တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် အကြမ်း ဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသ တစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် နောင်ချိုမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာစွာအားပေး ထောက်ခံကြိုဆို လျက်ရှိကြပြီး အချို့မှာ ယာယီနေရပ်စွန့်ခွာနေရာမှ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ် တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီ ထိန်းချုပ်ထားစဉ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာ စည်းစိမ်များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး ၎င်းတို့၏ လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဖက်ဖက်မှ နိမ့်ကျမှုများ၊ စစ်၏အနိဋ္ဌာရုံများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး တပ်မတော်က နောင်ချိုဒေသ တစ်ဝိုက်အား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သောကြောင့် ဒေသခံတိုင်း ရင်းသားပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယခုကဲ့သို့ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် နောင်ချိုမြို့နယ်နှင့် ပတ်ဝန်းကျင် တစ် ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ ၎င်းတို့၏ မြို့/ရွာ များရှိ နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွား ဘဝအတွက် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ် နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီ ထိန်းချုပ်ထားစဉ် ဖျက်ဆီးသွားခဲ့သည့် ရုံး/ဌာန အဆောက်အအုံများ၊ လူနေ အဆောက်အအုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ များအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် အကြမ်းဖက်သမားများ ရက်စက် ယုတ်မာစွာလုပ်ဆောင်ခဲ့သည့် မြေမြုပ်မိုင်း အန္တရာယ်မှ ကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သော လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ယနေ့တွင်လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း ဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့ ဝင် ၁၁၈ ဦးတို့သည် ဒေသခံပြည်သူလူထုအား လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားရန်နှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ် များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေး နိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေး လိုအပ်သည့် ကူညီထောက်ပံ့ ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့်အတူ မော်တော်ယာဉ်များဖြင့် နောင်ချို မြို့သို့ ရောက်ရှိလာကြောင်း သိရှိရသည်။ အဆိုပါ မော်တော်ယာဉ်များနှင့်အတူ တောင်ခမ်းဒေသနှင့် နောင်ချိုမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာနှင့် အသုံး အဆောင်ပစ္စည်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ တစ်ပါတည်းပါရှိကြောင်း သိရှိရသည်။
ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း ၎င်းတို့၏ အိမ်ပြန်ချိန်ကို အစဉ် စောင့်မျှော်နေခဲ့ရကြောင်း၊ စစ်၏ဆိုးကျိုးများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရသဖြင့် ငြိမ်းချမ်းမှုကိုသာ လိုလားကြောင်း၊ မိမိတို့၏ သားသမီး များကိုလည်း အခြား ငြိမ်းချမ်းသော အရပ်ဒေသများမှ ကလေးများကဲ့သို့ပင် အေးချမ်းစွာ ပညာသင်ယူစေချင်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် အဖက်ဖက်က ပျက်စီးဆုံးရှုံးခဲ့ရသည့် နောင်ချိုမြို့အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပါက တပ်မတော်နှင့်အတူ ဝိုင်းဝန်းကူညီဆောင်ရွက်ကြ မည်ဖြစ်ကြောင်း၊ နောင်ချိုမြို့သူ မြို့သားများ ကဲ့သို့ပင် အကြမ်းဖက်သောင်း ကျန်းသူများ ယာယီထိန်းချုပ်ထားသည့် အခြားမြို့များကို လည်း တပ်မတော်က ပြန်လည်ထိန်းချုပ်ရယူစေလိုသည့် ဆန္ဒများမှာ အခြားပြည်သူများထံတွင် လည်းရှိ နေကြောင်း၊ ထို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထား သည့် အခြားဒေသများကိုလည်း တပ်မတော်က ပြန်လည်ရယူ၍ ဒေသခံပြည်သူ များ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝ များအား ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုကြောင်း ဝမ်းပန်းတသာ ရင်ဖွင့်ပြောကြားခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် အကြမ်းဖက်အဖွဲ့များ၏ ပြည်သူလူထုအပေါ် အကြောင်းမဲ့ ခြိမ်း ခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်အနိုင်ကျင့်မှု၊ ဆက်ကြေး ကောက်ခံမှု၊ အေးချမ်းသာယာနေသည့် မြို့ရွာများကို ဖျက်ဆီးမှု စသည့်အကြမ်း ဖက်လုပ်ရပ်များကို လက်မခံနိုင်တော့သည့် ဒေသခံပြည်သူများသည် တပ်မတော် အပေါ် ယုံကြည်အားကိုးမှုများ၊ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ ပြုလုပ်လာကြပြီး တပ်မတော်အနေဖြင့်လည်း ပြည်သူများအေးချမ်းစွာနေထိုင် နိုင်ရန်အတွက် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းစဉ်များအား ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။