ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၈) ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက် နေပြည်တော် ဇွန် ၁၆

Wednesday, June 16, 2021 - 16:30

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၈) ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်
နေပြည်တော် ဇွန် ၁၆
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ နိုင်ငံတကာနှင့် ပြည်တွင်းရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် တာဝန်ရှိသူများသည် ယနေ့တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလာမ်နိုင်ငံက ဦးစီးကျင်းပသည့် (၈) ကြိမ်မြောက် အာဆီယံ အပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်သည်။
    အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ အာဆီယံ အပေါင်းနိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ ကာကွယ်ရေး ဝန်ကြီးများ၊ ဒုတိယကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင် တက်ရောက်ခဲ့ကြသည်။
    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံ ရေးဆိုင်ရာအမြင်များ၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်ပြောင်းလဲ တိုးတက်နေမှုများ၊ ဒေသတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပူးပေါင်းဆောင် ရွက်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ADMM-Plus မူဘောင်အောက်ရှိ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားသည်။
    (၈) ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများအစည်း အဝေးအပြီး တွင် တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်းနိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများက အာဆီယံအပေါင်းကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို (၂) နှစ်လျှင် တစ် ကြိမ် ကျင်းပမည့်အစား နှစ်စဉ်ကျင်းပသွားကြရန် အစည်းအဝေးက သဘောတူညီခဲ့ကြသည်။
    ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်းနိုင်ငံများအကြားပူးပေါင်း ဆောင်ရွက် မှု မြှင့်တင်ရန်နှင့် အနာဂတ်အတွက် အသင့်ဖြစ်ပြီး ငြိမ်းချမ်းသာယာဝပြောသော အာဆီယံ အသိုက် အဝန်းတစ်ရပ်အဖြစ် မြှင့်တင်ဆောင်ရွက်ခြင်းဆိုင်ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ထူထောင်မှု (၁၅) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အာဆီယံ အပေါင်း ကာကွယ်ရေးဝန်ကြီးများ၏ ဘန်ဒါဆရီဘီဂါဝန် ကြေညာချက်ကို အွန်လိုင်းမှတစ်ဆင့် သဘောတူညီထုတ်ပြန် ကြေညာခဲ့ကြသည်။