နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၁/ ၂၀၂၅) သို့တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇူလိုင် ၂၅
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီ ဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် MSME လုပ်ငန်း ကော်မတီ အစည်းအဝေးများကို ကျင်းပလာခဲ့သည်မှာ (၅) ကြိမ်ရှိခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များနှင့် အေဂျင်စီများ ချိတ်ဆက်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအစည်းအဝေးတွင် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ပါ MSME လုပ်ငန်းများ ပိုမိုစနစ်ကျပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ဆွေးနွေးရန် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏အဓိက စီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်ကြောင်း၊ အဆိုပါ ကဏ္ဍမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး၊ စိုက်ပျိုးရေး ပိုင်းတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးအတွက် သက်ဆိုင်ရာဌာန အလိုက် ပညာရှင် များက သုတေသနလုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ မွေးမြူရေးပိုင်းတွင်လည်း အသား၊ ငါး၊ ဥ၊ နို့နှင့် နို့ထွက် ပစ္စည်းများ သတ်မှတ်အရည်အသွေးပြည့်မီစေရေးအတွက် အစာ၊ ဆေး၊ ကုသမှု၊ ပြုစုမှုအပိုင်း များတွင် သုသေသနလုပ်ငန်းများ ကြပ်မတ်လုပ်ဆောင်သွားရန် လိုကြောင်း။
ထိုသို့ ဆောင်ရွက်ရာ၌ နိုင်ငံတော်က ပံ့ပိုးပေးရမည့် အပိုင်းတွင် နိုင်ငံတော် ကိုယ်စား မိမိတို့ လုပ်ငန်းကော်မတီအပါအဝင် သက်ဆိုင်ရာ MSME လုပ်ငန်းအဖွဲ့ဝင် များက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေကြသည့် MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ပံ့ပိုး ပေးကူညီပြီး ချိတ်ဆက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ လိုအပ်သည့် နည်းပညာ၊ လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရေးအတွက် နည်းပညာများ အသိပညာပေးရေးနှင့် ပြန့်ပွားရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ က ပူးပေါင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငွေကြေးအရင်းအနှီးများ စိစစ်ပံ့ပိုးပေးနိုင်ရေးနှင့် အခြားလိုအပ်ချက်ဖြစ်သည့် ပြည်ပဈေးကွက်ကို ချိတ်ဆက် ပေးပြီး ဈေးကွက်ခိုင်မာစွာရရှိရေး ဆောင်ရွက်ပေးရမည့်တာဝန်မှာ မိမိတို့၏ တာဝန် ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် လိုအပ်သည့် နည်းပညာနှင့် လူသားအရင်းအမြစ်များကို စက်မှု ဝန်ကြီးဌာနနှင့် အေဂျင်စီများပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးနေသည့် နည်းပညာ ဆိုင်ရာ သင်တန်းများနှင့် ဆွေးနွေးပွဲများမှ ရယူရမည်ဖြစ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် MSME လုပ်ငန်းများနှင့် သက်ဆိုင်သည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအနေ ဖြင့် မိမိတို့၏ လုပ်သားများကို ကျွမ်းကျင်လုပ်သားများနှင့် နည်းပညာရလုပ်သားများဖြစ်စေရန် လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်အနာဂတ်တွင် လုပ်ငန်းများနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်သိရှိပြီး မိမိကိုယ်ကို ရေရှည်ရပ်တည် နိုင်ရန် အတွက် KG+9 အောင်မြင်ပြီးသူများကို စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်ကာ သင်ကြားပေးလျက်ရှိကြောင်း၊ ယင်းအပိုင်းကို အစိုးရပိုင်းနှင့် လုပ်ငန်းရှင်များက နှစ်ဦးနှစ်ဖက် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွား ကြရမည် ဖြစ်ကြောင်း၊ ငွေကြေးအရင်းအနှီးကိစ္စနှင့်ပတ်သက်၍ နိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် အညီ MSME ချေးငွေများရယူရန် လိုကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးသွားသည့် လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များလုပ်ဆောင်ရန် ငွေကြေးအရင်းအနှီးလိုအပ်ကြောင်း၊ ချေးငွေများထုတ်ချေးရန် အတွက် ချေးငွေစည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများအရ ကန့်သတ်ချက် များရှိကြောင်း၊ အဆိုပါ ကန့်သတ်ချက်များအနက်မှ ဖြေလျော့ပေးသင့် သည်များကို ဖြေလျော့ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME ချေးငွေအဖြစ် ငွေကျပ် ဘီလီယံ ၁၇၀ အနက်မှ ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေး ပေးလျက်ရှိပြီး ဘီလီယံ ၂၀ ကို MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များတွင် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က MSME ချေးငွေထုတ်ချေးရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသည့် လုပ်ငန်းရှင် များကို ထုတ်ချေး ပေးရန်လမ်းညွှန် ထားကြောင်း၊ ပုဂ္ဂလိကဘဏ်များသည် MSME ချေးငွေလုပ်ငန်းများ လုပ်ဆောင်ရာတွင် သီးခြားဖြစ်နေရာမှ ရံပုံငွေစီမံခန့်ခွဲမှု ကော်မတီ၏ ညှိနှိုင်းပေးမှုများ ကြောင့် ယခုအခါ ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်က MSME ချေးငွေများ ဆောင်ရွက်ပေးသွားမည်ကို လုပ်ငန်းရှင်များအား အသိပေးပြောကြား လိုကြောင်း၊ အာမခံလုပ်ငန်းတွင် မူလ သတ်မှတ်ချက်အဖြစ် မြန်မာငွေကျပ် သန်း ၂၀ ခွင့်ပြုထားရာမှ ယခုအခါ ညှိနှိုင်း ဆွေးနွေးမှုများအရ သန်း ၅၀ ချေးနိုင်ရန် အတွက် SOP ရေးဆွဲလျက်ရှိပြီး အာမခံကုမ္ပဏီများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်စိတ်တစ်ပိုင်းမှပါဝင်ပြီး လုပ်ငန်းရှင်များ၏လုပ်ငန်းများ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုဂ္ဂလိက ဘဏ် လုပ်ငန်းရှင်များက နိုင်ငံ့ အကျိုးရှေးရှုလျက် ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်း။
လုပ်ငန်းရှင်များအနေဖြင့် ရရှိလာသည့် ချေးငွေများကို အကျိုးရှိရှိဖြင့် မိမိတို့၏ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် မဖြစ်မနေလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိထုတ်ကုန်များကို ပြည်တွင်းအတွက်သာမက ပြည်ပအတွက်ပါ ရည်ရွယ်၍ ကြိုးစားထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ထုတ်လုပ်သွားနိုင်ရေး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ရှိသည့် အေဂျင်စီများက လုပ်ငန်းရှင်များကို အသိပညာပေး၍ တွန်းအားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ဒီဂျစ်တယ်ခေတ် ဖြစ်သည့်အတွက် အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်များ ပြုလုပ် လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များက မိမိတို့၏ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်သည့် အရည်အသွေးမီ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ဈေးကွက် ချိတ်ဆက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ ပြည်ပနှင့် ဈေးကွက်ချိတ်ဆက်ပေးနိုင်ရေး မိမိတို့ လုပ်ငန်း ကော်မတီနှင့် အေဂျင်စီများမှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခင် ကျင်းပခဲ့သည့် MSME ပြပွဲနှင့် ပြိုင်ပွဲများတွင်လည်း One Stop Service ဖြင့် ပြည်ပ ပို့ကုန်တင်ပို့လိုသည့် လုပ်ငန်းရှင်များကို မိမိတို့၏ စီးပွားရေးသံမှူးများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ချိတ်ဆက်မှုအရ ပို့ကုန်ပေးပို့မှုအပေါ် နိုင်ငံ တကာ ကုမ္ပဏီများနှင့် လုပ်ငန်းကိစ္စ ဘဏ်များနှင့် ချိတ်ဆက် ရသည့်ကိစ္စရပ်များ၌ Interact ဝန်ဆောင်မှုနှင့် ဒီဂျစ်တယ်နည်းပညာရပ်များ၊ စီးပွားရေးဆိုင်ရာ အသုံးချ ရယူရမည့် နည်းပညာပိုင်းများကို မဖြစ်မနေ ကျွမ်းကျင်စွာ တတ်မြောက်အသုံးပြု တက်ရန် လိုအပ် ပါကြောင်း။
လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သားများဖြင့် စံချိန်စံညွှန်းမီ ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး ပညာရှင်များဖြင့် နည်းပညာများကို သင်ကြားပေးသွားရမည် ဖြစ်ကြောင်း၊ နည်းပညာများကို အသိပညာပေး သင်ကြားသူများအနေဖြင့်လည်း အလွယ်တကူ သိလွယ်၊ တတ်လွယ်သည့် သင်ကြားမှုအပိုင်းများနှင့် ဆွေးနွေးမှုအပိုင်း များဖြင့် သင်ကြားဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအရေးပါသည့်အချက်မှာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း သင်တန်းများ ဖွင့်လှစ်၍ လုပ်ငန်းရှင်များနှင့် လုပ်သားများအား နည်းပညာများ၊ စီမံခန့်ခွဲမှုပိုင်းနှင့် ဈေးကွက်ရရှိမှု ဆိုင်ရာ စွမ်းရည်များတိုးတက်လာစေရန် သင်တန်းအမျိုးအစား (၄၄၁) မျိုးကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန Website များတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ သင်တန်းအကြိမ်အရေအတွက် စုစုပေါင်း (၇၂၇၃) ကြိမ် ဖွင့်လှစ်ခဲ့ရာ သင်တန်းသားစုစုပေါင်း (၁၅၀၈၁၉) ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ သင်တန်းများအပြင် MSME ကဏ္ဍ၌ လိုအပ်သည့်စွမ်းရည်များ တိုးတက် လာစေရန် ယခုထက် ပိုမိုတိုးတက်ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း၊ နိုင်ငံ အတွင်းရှိသည့် MSME လုပ်ငန်းများနှင့် မှတ်ပုံတင်လုပ်ငန်းများအရေအတွက်ကို ကြည့်မည်ဆိုပါက လျော့နည်းနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတို့မှ MSME လုပ်ငန်းများ၊ MSME နှင့် ဆက်စပ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ သီးခြားပုဂ္ဂလိက စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင် ရန်အတွက် ပျက်စီးမှုအမျိုးအစား တစ်ခုချင်းအလိုက် အသေးစိတ်စာရင်းပြုစု၍ နိုင်ငံတော်အကြီး အကဲထံတင်ပြရာ ချက်ခြင်းချေးငွေထုတ်ပေးရန် သဘောတူခဲ့ကြောင်း၊ ထိုသို့ ချေးငွေ ထုတ်ပေးရာတွင် အပိုင်းနှစ်ပိုင်းရှိကြောင်း၊ ပထမအပိုင်းအနေဖြင့် MSME ချေးငွေ အဖြစ် ငွေကျပ် ဘီလီယံ ၁၅၀ ဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင် ရေးရန်ပုံငွေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေတို့မှ ငွေကျပ် ဘီလီယံ ၅၀၀ အပါအဝင် ဗဟိုဘဏ်မှ ၂၀၀ ဘီလီယံတို့ ပါဝင်သည့် မြေငလျင် ပြန်လည်ထူထောင်ရေး ရံပုံငွေတို့ဖြစ်ပြီး SOP ရေးဆွဲလျက်ရှိကြောင်း၊ ငလျင်ဘေး ကြောင့် ပျက်စီးသွားခဲ့သည့် MSME လုပ်ငန်းများ၏ စိန်ခေါ်မှုမှာ ချေးငွေနှင့် ပတ်သက် ၍ မူလချေးငွေများကို အချို့က အချိုးကျပြန်ဆပ်သည်များရှိပြီး အချို့က ပြန်မဆပ် နိုင်သည်များရှိ သည့်အပြင် အချို့လုပ်ငန်းရှင်များက နေရာစုံမှ ငွေကြေးချေးငှားမှုများ ရှိနေမှုအပေါ် စိစစ်ရသည်များလည်း ရှိပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ လုပ်ငန်းရှင် များအနေဖြင့် အရင်းအနှီးပြန်လည်ထူထောင်ရေး ကိစ္စတွင် အခက်အခဲများရှိပါက အေဂျင်စီများမှတစ်ဆင့် လုပ်ငန်းကော်မတီသို့ တင်ပြစေလိုကြောင်း၊ နိုင်ငံတော်ဝန် ကြီးချုပ် လမ်းညွှန်ထားသည့် မိမိလုပ်ငန်းနှင့် ဒေသမှထွက်သည့် ကုန်ကြမ်းကို အခြေခံပြီး တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရန်နှင့် ပြည်တွင်း သုံးစွဲမှုမှတစ်ဆင့် ပြည်ပသို့ အရည်အသွေးမြင့် ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်သည်အထိ ရည်ရွယ်ပြီး ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးရည်မှန်းချက်(၂)ရပ် ဖြစ်သည့် “တိုင်းပြည်သာ ယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” တို့ကို စီးပွားရေး ဦးတည်ချက်များနှင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME စီးပွားရေးလုပ်ငန်းများကို ပြည်တွင်းထုတ်ကုန်အားပေးမြှင့်တင်ရေး၊ သွင်းကုန် အစားထိုးရေးနှင့် အမယ်သစ် ပို့ကုန်ရရှိရေးဟူသည့် ရည်ရွယ်ချက်များဖြင့် အလေးပေး ဆောင်ရွက်ရန်နှင့် MSME လုပ်ငန်းများ ပိုမိုအားပေး မြှင့်တင်နိုင်ရန်အတွက် မူဝါဒ ပိုင်းဆိုင်ရာများ၊ နည်းပညာပိုင်းဆိုင်ရာများနှင့် ငွေကြေးအရင်းအနှီးများ ပံ့ပိုး ဆောင်ရွက်ပေးပြီး စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၏ ထုတ်ကုန်အမျိုးအစားများအလိုက် တူညီသည့် အမျိုးအစား၊ ထုတ်ကုန်များကို စုစည်းနိုင်မှသာ တစ်နှစ်ထွက်ရှိနိုင်သည့် တစ်နိုင်ငံလုံး တစ်နှစ်ထုတ်လုပ်ရရှိနိုင်မည့် ပမာဏကိန်းဂဏန်းကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို အချက်များအပေါ်မူတည်၍ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် စီမံရာတွင် သက်ဆိုင်ရာ ပို့ကုန်အမယ်များအလိုက် နိုင်ငံတကာဈေးကွက်မှ သတ်မှတ်လိုအပ်ချက်များနှင့် ကိုက်ညီစေရေး စီစဉ်ဆောင်ရွက် နိုင်မည်ဖြစ်ပြီး ထိုသို့ စနစ်တကျ ဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံတကာက ဈေးကွက်တွင် ယုံကြည်မှုရှိသည့် ဈေးကွက်နှင့် ဖောက်သည် အဖြစ်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ အာမခံချက်ဖြင့် ဈေးကွက်ရှာဖွေသည့် အဆင့်သို့ရောက်ရှိအောင် ကော်မတီဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ အေဂျင်စီများက MSME လုပ်ငန်းရှင်များကို ကူညီပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊ စနစ်တကျဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး MSME လုပ်ငန်းဖြစ်ရန်အတွက် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ပံ့ပိုးပေး ရမည့်အပိုင်းနှင့် လုပ်ငန်းရှင်များက ပြန်ပြီးတုံ့ပြန် ပေးရမည့်အပိုင်းများကို ကြန့်ကြာမှုမရှိဘဲ မူဘောင် အတွင်းမှ အဆင့်ဆင့်ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက် သွားကြ ရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၄) အစည်းအဝေး ဆုံး ဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ တင်ပြမည့်အမှာစာများကို လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်း သန်းလင်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် တို့က ဖတ်ကြားတင်ပြကြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင် စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒေါက်တာချာလီသန်းတို့က MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကော်မတီများ ဖွဲ့စည်းထားရှိ မှုနှင့်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ MSME ချေးငွေဆိုင်ရာ ကိစ္စရပ် များ၊ MSME လုပ်ငန်းတာဝန် (၁၄) ရပ်နှင့်စပ်လျဉ်း၍ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ MSME လုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး များနှင့် အသင်းအဖွဲ့များမှပညာရှင်များက ယခင်အစည်းအဝေး ဆုံးဖြတ်များနှင့် လမ်းညွှန်ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်လျက်ရှိမှု၊ ပြည်ပကုန်စည်ပြပွဲများတွင် MSME ထုတ်ကုန် များ ပါဝင်ပြသခဲ့မှု၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ပြည်တွင်း ပြည်ပ ဈေးကွက်သုတေသနလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ အားပေးဆောင်ရွက်လျက်ရှိမှု၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် MSME လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေနေမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၊ မူဘောင်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်းဆွေး နွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးအပြီးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အစည်းအဝေးတက်ရောက်လာကြသူများနှင့်အတူ ခင်းကျင်းပြသထားသည့် နေပြည်တော် ကောင်စီနယ်မြေမှ ထုတ်လုပ်လျက်ရှိသည့် ဒေသထွက် MSME ထုတ်ကုန်များနှင့် ပြည်ပသို့ တင်ပို့လျက်ရှိသည့် တန်ဖိုးမြင့် MSME ထုတ်ကုန်များကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။