တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ကာ ပြန်လည် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများ ဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာ သင်ကြားနိုင် ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၄၂၆ ဦးတို့ကို ဆက်လက် ကျောင်းအပ်လက်ခံပေးသည်။
ထို့ပြင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၅၅ ဦးတို့ကို တပ်မတော်သား ဆရာဝန်များနှင့် နယ်မြေခံဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက နောင်ချိုမြို့၊ မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ အဖျားရောဂါ၊ ပိုလီယို ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများဆောင်ရွက်ပေးသည်။
၎င်းအပြင် နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည်ဖွင့်လှစ်နိုင် ရေးအတွက် တပ်မတော်သားများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော် ပေးခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။