နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA အဖွဲ့ဝင်  ၁၂ ဦး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် နေပြည်တော်၊ ၂၀၂၅ ဇူလိုင်လ ၁၉ ရက်       

Saturday, July 19, 2025 - 17:00

             နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

             တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ် ထားသည့် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်း များကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ်နားလည်သဘောပေါက်လာကြကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇူလိုင်လ ၁၇ ရက်နေ့တွင် TNLA ၊ DPLA နှင့် MDY-PDF အဖွဲ့ဝင် စုစုပေါင်း ၁၄ ဦး၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် DPLA နှင့် MDY-PDF အဖွဲ့ဝင် ၁၅ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

             ယနေ့တွင်လည်း DPLA အဖွဲ့မှ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၂ ဦးတို့သည် Type-81 အမျိုးအစား သေနတ်  ၁၂ လက်၊ ၎င်းကျည် ၁၅၁၅ တောင့်၊ ကျည်အိမ် ၂၁ ခု၊ MA-1 အမျိုးအစား သေနတ် ၁ လက်တို့နှင့်အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာခဲ့သည်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြားချက်များအရ အများစုသည် ရိုးသားစွာ တောင်ယာလုပ်ငန်းလုပ်ကိုင် နေကြသူများဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူ များ၏ အတင်းအဓမ္မခြိမ်းခြောက် ဖမ်းဆီး၍ လူသစ်စုဆောင်းခံရသူများဖြစ်ပြီး သီပေါမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာ မန်လွယ်ကျေးရွာအနီးတွင် သင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်ပြီးသည့်အခါ နယ်မြေအလိုက် အခြေပြုလှုပ်ရှားသည့် ကျေးရွာများ၊ တောတွင်းစခန်းများတွင် အနေဆင်းရဲ၊ အစား ဆင်းရဲဖြင့် လူ့အခွင့်အရေးများ ဆုံးရှုံးကာ နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီး အဓမ္မစေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရကြောင်း၊ ၎င်းတို့ အဖွဲ့များအတွင်း၌ပင် အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိတော့သည့် အတွက် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည် လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုသဖြင့် လက်နက်ကိုင်လမ်းစဉ် အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်းဝင်ရောက်ရန်အတွက် နောင်ချိုမြို့နယ်၊ ဆရာအေးကုန်းကျေးရွာ၊ ထိုမှတစ်ဆင့် ကျောက်တောကျေးရွာ၊ ၎င်းမှတစ်ဆင့် လယ်ကြီးတောကျေးရွာ၊ အင်းဝိုင်းကျေးရွာများသို့ အဆင့်ဆင့် ထွက်ခွာလာခဲ့ပြီး ညောင်ထောက်ကျေးရွာသို့ ရောက်ရှိစဉ် အဆိုပါကျေးရွာအနီး လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ သတင်းပို့ကာ ယခုကဲ့သို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

             အဆိုပါ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား လွှဲပြောင်းအပ်နှံပွဲ ကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်၌ ပြုလုပ်ရာ တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

             ဦးစွာ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြား သည်။ ထို့နောက် ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် DPLA အဖွဲ့ဝင်များက ၎င်းတို့နှင့်အတူ ယူဆောင်လာသည့် Type-81 အမျိုးအစား သေနတ်  ၁၂ လက်၊ ၎င်းကျည် ၁၅၁၅ တောင့်၊ ကျည်အိမ် ၂၁ ခု၊ MA-1 အမျိုးအစား သေနတ် ၁ လက် တို့ကိုအပ်နှံရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး သေနတ် ၁၃ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၆၅၀ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် အဆိုပါ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေး ထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံကြသည်။

             ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်း ပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများ အတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

            အဆိုပါ အလင်းဝင်ရောက်လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်----

ကျွန်တော် DPLA ကို ရောက်ရှိလာရတဲ့ အဓိက အကြောင်းရင်းကတော့ သူတို့အဖွဲ့က နေပြီးတော့ တစ်အိမ်တစ်ယောက် မဖြစ်မနေ မဝင်မနေရဆိုပြီး အတင်းအဓမ္မ စုဆောင်းခံရလို့ ကျွန်တော်တို့ ရောက်ရှိလာရခြင်း ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲ မဝင်လို့ရှိရင် မိသားစုတွေကို သတ်ဖြတ်မယ်။ ကျွန်တော်တို့ ဆွေမျိုးတွေကို ဒုက္ခပေးမယ်ဆိုပြီး ခြိမ်းခြောက်လို့ ဝင်ရောက် လာရတာ ဖြစ်ပါတယ်ခင်ဗျ။ ပလောင် တွေအနေနဲ့ ကျွန်တော်တို့ လူမျိုးရေးခွဲခြား ဆက်ဆံခံရတာကိုလည်း ကြုံတွေ့ခဲ့ရတယ်ခင်ဗျ။ ဒီသင်တန်း အတွင်းမှာလည်း အစား အသောက်တွေ အနေအထိုင်တွေကိုလည်း ဆင်းဆင်းရဲရဲနဲ့ နေထိုင်စား သောက်ခဲ့ရတယ်။ ဒီသင်တန်းပြီးလို့ ရှေ့တန်းကိုပို့တဲ့အခါမှာလည်း ကျွန်တော်တို့ကို ရှေ့ကနေတိုက် ခိုင်းတယ်။ သူတို့က နောက်မှာပဲနေတယ်ဗျ။ ကျွန်တော်တို့က ဆုတ်ခွာလာခဲ့ရင်တောင် သူတို့က ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်ဗျ။ လက်နက်အားမမျှလို့ ဆုတ်တဲ့အခါမှာလည်း တကယ်တန်း ပစ်သတ်ခဲ့တာတွေကို ကျွန်တော်တို့ မျက်မြင်ကြုံတွေ့ခဲ့ရတယ်။ တပ်မတော်ကနေပြီးတော့ အင်အား အလုံးအရင်းနဲ့ ထိုးလာတဲ့အခါမှာ စိတ်ဓာတ်အရမ်းကျတယ်။ အဲ့တာကြောင့် ကိုယ့်အသက်ကို မသေ အောင်ဆိုပြီးတော့ ပုန်းအောင်းပြီးတော့လည်း နေတယ်။ နေရတာလည်း နေရခက်တယ်ဗျ။ အခုအချိန် မှာဆိုရင် လူအင်အား လက်နက်အားမမျှတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ လူကြီးတွေကို တပ်မတော် သားတွေကို အများကြီးသတ်ဖြတ်ခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ လိမ်ညာပြီး တင်ပြခဲ့တာလည်းရှိခဲ့တယ်ဗျ။ နောင်ချိုကျရင် ကျွန်တော်တို့ကို သတ်မယ်လို့ ခြိမ်းခြောက် ခဲ့တဲ့အတွက် ဒီတပ်မတော်ထဲကို ဝင်ရောက်ပြီးတော့ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်သားတွေကို သူတို့အဖွဲ့ထဲသို့  အလင်းဝင်မယ်ဆိုရင် ငွေကြေးတွေလည်း ထောက်ပံ့ ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ တစ်ကယ်တမ်းလက်တွေ့မှာကြတော့ လက်နက်တွေယူပြီးတော့ လူတွေကို ညှင်းပမ်း နှိပ်စက်တာတွေလည်းတွေ့ခဲ့တယ်ခင်ဗျ။ ကျွန်တော်တို့ မြန်မာ့တပ်မတော်ထဲ ကိုအလင်းဝင်လာ တဲ့အခါမှာ မညှင်းပမ်း မနှိပ်စက်ဘဲနဲ့ နွေးနွေးထွေးထွေးကြိုဆိုတဲ့အတွက် ဝမ်းသာမိ ပါတယ်ခင်ဗျ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ တိုက်ပွဲတွေတိုက်ခိုက်ခဲ့တဲ့အချိန်မှာ ပြည်သူတွေရဲ့ ပစ္စည်းတွေအများအပြားပျက်စီးဆုံးရှုံးခဲ့ရတာတွေရှိခဲ့တယ်။ စိုက်ပျိုးသီးနှံတွေပျက်စီးခဲ့တာတွေလည်း ရှိခဲ့တယ်။ အဲဒီအတွက်လည်း ပြည်သူလူထုကို ကျွန်တော်အနေနဲ့ဒီနေရာကဘဲ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ တောင်ခမ်းနဲ့နောင်ချိုကြားမှာရှိတဲ့ ပြည်သူတွေအိမ်မှာ ခေတ္တ ခဏဝင်နေတဲ့အချိန်မှာ သူတို့တွေက ပြည်သူပစ္စည်းတွေကို လုယက်တာတွေ၊ မတရားယူတာတွေကို တွေ့ခဲ့ရတယ်ခင်ဗျ။ ကျွန်တော်အနေနဲ့ ဒီအဖွဲ့ရဲ့လုပ်ရပ်တွေကို တဖြည်း ဖြည်းနဲ့ ရွံရှာစက်ဆုပ် မိတယ်ဗျ။ အဲဒါကြောင့် ဒီအဖွဲ့ကနေထွက်ပြီးတော့ မြန်မာ့ တပ်မတော် ထဲကိုအလင်းဝင်လာရခြင်း ဖြစ်တယ်ဗျ။ ကျွန်တော်တို့ရောက်လာတာနောက်ကျတဲ့ အတွက် နောင်တရမိပါတယ်ဗျ။