိ ရစ်ချ်တာစကေး(၆)နှင့်အထက် ငလျင်ကြီးပေါင်း(၂၀)ကြိမ် ခန့်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို သမိုင်းမှတ်တမ်းများ အရ သိရှိကြပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး(၇ ဒသမ ၇) ဖြင့် လှုပ်ခတ်သွားခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၅)ခု၌ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်စေခဲ့သည့်မန္တလေးငလျင်ကြီးသည် လည်း စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ကို အားလုံး သိရှိပြီး ဖြစ်ကြောင်း။
အဆိုပါ မန္တလေးငလျင်ကြီးကြောင့် ရဟန်းရှင်လူပြည်သူ (၃၇၃၉)ဦး အသက် ဆုံးရှုံးခဲ့ရပြီး ကမ္ဘာပေါ်မှာဖြစ်ပွားခဲ့သည့် အသက်ဆုံးရှုံးမှုအရေအတွက် သိန်းဂဏန်း ရှိသောငလျင်ကြီးများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းသက်သာသော်လည်း မိမိတို့ နိုင်ငံအတွက် ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရကြောင်း၊ အခြေခံအဆောက် အအုံ ပျက်စီးမှုများအနေဖြင့် လူနေအိမ် (၅၀,၀၀၀)ကျော်အပါအဝင် လမ်း၊ တံတား များ၊ တာဝါတိုင်များ၊ ကျောင်း၊ ဆေးရုံများ၊ သာသနိက အဆောက်အဦများ၊ စက်ရုံ/ အလုပ်ရုံများစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း။
ပြည်သူများကို နေအိမ်တိုက်တာအိုးအိမ်ပျက်စီးမှုများ ပြန်လည်ထူထောင်နိုင်ရေး ကိုလည်းနိုင်ငံတော်က ကနဦးမတည်ငွေ ကျပ်ငွေ(၅၀၀)ဘီလီယံ ထောက်ပံ့ဆောင်ရွက် ပေးထားပြီးဖြစ်သည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နောက်ထပ် ကျပ်ငွေ(၂)ထရီလီယံကိုလည်း ဆက်လက်ထောက်ပံ့ ပေးနေကြောင်း။
ငလျင်ဘေးအန္တရာယ်ကို ယခုအချိန်အထိ တိုးတက်သည့် သိပ္ပံပညာရပ်များ နှင့်တိကျစွာကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေးသည်လည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့အခြေအနေမျိုးတွင် မိမိတို့အနေဖြင့် ဆောင်ရွက်နိုင်သည်မှာ တတ်နိုင်သမျှ အကောင်းဆုံး ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းဆိုရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျှင်မြန်စွာဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်း သာမက သဘာဝဘေးအန္တရာယ်များ ကျရောက်လာချိန်တွင် ပြည်သူများ၏ အသက် အိုးအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးအောင် ကြိုတင်မျှော်တွေးပြင်ဆင်ခြင်းသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်ကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် “ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ (Post-Earthquake Technical Forum)”သည် ဖြစ်ပွားပြီးသည့် မန္တလေးငလျင်ကြီး ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမှုများကို ပြန်လည်ကုစားရန်နှင့် ပြန်လည်ပြုပြင် တည် ဆောက်ရန်အတွက်သာမက ငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေသည့် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ကာလများတွင် ငလျင်အန္တရာယ်ရင်ဆိုင်ရသည့်အခါ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် မည်ကဲ့သို့ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြမည် ဆိုသည်ကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်သောကြောင့် မိမိတို့နိုင်ငံရှိ တည်ဆောက်ရေး ကဏ္ဍ၏ လိုအပ်ချက်များကို ထိရောက်အကျိုးရှိစွာ ဖော်ထုတ်ဆွေးနွေးပေးကြရန် မှာကြားလိုကြောင်း။
ကမ္ဘာတွင် ငလျင်ဒဏ်ခံရသည့် နိုင်ငံများစွာရှိကြောင်း၊ ယင်းတို့အနက် ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှား စသည့် အာရှနိုင်ငံများသည် နည်းပညာနှင့် အရည်အသွေး ကောင်းသည့် တည်ဆောက်ရေးပစ္စည်းများကို အသုံးပြုပြီး မိုးမျှော်တိုက်များ၊ အထပ် မြင့်၊ အဆင့်မြင့်အဆောက်အဦများ တည်ဆောက်နိုင်သည်ကို တွေ့နိုင်ကြောင်း၊ မိမိတို့ သည်လည်း မည်သည့်အတွက်ကြောင့် မလုပ်ဆောင်နိုင်ရမည်နည်းဟု စဉ်းစားနိုင်ရန် လိုကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဓာနကျသည့် တည်ဆောက်ရေး ကဏ္ဍ တွင် တည်ဆောက်သည့်အဆောက်အအုံများ၏ အရည်အသွေးပြည့်ဝပြီး ခိုင်ခံ့ ကောင်းမွန်ရေးသည် အလွန်အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိ တို့လူသားများအနေဖြင့် ယနေ့အချိန်အထိ ကြိုတင်ခန့်မှန်းခြင်း မပြုနိုင်သကဲ့သို့ ရှောင်လွှဲ၍လည်း မရနိုင်သည့် မြေငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်မျိုးနှင့် ရင်ဆိုင်ရသည့်အချိန်မျိုးတွင် မိမိတို့ထူထောင်တည်ဆောက်ထားသည့် အခြေခံ အဆောက်အအုံများသည် ငလျင်ဒဏ်ခံနိုင်သည့် စံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီမှသာ မိမိတို့ ပြည်သူများ၏အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးရခြင်းများမှ ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ကြောင်း။
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးသည့်နောက် ထိခိုက်ပျက်စီးခဲ့ရသည့် နိုင်ငံပိုင် ရုံးအဆောက်အဦနှင့် လူနေတိုက်တာ အိမ်ခြေများကို ဆန်းစစ်သည့်နေရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများက အင်ဂျင်နီယာများ၊ မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့တို့ ပူးပေါင်းစစ်ဆေးခဲ့ကြပြီး ပျက်စီးမှုအခြေအနေအလိုက် အရောင်ခွဲခြား သတ်မှတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည့်အပြင် ငလျင်ဒဏ်သင့် အဆောက် အဦများ ပြုပြင်နိုင်ရေး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အဦ ၊ လမ်း ၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည် ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure–SOP)နှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် ရှေးဟောင်းအဆောက်အအုံများ၊ ဘုရား၊ စေတီများနှင့် သာသနိက အဆောက် အအုံများအား ပြန်လည်ပြုပြင်နိုင်ရန်နှင့် အသစ်ပြန်လည် တည်ဆောက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure- SOP)ကိုလည်း ရေးဆွဲထုတ်ပြန်ပေးခဲ့ကြသည့် အတွက် များစွာကျေးဇူးတင်သည်ကို ပြောကြားလိုကြောင်း၊ ငလျင်ဒဏ်သင့် အဆောက် အဦများကို ပြန်လည်တည်ဆောက်ရေးအတွက် “အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ”ကိုလည်း ဖွဲ့စည်း တာဝန်ပေးအပ်ပြီး ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက် စေလျက်ရှိကြောင်း။
တည်ဆောက်ရေးလုပ်ငန်းများ၌ စံချိန်စံညွှန်းများ စနစ်တကျရှိစေရေးအတွက် လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း နှင့် မြန်မာနိုင်ငံ ငလျင်ကော်မတီအပါအဝင် မြို့ပြအင်ဂျင်နီယာနှင့် ငလျင်ဆိုင်ရာ အသင်းအဖွဲ့များက ပေါင်းစပ်ညှိနှိုင်းပြုစုပြီး ၂၀၁၂ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (MNBC) ကို ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင်တစ်ကြိမ် ပြင်ဆင်ထုတ်ပြန်ခဲ့ကြပြီး ယခု ၂၀၂၅ ခုနှစ်တွင်လည်း မကြာမီကလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ် လာသော ဘူမိသိပ္ပံဆိုင်ရာ အချက်အလက်များအပေါ်အခြေခံပြီး အနာဂတ်ကာလတွင် တွေ့ကြုံ လာနိုင်ဖွယ်ရှိသည့် ငလျင်များအတွက် လုံလောက်သော စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ မတူကွဲပြားသည့် ဒေသအလိုက် ပိုမိုအသေးစိတ်တိကျသော ငလျင် ဇုန်မြေပုံများ ဖြည့်စွက်ထည့်သွင်းပေးခဲ့သည့်အပြင် ငလျင်လှုပ်ခတ်စဉ် ပျက်စီးခဲ့သည့် အဆောက်အဦများ၏ ပျက်စီးမှုပုံစံ(Mode of Failure)များကို သုံးသပ်ပြီး အဆောက် အဦ အမျိုးအစားအလိုက် တွက်ချက်မှုနည်းစနစ် (Seismic Load Calculation Method)များကိုလည်း ထည့်သွင်းဖော်ပြပြီး ထုတ်ဝေခဲ့ပြီးဖြစ်သည့်အတွက် မြန်မာ နိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (MNBC) ၂၀၂၅ သည် ငလျင်ဒဏ်ခံနိုင်ရည်ရှိနိုင်မည့် Earthquake Resilient Design Framework တစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်းကိုလည်း သိရှိရကြောင်း။
တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေနှင့် သံ ၊ သံမဏိ ပစ္စည်းတင်သွင်းရောင်းချသူ၊ ပြည်တွင်းထုတ်လုပ်သူများမှစပြီး တွက်ချက်ပုံစံ ထုတ် သူပညာရှင်များ ၊ ရင်းနှီးမြှုပ်နှံသူ Developer များ ၊ ကန်ထရိုက်တာများ ၊ ကြီးကြပ် တည်ဆောက်သူ အင်ဂျင်နီယာများနှင့် အရည်အသွေး စစ်ဆေးသူများ အစရှိသည့် Construction Industry တစ်ခုလုံးတွင်ရှိကြသည့် အဆင့်ဆင့်သော Stakeholder များ အားလုံးက စနစ်တကျဖြင့် အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းလိုက်နာဆောင်ရွက်ကြမှသာ ယနေ့ မိမိတို့တာဝန်ယူတည်ဆောက်သော အခြေခံအဆောက်အုံများသည် အနာဂတ် ကာလများတွင် ငလျင်အန္တရာယ်ကြုံတွေ့လာသည့်အခါ ပြည်သူအများ၏ အသက် အိုးအိမ်လုံခြုံမှုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း။
ထို့ကြောင့် ယနေ့ကျင်းပသည့် ငလျင်ကာလအလွန် နည်းပညာ ဆိုင်ရာဆွေး နွေးပွဲ (Post - Earthquake Technical Forum)တွင် တက်ရောက်လာကြသည့် ပညာ ရှင်များအနေဖြင့် ငလျင်ဒဏ်ခံနိုင်ရည်ရှိသော အဆောက်အအုံများ တည်ဆောက်နိုင် ရေး မိမိတို့နိုင်ငံရှိ တည်ဆောက်ရေးလုပ်ငန်းများ၏ ပကတိအခြေအနေနှင့် သတ်မှတ် ထုတ်ပြန်ထားပြီးဖြစ်သည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအတိုင်းအပြည့်အဝ လိုက်နာဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရန် ဆွေးနွေးမှာကြားလိုကြောင်း။
နိုင်ငံတော်၏ တည်ဆောက်ရေးကဏ္ဍတွင် ဦးထမ်းပဲ့ထမ်းဆိုသကဲ့သို့ နေရာစုံမှ ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ ၊ ရင်းနှီးမြှုပ်နှံသူ Developer များ ၊ တည်ဆောက်ရေး လုပ်ငန်း သုံးပစ္စည်း ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချသူများ အပါအဝင် Stakeholder များ အားလုံးအနေဖြင့် အနာဂတ်ကာလများတွင် မိမိတို့နိုင်ငံသူ နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချလုံခြုံသော အခြေခံအဆောက်အအုံများ ဖန်တီး တည်ဆောက်ပေးနိုင်ရေး ယနေ့ကျင်းပသည့် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ (Post - Earthquake Technical Forum) ကတစ်ဆင့် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Damage Assessment နှင့် Earthquake Clinic ဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ချုပ်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား အထိမ်းအမှတ်ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်သည်။
ထို့နောက် “ ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက်ကြိုတင်ပြင်ဆင်ခြင်း ” ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ(Post Earthquake Technical Forum) တွင် သုံးသပ် ဆွေးနွေးမည့်ခေါင်းစဉ်များ၊ ကဏ္ဍအလိုက် ဆွေးနွေးမည့်ပုဂ္ဂိုလ်များနှင့် စာတမ်း ဖတ်ကြားမည့် ပုဂ္ဂိုလ်များက တစ်ဦးချင်းမိတ်ဆက်တင်ပြကြသည်။
၎င်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ(Post Earthquake Technical Forum) အထိမ်းအမှတ် ပြခန်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ “ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက်ကြိုတင်ပြင်ဆင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်သည့် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ(Post Earthquake Technical Forum)အား မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများအတွက် နည်းပညာ ဆိုင်ရာ ပြန်လည်သုံးသပ်ရန်နှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင် ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး သုံးသပ်ဆွေးနွေးအဖြေရှာနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး ဇူလိုင် ၂၉ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။