နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ်၊ ဂျောင်ဝိုင်းကျေးရွာရှိ ဂျောင်ဝိုင်းလွန်းကျင်း လုပ်ငန်းပြန်လည်ဆောင်ရွက် နေသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂျောင်ဝိုင်းလွန်းကျင်းသို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက ဂျောင်ဝိုင်းလွန်းကျင်းဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များနှင့် လွန်းကျင်းသမိုင်းအကျဉ်းတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွန်ကျင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လွန်းကျင်းလုပ်ငန်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေး၊ လွန်းကျင်းအား ခေတ်နှင့်လျော်ညီစွာ ပြန်လည်ပြုပြင်ခြင်း၊ စက်ကိရိယာများ ထပ်မံ ဖြည့်သွင်းခြင်းတို့ကိုဆောင်ရွက်၍ အကျိုးရှိအောင် ဆက်လက်ဆောင်ရွက်သွားနိုင်ရေး၊ သန့်ရှင်းသပ်ရပ်မှုနှင့် ထိန်းသိမ်းမှုများစနစ်တကျဖြစ်စေရေးတို့နှင့် ပတ်သက်၍ လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ဂျောင်ဝိုင်းလွန်းကျင်းကို ၁၉၈၁-၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ရေလုံလွန်းကျင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ရေယာဉ်အစီးရေ ၄၉ စီးကို လွန်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်ခဲ့ကြောင်း၊ ဂျောင်ဝိုင်းရေလုံ လွန်းကျင်းသည် သက်တမ်းကြာမြင့်ပြီဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုမရှိခြင်းကြောင့် လုပ်ငန်းရပ်နားချိန်ကြာမြင့်ပါက ပျက်စီးဆုံးရှုံးမှုများ ပိုမိုများလာနိုင်သဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။