KIA အဖွဲ့နှင့် KPF အဖွဲ့မှ အဖွဲ့ဝင် ၁၀ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် နေပြည်တော်၊ ဇူလိုင် - ၁၈

Friday, July 18, 2025 - 17:45

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် ရန် ဖိတ်ခေါ်လျက်ရာ KIA  အဖွဲ့နှင့် KPF အဖွဲ့တို့မှ အဖွဲ့ဝင် ၁၀ ဦးသည် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို   ပြန်လည်ကြိုဆို၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့တွင် ပူတာအိုမြို့ရှိ ဗန္ဓုလခန်းမ၌ ပြုလုပ်ရာ ပူတာအို တပ်နယ်မှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘ/အုပ်ထိန်းသူများ၊ ရပ်မိရပ်ဖများ  တက်ရောက်ကြသည်။

            ဦးစွာ တာဝန်ရှိသူတစ်ဦးက တရားဉပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်း  ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပူတာအိုမြို့နယ် အတွင်းမှ KIA အဖွဲ့ဝင်အမျိုးသား ၆ ဦးနှင့် KPF အဖွဲ့ဝင် အမျိုးသား ၄ ဦး စုစုပေါင်း ၁၀ ဦးတို့အား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား ဝန်ခံကတိ လက်မှတ်ရေးထိုးစေပြီး မိဘ/အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံကြသည်။

            PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်များ နှင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက ၎င်းတို့၏ လုပ်ရပ်များ အပေါ် အမြင်မှန်များရရှိလာသဖြင့် တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူ များက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေး အပ်လျက်ရှိကြောင်း သတင်းရရှိသည်။